ဇွန် ၂၀ ညဉ့်ဦးပိုင်းက မြန်မာနိုင်ငံအလယ်ပိုင်း မန္တလေးတိုင်း မြင်းခြံမြို့နယ်အတွင်း စစ်ကောင်စီတပ်က ချုံခိုတိုက်ခိုက်သောကြောင့် မြင်းခြံခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တပ်ဖွဲ့ဝင် ၅ ဦး သေဆုံးသွားသည်။
ဧရာဝတီမြစ် အရှေ့ဘက်ကမ်း မြင်းခြံမြို့ အရှေ့ဘက် ၁၀ မိုင်ခန့်အကွာ ရွာသစ်ရွာ၌ တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ကို ကင်းထောက်ပြီး ဆိုင်ကယ်ငါးစီးဖြင့် ပြန်လာသည့် PDF တပ်ရင်း (၁) နှင့် (၈) ပူးပေါင်းအဖွဲ့မှ ၁၀ ဦး တိုက်ခိုက်ခံရခြင်းဖြစ်သည်။
ရွာသစ်ရွာ အရှေ့ဘက် ၅ ဖာလုံခန့်အကွာ ယုန်ထိုးရွာအနီးသို့ ရောက်ချိန်တွင် စစ်ကောင်စီ ကင်းပုန်းအဖွဲ့၏ ကြားဖြတ်ပစ်ခတ်ခဲ့မှုကြောင့် PDF ၆ ဦး ထိမှန်ခဲ့ကြောင်း၊ ၄ ဦး ပွဲချင်းပြီး သေဆုံးပြီး အလောင်းပြန်မရကြောင်း ထိုတပ်ရင်းနှစ်ခုမှ တာဝန်ရှိသူ အမျိုးသားနှစ်ဦးက ပြောသည်။
ဒဏ်ရာအပြင်းအထန်ရသွားသူ ၂ ဦး စခန်းသို့ ပြန်ရောက်လာပြီးနောက် ထိုအထဲမှ ၁ ဦး သေဆုံးကြောင်း၊ ဗုံးပစ်လောင်ချာတစ်လက်နှင့် လက်နက်ငယ်အချို့ ဆုံးရှုံးခဲ့ရကြောင်း သိရသည်။
“သတင်းကြိုရသွားပုံရပါတယ်။ ပထမနှစ်စီးကို လွှတ်ပေးလိုက်ပြီးတော့မှ နောက်သုံးစီးကို အပိုင်ပိတ်ပစ်တာ ခံလိုက်ရတာပါ” ဟု မြင်းခြံခရိုင် PDF တပ်ရင်း (၈) တာဝန်ရှိသူက ပြောသည်။
နောက်တစ်နေ့တွင် စစ်ကောင်စီက ရွာသားများကို ခေါ်ယူကာ ကျင်းတူးစေပြီး PDF တပ်ဖွဲ့ဝင် ၄ ဦး၏ အလောင်းများကို မြှုပ်ခိုင်းခဲ့သည်ဟု ထိုဒေသတွင် အခြေစိုက်သည့် တော်လှန်ရေးသမားနောက်တစ်ဦးက ပြောသည်။
“ကျင်းတစ်ကျင်းထဲကို လေးလောင်းစလုံး မြှုပ်လိုက်တယ်။ လက်ရှိအချိန်ထိ (စစ်ကောင်စီ) ကင်းပုန်းချထားတယ်။ ကျဆုံးသွားတဲ့ ရဲဘော်တွေကို လာဖော်မယ်ထင်ပြီး သူတို့ကလည်း ကင်းပုန်းဝပ် စောင့်နေတာ၊ ကျွန်တော်တို့လည်း သွားကောက်ပြီး သပ်သပ်ရပ်ရပ် သင်္ဂြိုဟ်ပေးချင်တာပေါ့” ဟု ၎င်းက ဆိုသည်။
ဇွန် ၁၃ ရက်နေ့က မြင်းခြံ-မန္တလေးလမ်းမပေါ်တွင် PDF များ စစ်ဆေးနေမှု မှတ်တမ်းရုပ်သံဖိုင်တစ်ခု Facebook တွင် ပျံ့နှံ့လာပြီးနောက် မြင်းခြံမြို့နယ်အတွင်းသို့ စစ်ကောင်စီအင်အား ရာနှင့်ချီ ရောက်နေကြောင်း၊ ရွာသစ်ရွာ၊ မကျီးစုရွာ၊ ဓူဝံရွာနှင့် ယုန်ထိုးရွာတို့တွင် တပ်ဖြန့် တပ်စွဲထားကြောင်း အထက်ပါ သတင်းရင်းမြစ်များထံမှ သိရသည်။
ဆန္ဒပြလျှင်ပင် သေနတ်ဖြင့် ပစ်သည့် စစ်ကောင်စီကို နိုင်ငံအနှံ့ ခုခံနေကြရာ အာဏာသိမ်းပြီး နှစ်နှစ်ကျော် ကြာချိန်တွင် တော်လှန်ရေးအဖွဲ့များက မန္တလေး၊ မုံရွာကဲ့သို့ စစ်ဌာနချုပ်များ အခြေစိုက်ရာ မြန်မာနိုင်ငံအလယ်ပိုင်းမှ မြို့ကြီးများအနီးတွင်ပါ စစ်ရေးလှုပ်ရှားမှုများ လုပ်ဆောင်လာနိုင်သည့် အခြေအနေသို့ ရောက်လာသည်။
နိုင်ငံအနှံ့ စစ်မျက်နှာများစွာ ဖွင့်ထားရသည့် စစ်ကောင်စီက မြန်မာနိုင်ငံအလယ်ပိုင်းတွင် စည်းရုံးသိမ်းသွင်း၍ ရသည့် အရပ်သားများကို လက်နက်တပ်ဆင်ပေးပြီး ၎င်းတို့၏ တပ်ရင်းတပ်ဖွဲ့များနှင့်အတူ မြေပြင်စစ်ရေးလှုပ်ရှားမှုများ လုပ်နေသည်။ ထို့အတူ တော်လှန်ရေးအဖွဲ့များ ခုခံရန် မစွမ်းသာသည့် လေကြောင်းတိုက်ခိုက်မှုကို အဓိကထား သုံးစွဲနေသလို ရွာစဉ်လှည့် မီးရှို့နေရာ ပြည်သူတို့၏ အသက်၊ အိုးအိမ်၊ စည်းစိမ် ပျက်စီးဆုံးရှုံးမှုများ ဆက်တိုက်ဖြစ်ပေါ်နေသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)