သတင်း

သပိတ်မှောက်မှုကြားမှ မြန်မာနှင့် ရုရှားဦးဆောင် ADMM-Plus ဆွေးနွေးပွဲ ဆက်လုပ်မည်

ဆန့်ကျင်မှုများရှိနေသော်လည်း မြန်မာနှင့် ရုရှားကာကွယ်ရေးဝန်ကြီးဌာနတို့ အာဆီယံနိုင်ငံများနှင့် ပူးပေါင်း၍ အကြမ်းဖက်မှု တန်ပြန်တိုက်ဖျက်ရေး ဆွေးနွေးပွဲနှင့် စစ်ရေးလေ့ကျင့်ခန်းကို ယခုနှစ်အတွင်း ဆက်လက်လုပ်ဆောင်သွားမည်ဟု သိရသည်။

အိန္ဒိယနှင့် တရုတ်အပါအဝင် အာဆီယံနိုင်ငံများမှ ကာကွယ်ရေးဝန်ကြီးဌာနကိုယ်စားလှယ်များသည် ယခုလဆန်းပိုင်းက ရုရှားနိုင်ငံ Khabarovsk မြို့၌ တွေ့ဆုံကာ ဆွေးနွေးပွဲအတွက် အပြီးသတ်အစီအစဉ်များ တိုင်ပင်ခဲ့ကြသည်။ မြန်မာနှင့် ရုရှားတို့သည် အာဆီယံနှင့် မိတ်ဖက်နိုင်ငံများ၏ အကြမ်းဖက်မှု တန်ပြန်တိုက်ဖျက်ရေး ကျွမ်းကျင်သူများအဖွဲ့ ဆွေးနွေးပွဲများအတွက် ၂၀၂၁ ကတည်းက ပူးတွဲသဘာပတိအဖြစ် ဆောင်ရွက်နေခြင်းဖြစ်သည်။

ရုရှားကာကွယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ ကြိုတင်ညှိနှိုင်းပွဲ တက်ရောက်လာသူများက စက်တင်ဘာလတွင် ရုရှား၌ ကျင်းပမည့် လက်တွေ့လေ့ကျင့်ခန်းပြုလုပ်မည့် စစ်သည်အင်အား၊ နိုင်ငံတစ်ခုချင်းစီက စေလွှတ်မည့် ကျွမ်းကျင်မှုနှင့် စစ်သည်အရေအတွက်တို့ကို ဆွေးနွေးခဲ့ကြသည်။

ရုရှားနိုင်ငံအရှေ့ဘက်အစွန်ဆုံးရှိ အရှေ့ပိုင်းခရိုင်စစ်ဌာနချုပ်တည်ရှိရာ Khabarovsk မြို့သည် စက်တင်ဘာလအတွင်း လက်တွေ့လေ့ကျင့်ခန်းပြုလုပ်မည့် နေရာဖြစ်လာနိုင်သည်။ ၂၀၂၂ ခုနှစ်ကတည်းက ယူကရိန်းနိုင်ငံကို ကျူးကျော်စစ်ဆင်နွှဲနေသည့် ရုရှားမှာ မြန်မာစစ်တပ်အတွက် အဓိက စစ်လက်နက်ပစ္စည်းထောက်ပံ့သူအဖြစ် ဆက်ရှိနေသည်။

ရုရှားတွင် ပြုလုပ်မည့် မြေပြင်စစ်ရေးလေ့ကျင့်ခန်းတွင် အကြမ်းဖက်တိုက်ခိုက်မှုအပေါ် စစ်သည်များ ချထားကာ တန်ပြန်တိုက်ခိုက်သည့်ဟန် လေ့ကျင့်မည်ဖြစ်ပြီး ထိုလေ့ကျင့်ခန်းနှင့် ဆိုင်သော ဆွေးနွေးပွဲတစ်ခုကိုလည်း စစ်ကောင်စီက ဩဂုတ်လအတွင်း မြန်မာနိုင်ငံ၌ လက်ခံကျင်းပရန်ရှိနေသည်။

အဆိုပါ လေ့ကျင့်ခန်းနှစ်ခုလုံးမှာ လက်နက်ကိုင်တိုက်ခိုက်မှုကို တုံ့ပြန်ရာ၌ မတူညီသော စစ်တပ်များအကြား အချိတ်အဆက်မိမိ ဆောင်ရွက်နိုင်မှု တိုးတက်လာစေရေးဖြစ်သည်။

ဩဂုတ်နှင့် စက်တင်ဘာလတို့တွင် ပြုလုပ်မည့် ထို့စစ်ရေးလေ့ကျင့်ခန်းများက စစ်ကောင်စီတပ်ဖွဲ့ဝင်များကို တိုက်ပွဲဝင် အတွေ့အကြုံ ရရှိစေမည်ဖြစ်သည်။ မြန်မာနိုင်ငံ၌ လူ့အခွင့်အရေးချိုးဖောက်မှုများ အကြီးအကျယ်ကျူးလွန်နေသည့် မြန်မာစစ်တပ်က ထပ်မံအသုံးချနိုင်မည့် စစ်ရေးနည်းလမ်းများပင်ဖြစ်သည်။

စစ်ကောင်စီက ပူးတွဲသဘာပတိနေရာကို အသုံးချခြင်းဖြစ်

အာဏာသိမ်းပြီးနောက် လက်နက်ကိုင်ခုခံတော်လှန်မှုများကို ဦးဆောင်ရန် ပြည်သူလူထုက လုပ်ပိုင်ခွင့်ပေးထားသည့် အမျိုးသားညီညွတ်‌‌ရေးအစိုးရ (NUG)၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တို့ကို စစ်ကောင်စီက အကြမ်းဖက်အဖွဲ့အစည်းများအဖြစ် ကြေညာထားသည်။

စစ်အာဏာသိမ်းပြီး ၂၀၂၁ ခုနှစ် ဧပြီလအတွင်းက ထွက်ပေါ်ခဲ့သည့် အချက်ငါးချက်ပါ အာဆီယံဘုံသဘောတူညီချက်ကို ချိုးဖောက်လျက် စစ်ကောင်စီပါဝင်မည့် ထိုစစ်ရေးလေ့ကျင့်ခန်းများကို ဆက်လက်လုပ်ဆောင်မည်ဖြစ်သည်။

အာဆီယံအဖွဲ့ကြီးက အကြမ်းဖက်မှုများ ချက်ချင်းအဆုံးသတ်ကာ သက်ဆိုင်သူအားလုံး တွေ့ဆုံဆွေးနွေးရန် တိုက်တွန်းနေသော်လည်း စစ်ကောင်စီက မူလသဘောတူညီချက်ကို မထီမဲ့မြင်ပြုနေခြင်းလည်း ဖြစ်သည်။​

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုကို ချေဖျက်ရန် စစ်ကောင်စီက ပူးတွဲသဘာပတိလုပ်ပိုင်ခွင့်ကို အသုံးချနေခြင်းဖြစ်ကာ နိုင်ငံရေးအရဆန့်ကျင်သူများကို အကြမ်းဖက်နှိမ်နင်းရာ၌ ဒေသတွင်းနိုင်ငံများ၏ ထောက်ခံမှုရရှိစေရေး ကြိုးပမ်းမှုလည်းဖြစ်သည်။

ဩစတြေးလျနိုင်ငံကာကွယ်‌ရေးဌာနထံမှ Justice For Myanmar အဖွဲ့ ရရှိထားသည့် မှတ်တမ်းများအရ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလအတွင်းက အစည်းအဝေးတစ်ခု၌ စစ်ကောင်စီက “မြန်မာနိုင်ငံအတွင်း လတ်တလောဖြစ်ပွားခဲ့သော အကြမ်းဖက်မှုများ” ခေါင်းစဉ်ဖြင့် တင်ပြခဲ့သည်။

အကြမ်းဖက်မှု တန်ပြန်တိုက်ဖျက်ရေး အာဆီယံနှင့် မိတ်ဖက်နိုင်ငံများ၏ ကျွန်းကျင်သူများအဖွဲ့ ဝက်ဆိုက်စာမျက်နှာကိုလည်း စစ်ကောင်စီက ထိန်းချုပ်ခွင့်ရရှိထားပြီး PDF နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကို ဆန့်ကျင်ရေး ဝါဒဖြန့်စာများကို “အကြမ်းဖက်မှုသတင်း” ခေါင်းစဉ်အောက်၌ ရေးသား ဖော်ပြလျက်ရှိသည်။

အာဏာသိမ်းမှုဖြစ်စဉ်ကြောင့် နိုင်ငံတကာအသိုင်းအဝိုင်းမှ ဝိုင်းဝန်းဖယ်ကြဉ်ခံထားရသည့် စစ်ကောင်စီက ရုရှားနှင့် အထူးပူးပေါင်းဆောင်ရွက်နေပြီး စစ်တပ်တာဝန်ရှိသူများ ရုရှားသို့ အဆက်မပြတ် သွားရောက်လျက်ရှိသည်။

လွန်ခဲ့သည့် မေလကုန်ပိုင်းကလည်း စစ်ကောင်စီ လုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ်ဖြစ်သူ ဒုတိယဗိုလ်ချုပ်ကြီးဦးဆောင်သောအဖွဲ့ ရုရှားသို့ သွားရောက်ခဲ့ပြီး မော်စကို၌ ကျင်းပသည့် လုံခြုံရေးဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများအစည်းအဝေး တက်ရောက်ခဲ့သည်။

အစိုးရအဖွဲ့ရုံးဝန်ကြီးနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌလည်းဖြစ်သူ ဒုဗိုလ်ချုပ်ကြီးရာပြည့်နှင့်အတူ ပြည်ထဲရေးဒုဝန်ကြီးနှင့် ရဲချုပ်ဖြစ်သူ ဗိုလ်ချုပ်ဇင်မင်းထက်တို့လည်း လိုက်ပါသွားခဲ့သည်။​

မေလနှောင်းပိုင်းက ဗိုလ်ချုပ်ကြီးရာပြည့် ဦးဆောင်သော စစ်ကောင်စီကိုယ်စားလှယ်အဖွဲ့ ရုရှားသို့ သွားရောက်ခဲ့စဉ်။

အနောက်နိုင်ငံများက ဆန့်ကျင်သပိတ်မှောက်

မြန်မာစစ်တပ်နှင့် ရုရှားဦးဆောင်သော အကြမ်းဖက်မှု တန်ပြန်တိုက်ဖျက်ရေး ဆွေးနွေးပွဲများတွင် တရုတ်၊ အိန္ဒိယနှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများ အပြည့်အဝ ပူးပေါင်းပါဝင်နေသော်လည်း ဩစတြေးလျ၊ နယူးဇီလန်၊ တောင်ကိုရီးယားနှင့် အမေရိကန်တို့က ပြီးခဲ့သည့်နှစ်ကတည်းက ဆန့်ကျင် သပိတ်မှောက်ထားသည်။

အင်ဒိုနီးရှားနိုင်ငံ၊ ဂျာကာတာမြို့ရှိ အာဆီယံအတွင်းရေးမှူးချုပ်ရုံး အပါအဝင် ရုရှားနှင့် မြန်မာ ဦးဆောင်မည့် ဆွေးနွေးပွဲတွင် ပါဝင်မည့် ကာကွယ်ရေးဝန်ကြီးဌာနများထံ Myanmar Now က ဆက်သွယ်မေးမြန်းရာ၌ အမေရိကန်နှင့် ဩစတြေးလျ ကာကွယ်ရေးဌာနများမှ တာဝန်ရှိသူများက ထိုဆွေးနွေးပွဲများတွင် ပါဝင်မည်မဟုတ်ကြောင်း အတည်ပြုသည်။​

“ရုရှားနဲ့ မြန်မာစစ်တပ်ဟာ သူတို့ရဲ့ အကြမ်းဖက်မှုလုပ်ရပ်တွေနဲ့ တရားဥပဒေစိုးမိုးမှုကို မျက်ကွယ်ပြုနေတာတွေ ချေဖျက်ဖို့နဲ့ သူတို့လုပ်ရပ်တွေကို ထောက်ခံအားပေးဖို့ ပူးတွဲသဘာပတိလုပ်ပိုင်ခွင့်ကို ဆက်တိုက် အသုံးချနေတာပါ” ဟု အမေရိကန်ကာကွယ်ရေးဌာန၊ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး Martin Meiners က ပြောသည်။

“အမေရိကန်အနေနဲ့ နိုင်ငံပေါင်းစုံ အကျိုးတူဆောင်ရွက်ခြင်းသာမက အာဆီယံဗဟိုပြုမှုကနေ လွတ်လပ်ပွင့်လင်းတဲ့ အင်ဒို-ပစိဖိတ်ဒေသအဖြစ်ကို ဦးတည်ပြီး ထဲထဲဝင်ဝင် ပါဝင်ဆောင်ရွက်နေတာဖြစ်ပါတယ်။ ရုရှားနဲ့ မြန်မာစစ်တပ်ရဲ့ လုပ်ရပ်တွေကတော့ ပူးတွဲသဘာပတိ တာဝန်ဝတ္တရားတွေကို လျစ်လျူရှုပြီး အာဆီယံစံနှုန်းတွေကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေတာဖြစ်ပါတယ်” ဟု ၎င်းက ဆိုသည်။​

မလေးရှားကာကွယ်ရေးဝန်ကြီးဌာန၊ ပြောရေးဆိုခွင့်ရှိသူကမူ မှတ်ချက်ပေးရန် ငြင်းဆန်ပြီး နယူးဇီလန်ကာကွယ်ရေးဌာနကလည်း အကြောင်းပြန်ခြင်း မရှိပေ။ ထို့ပြင် ကျန်ကာကွယ်ရေးဝန်ကြီးဌာနများကလည်း တစ်စုံတစ်ရာ တုံ့ပြန်ခြင်း မရှိကြပေ။

အာဆီယံနှင့် မိတ်ဖက်နိုင်ငံများ၏ ကာကွယ်ရေးဝန်ကြီးများ ဆွေးနွေးပွဲ (ADMM) တစ်ခုလုံး၏ သဘာပတိမှာ အင်ဒိုနီးရှားကာကွယ်ရေးဝန်ကြီး Prabowo Subianto ဖြစ်ပြီး အင်ဒိုနီးရှားဦးဆောင်မှုအောက်တွင် စစ်ကောင်စီက ကာကွယ်ရေးနှင့် ဆိုင်သော ဆွေးနွေးပွဲများကို ပါဝင်တက်ရောက်ခဲ့သည်။

စစ်ကောင်စီ၏ အင်ဒိုနီးရှားနိုင်ငံဆိုင်ရာ စစ်သံမှူးဖြစ်သူ ဗိုလ်မှူးချုပ်ဇော်စိုးသည် ယခုလဆန်းပိုင်းက ဘာလီကျွန်း၌ ပြုလုပ်ခဲ့သော အကြိမ် ၂၀ မြောက် အာဆီယံကာကွယ်ရေးဦးစီးချုပ်များ တွေ့ဆုံပွဲကို တက်ရောက်ခဲ့သည်။​

ထို့ပြင် မေလအတွင်းက ပြုလုပ်သော အာဆီယံရေတပ်ဦးစီးချုပ်များ အစည်းအဝေးတွင် စစ်ကောင်စီ ပါဝင်ခဲ့သည်။ စစ်ကောင်စီသည် အာဆီယံလေတပ်ဦးစီးချုပ်များ အစည်းအဝေး၏ လက်ရှိဥက္ကဋ္ဌလည်းဖြစ်ကာ ယခုနှစ် နှောင်းပိုင်း၌ မြန်မာနိုင်ငံ၌ ပြုလုပ်မည့် လေတပ်အကြီးအကဲများ ဆွေးနွေးပွဲကို လက်ခံကျင်းပရန် ရှိနေသည်။​

လွန်ခဲ့သည့် မတ်လအတွင်း ဩစတြေးလျနှင့် ဘရူနိုင်းနိုင်ငံတို့ ဦးဆောင်သည့် စစ်ဘက်ဆိုင်ရာ ဆေးကုသရေးနှင့် ဆိုင်သော ဆွေးနွေးပွဲသို့ မြန်မာစစ်တပ်ကိုယ်စားလှယ်များ တက်ရောက်ခဲ့ပြီး ထိုဆွေးနွေးပွဲအနေဖြင့် ယခုနှစ်အတွင်း ကွင်းဆင်းလေ့ကျင်မှုများ ပြုလုပ်ရန်လည်း ရှိနေသည်။

ဖေဖော်ဝါရီလအတွင်းကလည်း ထိုင်းနှင့် အမေရိကန်တို့ ဦးဆောင်သည့် ရေကြောင်းလုံခြုံရေးဆိုင်ရာ ဆွေးနွေးပွဲကို စစ်ကောင်စီကိုယ်စားလှယ်များလည်း တက်ရောက်ခွင့်ရခဲ့သည်။

ယခုလဆန်းပိုင်းက ရုရှားနိုင်ငံ၌ အာဆီယံနှင့် မိတ်ဖက်နိုင်ငံများမှ ကာကွယ်ရေးဝန်ကြီးဌာန အဆင့်မြင့်အရာရှိများ အကြိုတွေ့ဆုံဆွေးနွေးခဲ့စဉ်။ (ဓာတ်ပုံ​- ရုရှားကာကွယ်ရေးဝန်ကြီးဌာန)

အာဆီယံနှင့် မိတ်ဖက်နိုင်ငံများ၏ အကြမ်းဖက်မှုတန်ပြန်တိုက်ဖျက်ရေး ကျွမ်းကျင်သူများအဖွဲ့ ဆွေးနွေးပွဲမှာ ပုံမှန်အားဖြင့် သုံးနှစ်အတွင်း ထိပ်တိုက်ဆွေးနွေးပွဲနှင့် လက်တွေ့မြေပြင်လေ့ကျင့်ခန်းများ ပြုလုပ်ခဲ့သော်လည်း ရေကြောင်းနှင့် ပတ်သက်၍ လက်တွေ့လုပ်ဆောင်မှုမရှိဟု အမေရိကန်ကာကွယ်ရေးဌာန ပြောရေးဆိုခွင့်ရှိသူ Martin Meiners က ဆိုသည်။​

ထိုအစီအစဉ် မရှိခြင်းသည် ရုရှားနှင့် မြန်မာစစ်တပ်တို့ ပါဝင်နေခြင်းကြောင့် ဟုတ်မဟုတ်ကိုမူ ၎င်းက ထုတ်ဖော်ပြောဆိုခြင်း မရှိပေ။

မြန်မာစစ်တပ်၏ လူ့အခွင့်အရေးချိုးဖောက်မှုများကို ဖော်ထုတ်နေသည့် Justice For Myanmar အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က အကြမ်းဖက်မှု တန်ပြန်တိုက်ဖျက်ရေး ဆွေးနွေးပွဲအတွက် မြန်မာစစ်တပ်ကို ဦးဆောင်ခွင့်ပေးသည့်အပေါ် ပြစ်တင်ဝေဖန်ပြီး လက်ကျန်အစီအစဉ်အားလုံး ရပ်တန့်ပေးရန် တောင်းဆိုသည်။

“ADMM သဘာပတိအနေနဲ့ အင်ဒိုးနီးရှားနိုင်ငံက လူသားမျိုးနွယ်အပေါ် ရာဇဝတ်မှုတွေ၊ စစ်ရာဇဝတ်မှုတွေ ကျူးလွန်နေတဲ့ မြန်မာစစ်ကောင်စီကို အကြမ်းဖက်မှုတိုက်ဖျက်ရေး ဦးဆောင်ခွင့်ပေးတဲ့လုပ်ရပ်ကို နားမလည်နိုင်အောင် ဖြစ်ရပါတယ်”

“ဒါဟာ အာဆီယံဘုံသဘောတူညီမှုရဲ့ ကျဆုံးမှုကို ပြသနေပါတယ်။ အာဆီယံဟာ ကိုယ့်လုပ်ရပ်ကိုယ်တောင် မတားဆီးနိုင်ဖြစ်နေပါတယ်” ဟုလည်း မရတနာမောင်က ဆိုသည်။

ရုရှားနှင့် မြန်မာစစ်တပ် ဦးဆောင်မည့် အထက်ပါ စစ်ရေးလေ့ကျင့်ခန်းများနှင့် ပတ်သက်၍ အသေးစိတ်အချက်အလက်များ ထွက်ပေါ်မလာသေးပေ။ အာဆီယံနှင့် မိတ်ဖက်နိုင်ငံများ၏ အကြမ်းဖက်မှု တန်ပြန်တိုက်ဖျက်ရေး လေ့ကျင့်ခန်းကို ၂၀၁၉ ခုနှစ်အတွင်းက တရုတ်နိုင်ငံတွင် ကျင်းပခဲ့ဖူးသည်။​

တရုတ်နှင့် ထိုင်းတို့ ဦးဆောင်သည့် အဆိုပါ စစ်ရေးလေ့ကျင့်မှုအတွင်း ကျည်အစစ် အသုံးပြုခဲ့သည့်အပြင် လေကြောင်းတိုက်ခိုက်မှု၊ ရွေ့လျားတိုက်ခိုက်မှု၊ ပြန်လည်စုစည်းခြင်း၊ လက်ဖြောင့်တပ်သားများဖြင့် လေ့ကျင့်ပစ်ခတ်ခြင်း၊ ထောက်လှမ်းရေးအချက်အလက်များ စုဆောင်းခြင်း စသည့် လုပ်ဆောင်ချက်များ ပါဝင်ကာ စစ်သည် ၈၀၀ ကျော်၊ လေယာဉ် ၁၀ စီးနှင့် သံချပ်ကာယာဉ် အစီး ၆၀ အသုံးပြုခဲ့သည်။ မြို့ပြဒေသများ၌ ဖြစ်ပေါ်လာနိုင်သည့် အကြမ်းဖက်တိုက်ခိုက်မှု ဇာတ်တိုက်လေ့ကျင့်ခန်းများလည်း ပါဝင်ခဲ့သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button