သတင်း

စစ်တပ်ကို တော်လှန်နေပြီဟု ကလလတ တရားဝင်ထုတ်ပြန်

မကြာသေးမီက ဘက်ပြောင်းလိုက်သည့် နယ်ခြားစောင့်တပ်ရင်း ၂ ရင်း အပါအဝင် စုစုပေါင်း တပ်ရင်း ၅ ရင်းရှိသည့် ကရင်နီပြည်လူမျိုးပေါင်းစုံပြည်သူ့လွတ်မြောက်ရေးတပ်ဦး (KNPLF – ကလလတ) က စစ်ကောင်စီတပ်ကို ပြန်လည်တိုက်ခိုက်နေပြီဖြစ်ကြောင်း ယနေ့ (ဇူလိုင် ၁) တွင် တရားဝင် ကြေညာလိုက်သည်။

ကလလတ အခြေပြုလှုပ်ရှားနေသည့် ကရင်နီ(ကယား)ပြည်နယ် မယ်စဲ့မြို့နယ်ရှိ စစ်ကောင်စီစခန်းများကို စတင်ပစ်ခတ်လိုက်သည့် သေနတ်သံများဖြင့် ကလလတ၏ သမိုင်းစာမျက်နှာသစ်ကို ဖွင့်လှစ်ခဲ့ကြောင်း အဖွဲ့၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

တိုက်ပွဲဝင်နေသည့် ဒေသခံတော်လှန်ရေးအဖွဲ့များနှင့် ပူးပေါင်းခြင်းဖြစ်သည်ဟု ကလလတ၏ တွဲဖက်အတွင်းရေးမှူး ရဲဘော်လောရင်းစိုးက ပြောသည်။

“ကျွန်တော်တို့ ပြင်ဆင်မှုရှိရှိနဲ့ ရန်သူကို ပူးပေါင်းပြီးတော့မှ တညီတညွတ်တည်း တိုက်မှ ရမယ်ဆိုတဲ့ အတွေးအခေါ်မျိုး လုပ်ရပ်မျိုးပေါ့နော်။ တစ်စုံတစ်ရာ ကျွန်တော်တို့ တည်ဆောက်ပြီးတော့ ပြင်ဆင်မှု လုံလောက်တဲ့အချိန်ရောက်တော့ ထွက်တိုက်ပါတယ်” ဟု  ရဲဘော်လောရင်းစိုးက ပြောသည်။

ဇွန်လ ၁၃ ရက်နေ့က စတင်၍ သံလွင်မြစ်အရှေ့ဘက်ခြမ်း မယ်စဲ့မြို့နယ်ရှိ စစ်ကောင်စီ၏ စခန်းကုန်းများနှင့် မယ်စဲ့မြို့မရဲစခန်းတို့ကို တိုက်ခိုက်သိမ်းယူသည့် တိုက်ပွဲများတွင် ပါဝင်ခဲ့ပြီး ယနေ့တွင်မှ ကလလတအဖွဲ့က အတိအလင်း ထုတ်ပြန် ကြေညာလိုက်ခြင်းဖြစ်သည်။

၂၀၂၁ ဒီဇင်ဘာလကုန်ပိုင်းတွင် စစ်တပ်က ဖရူဆိုမြို့နယ်၊ မူဆိုကျေးရွာအနီး ဒေသခံ ၄၀ ခန့်ကို ဖမ်းဆီးထားရာ ထိုသူများ လွတ်မြောက်ရေးအတွက် သွားရောက်ညှိနှိုင်းသည့် ကယားနယ်ခြားစောင့်တပ်သား ၄ ဦး ကြိုးတုပ်သတ်ဖြတ်ခံရသည်။

ဖမ်းဆီးခံထားရသူများ၊ သွားရောက်ညှိနှိုင်းသူများ အားလုံး အသတ်ခံရသည့် ထိုဖြစ်ရပ်နှင့် ပတ်သက်ပြီး ပြင်းပြင်းထန်ထန် ကန့်ကွက်ကြောင်း ကလလတအဖွဲ့က နောက်တစ်နေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်။

စစ်ကောင်စီကမူ မော်တော်ယာဉ်များ ရပ်တန့်ရန် ငြင်းဆိုရာမှ တိုက်ပွဲဖြစ်ပြီး သေဆုံးကြခြင်း ဖြစ်သည်ဟု ရှင်းချက်ထုတ်ခဲ့သည်။

၂၀၂၁ ဒီဇင်ဘာ ၂၄ ရက်နေ့ ဖရူဆိုမြို့နယ်၊ မူဆိုကျေးရွာအနီး အစုလိုက်အပြုံလိုက် သတ်ဖြတ် မီးရှို့မှု ဖြစ်ပေါ်ခဲ့သည့် နေရာကို နောက်တစ်နေ့တွင် တွေ့ရစဉ်။

ကလလတအဖွဲ့သည် ၁၉၇၈ တွင် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) မှ ခွဲထွက်ခဲ့သည့်အဖွဲ့ဖြစ်သည်။ ၁၉၉၄ တွင် စစ်တပ်နှင့် အပစ်ရပ်ခဲ့ပြီး ၂၀၀၂ ခုနှစ်တွင် ၎င်း၏ တပ်ရင်းနှစ်ခုကို စစ်တပ်လက်အောက်ခံ နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းခဲ့သည်။

တရုတ်နယ်စပ်၊ ထိုင်းနယ်စပ်တို့တွင် နယ်ခြားစောင့်တပ်ရင်း ၂ဝ ခန့် ရှိရာ ကယားပြည်နယ်မှ တပ်ရင်းများက ပထမဆုံးအကြိမ် ပုန်ကန်၊ ဘက်ပြောင်းခဲ့ခြင်း ဖြစ်သည်။

မယ်စဲ့မြို့နယ် ပန်တိန်းမြို့ အခြေစိုက် တပ်ရင်းအမှတ် ၁၀၀၄၊ ဘောလခဲမြို့နယ် ရွာသစ်မြို့ အခြေစိုက် တပ်ရင်းအမှတ် ၁၀၀၅ တို့တွင် စုစုပေါင်း အင်အား ၆၀၀ ခန့်ရှိသည်။ မယ်စဲ့မြို့သိမ်းတိုက်ပွဲများတွင် ထိုတပ်ရင်းနှစ်ခုစလုံး ပါဝင်တိုက်ခိုက်ခဲ့ကြသည်။

စစ်အာဏာသိမ်းသည့်နေ့ကစပြီး ဒေသတွင်း တော်လှန်ရေးအင်အားစုများနှင့် ပူးပေါင်းမှုရှိခဲ့ကြောင်း ရဲဘော်လောရင်းစိုးက ပြောသည်။

“ကျွန်တော်တို့က ပြည်သူတစ်ရပ်လုံးရဲ့ တောင်းဆိုမှုအတိုင်းပဲ ကျွန်တော်တို့အဖွဲ့အစည်းရဲ့ ရည်မှန်းချက်ပန်းတိုင်က စစ်အာဏာရှင်၊ စစ်အုပ်စု၊ စစ်အာဏာရှင်ရဲ့ ယန္တရားဒေါက်တိုင်မှန်သမျှ အမြစ်ပြတ်ချေမှုန်းရေး၊ ပြည်သူ့လွတ်မြောက်ရေးဖြစ်တယ်” ဟု ၎င်းက ဆက်ပြောသည်။

ကလလတအဖွဲ့က ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH)၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တို့နှင့်လည်း လက်တွဲသွားမည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မယ်စဲ့တိုက်ပွဲများတွင် 4K တပ်ပေါင်းစုဟု ခေါ်သည့် ကလလတ (KNPLF)၊ ကရင်နီတပ်မတော် (KA)၊ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) နှင့် ကရင်အမျိုးသားအစည်းအရုံး/ ကရင်လွတ်မြောက်ရေးတပ်မတော် (KNU/KNLA) တို့အပြင် NUG လက်အောက်ရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တပ်ဖွဲ့များ၊ Karenni Revolution Union (KRU) တို့လည်း ပါဝင်တိုက်ခိုက်နေကြောင်း သိရသည်။

လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button