စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်မှ မြေတိုင်းစာရေးတစ်ဦး တော်လှန်ရေးအဖွဲ့များထိန်းချုပ်နယ်မြေတွင် ဖမ်းဆီးခံရခြင်းမှာ ကာယကံရှင်တွင်သာ တာဝန်ရှိသည်ဟု စစ်ကောင်စီ၏ စိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးက မှတ်ချက်ပြုကြောင်း ပြင်ပသို့ ပေါက်ကြားလာသည့် ဌာနတွင်း ညွှန်ကြားစာတွင် ဖော်ပြထားသည်။
ဇွန်လ ၂ ရက်နေ့ သောကြာနေ့ ရုံးဆင်းချိန်တွင် မြေတိုင်းစာရေး ဦးကျော်မျိုးထွေးသည် ချပ်သင်းရွာသို့ အသွား အဖမ်းခံခဲ့ရကြောင်း ဇနီးဖြစ်သူက သတင်းပို့ခဲ့သည်ဟု ဇွန် ၁၉ ရက်စွဲတပ် ညွှန်ကြားစာတွင် ဖော်ပြထားသည်။
ထိုဝန်ထမ်းသည် မြို့ပေါ်တွင် မနေဘဲ ချပ်သင်းသို့ သွားခြင်းကြောင့် ဖမ်းဆီးခံရခြင်း ဖြစ်ကြောင်း ဝန်ကြီးဦးမင်းနောင်က မှတ်ချက်ပေးသည်ဟု စာတွင် တွေ့ရသည်။
“ကိုယ်ချင်းစာမိပါသည် … သတိဖြင့် မနေဘဲ သောကြာနေ့ မိန်းမထံ ပြန်၍ ကာယကံရှင်တာဝန်သာဖြစ်” သည်ဟု ဝန်ကြီးက မှတ်ချက်ပြုထားသည်။
စိုက်ပျိုးရေးဌာန ညွှန်ကြားစာတွင် တစ်နိုင်ငံလုံးရှိ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန လက်အောက်ရှိ ဝန်ထမ်းများ ရုံးပြင်ပတွင် ဝန်ထမ်းအဝတ်အစားများ မဝတ်ရန်၊ သတ်မှတ်ထားသော ဝန်ထမ်းအိမ်ရာများတွင်သာ နေရန် ဖော်ပြထားပြီး ရုံးဆင်းရုံးတက်ချိန်တို့တွင် တာဝန်မှအပ အပြင်မထွက်ရဟု ညွှန်ကြားထားသည်။
စစ်ကောင်စီဝန်ကြီး၏ တုံ့ပြန်ချက်မှာ တာဝန်ယူမှုကင်းမဲ့နေကြောင်း၊ လုံခြုံမှုမပေးနိုင်တော့သည့် အဖွဲ့အစည်းကို ဝန်ထမ်းများ အမြန်ဆုံးစွန့်ခွာရန် တိုက်တွန်းလိုကြောင်း ကန့်ဘလူမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) အဖွဲ့ဝင်တစ်ဦးက ပြောသည်။
“သူတို့ဘက်မှာ တာဝန်ထမ်းဆောင်နေတဲ့ ဝန်ထမ်းတစ်ယောက်ကို ဒီလိုမျိုး လက်လွတ်စပယ်ပြောတာက တာဝန်ကင်းမဲ့တာပေါ့ဗျာ။ ဒီလိုမျိုးအခြေအနေမှာ ဝန်ထမ်းတွေအနေနဲ့ ဒါကို စဉ်းစားသင့်တယ်။ စကစ ကိုယ်၌က မလုံခြုံတော့ ဝန်ထမ်းတွေကို ကာကွယ်မပေးနိုင်တော့ဘူး၊ ဒါ့ကြောင့် တာဝန်ယူမှုမဲ့တဲ့စကား ထွက်လာတာပေါ့ဗျာ” ဟု သူက ဆိုသည်။
စစ်ကောင်စီတပ်များ တပ်စွဲထားသည့် မြို့ပေါ်နှင့် တိုက်နယ်အဆင့် ကျေးရွာများမှလွဲပြီး တစ်မြို့နယ်လုံးကို ပြည်သူ့ကာကွယ်ရေးတပ်များ စိုးမိုးထားသည်၊ စစ်ကောင်စီလက်အောက်တွင် ဆက်လက် တာဝန်ထမ်းပါက မြို့ပေါ်တွင် အကျယ်ချုပ်ကျနေမည်၊ မြို့မှ ထွက်သည်နှင့် ရန်သူ့နယ်မြေသို့ ချက်ချင်းရောက်ရှိနေမည်ဟုလည်း အထက်ပါ ပအဖအဖွဲ့ဝင်က ပြောသည်။
ချပ်သင်းတိုက်နယ်ကျေးရွာတွင် ရဲစခန်းလည်း ရှိသည့်အပြင် စစ်ကောင်စီတပ်ပါ တပ်စွဲထားသော်လည်း ထိုဖမ်းဆီးမှု ပေါ်ပေါက်လာခြင်း ဖြစ်သည်။
မြေတိုင်းစာရေး ဦးကျော်မျိုးထွေးကို ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဖမ်းဆီးထားသည်ဟု ချပ်သင်းတိုက်နယ် ပအဖတာဝန်ခံက အတည်ပြုသည်။
“ကာကွယ်ရေးတပ်တွေကပဲ ထိန်းသိမ်းထားတယ်။ စစ်ဆေးပြီးတာနဲ့ အပြစ်မရှိဘူးဆို ကျွန်တော်တို့က လွှတ်ပေးမှာပါ” ဟု သူက ဆိုသည်။
ဖမ်းဆီးရသည့် အကြောင်းရင်းနှင့် မည်သို့ ထိန်းသိမ်းထားကြောင်းကိုမူ ထုတ်ပြောခြင်းမရှိပေ။
စစ်ကောင်စီလက်အောက်တွင် တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းအားလုံး CDM ခေါ် အာဏာဖီဆန်ရေးလှုပ်ရှားမှုတွင် ပါဝင်ကြရန် ကန့်ဘလူမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ၂၀၂၂ ခုနှစ် စက်တင်ဘာ ၂၄ ရက်နေ့တွင် ထုတ်ပြန်ထားသည်။
“CDM သတ်မှတ်ရက်ကျော်တဲ့သူတွေကတော့ အလင်းဝင်တဲ့ပုံစံမျိုး လုပ်လို့ရသေးတယ်” ဟု ချပ်သင်းတိုက်နယ်ပအဖ တာဝန်ခံက ပြောသည်။
“ကျွန်တော်တို့ဘက် လာရင် ကောင်းကောင်းမွန်မွန်ထားတယ်။ ဘာတာဝန်ယူမှု တာဝန်ခံမှုမှ မရှိတဲ့အောက်မှာ တာဝန်ထမ်းဆောင်နေတဲ့ ဝန်ထမ်းတွေကို ဒါတွေကို စဉ်းစားစေချင်တယ်”
စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီလက်အောက်တွင် တာဝန်မထမ်းလိုသည့် ဌာနဆိုင်ရာအသီးသီးမှ ဝန်ထမ်းအများအပြား CDM တွင် ပါဝင်ခဲ့ကြသည်။
ထိုဝန်ထမ်းများ ပြန်လည်တာဝန်ထမ်းဆောင်ကြရန် စစ်ကောင်စီက ယင်းထိန်းချုပ်ထားသည့် သတင်းစာများမှတစ်ဆင့် အကြိမ်ကြိမ် ဖိတ်ခေါ်လျက်ရှိသည်။
အာဏာသိမ်းပြီး နှစ်နှစ်ကြာချိန်အထိ CDM များကြောင့် အုပ်ချုပ်ရေးယန္တရားလည်ပတ်မှု ထိခိုက်ခဲ့ရကာ ကျန်းမာရေးကဏ္ဍဆိုလျှင် ဆရာဝန်နှင့် ကျွမ်းကျင်ဝန်ထမ်း ထက်ဝက်ခန့် CDM လုပ်သွားသည်ဟု စစ်ခေါင်းဆောင်က ပြောဆိုထားသည်။
ဝန်ထမ်းအများအပြားမှာ စစ်ကောင်စီတပ် ဖမ်းဆီးမည်ကို စိုးရိမ်နေရခြင်း၊ ဝင်ငွေမရှိခြင်း စသည့် အခက်အခဲများကို ရင်ဆိုင်ပြီး လုပ်ငန်းခွင်ကို ဆက်လက် ကျောခိုင်းလျက်ရှိသည်။ နိုင်ငံအနှံ့ အကျဉ်းထောင်များတွင်လည်း CDM များ ရှိနေသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)