သတင်း

မြောင်မြို့ စစ်ကောင်စီပစ်မှတ် ၃ ခုကို တော်လှန်ရေးအဖွဲ့များ ဝင်တိုက်

စစ်ကိုင်းတိုင်း၊ မြောင်မြို့ပေါ်ရှိ မြို့မရဲစခန်း၊ မြို့နယ်အထွေထွေအုပ်ချုပ်ရုံးနှင့် ရဲဝန်ထမ်းအိမ်ရာတို့ကို ယမန်နေ့ (ဇွန် ၂၁) နံနက်က တစ်ပြိုင်တည်း ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) က ပြောသည်။

နံနက် ၅ နာရီကျော်မှ စတင်၍ PDF မြင်းခြံခရိုင် အမှတ် (၈) တပ်ရင်းအပါအဝင် မြောင်မြို့နယ်အတွင်း အခြေစိုက်သည့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ ၉ ဖွဲ့က တစ်နာရီနီးပါး တိုက်ခိုက်ခဲ့သည်၊ ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်ခြင်းလည်း ပါဝင်သည်ဟု မြင်းခြံခရိုင် အမှတ် (၈) တပ်ရင်း ပြန်ကြားရေးတာဝန်ခံ ကိုလန်ဒန်ဆိုသူက ပြောသည်။

“မဟာမိတ်တွေဘက်ကနေ ဝေဟင်ကလည်း (ဗုံးသီး) ချတယ်၊ အောက်က မြေပြင်ကလည်း လက်နက်ကြီးပစ်တယ်၊ လက်နက်ငယ်တွေနဲ့လည်း လူအားနဲ့ ကျွန်တော်တို့ ဝင်ပစ်တာပါ” ဟု သူက ပြောသည်။

“စခန်းသိမ်းနိုင်အောင်အထိတော့ မဖြစ်ခဲ့ဘူးပေါ့ဗျာ။ ကိုယ့်ဆီမှာ ရှိတဲ့ လက်နက်ခဲယမ်းအင်အားက စစ်ကောင်စီတပ်ကို ယှဉ်လို့မရဘူး။ အဲဒါကြောင့် စခန်းထဲအထိ ဝင်နိုင်တာမျိုး မရှိခဲ့ဘူး”

တိုက်ပွဲအတွင်း ရဲ၊ စစ်သား၊ ပျူစောထီး ခေါ် ပြည်သူ့စစ် စုစုပေါင်း ၄ ယောက် သေဆုံးသည်၊ ဒဏ်ရာရသူ ၁၂ ဦးထဲမှ ၃ ဦး ဒဏ်ရာပြင်းထန်သည်ဟု သိရကြောင်း ကိုလန်ဒန်က ပြောသည်။

ဒဏ်ရာရ၊ သေဆုံးမှု အရေအတွက်နှင့် ပတ်သက်၍ Myanamr Now အနေဖြင့် သီးခြား အတည်မပြုနိုင်သေးပေ။

စစ်ကောင်စီကလည်း တိုက်ပွဲသတင်းများကို အမှောင်ချထားသည်။

မြောင်မြို့တိုက်ပွဲတွင် PDF တပ်ရင်းများဖြစ်သော စစ်ကိုင်းခရိုင် အမှတ် (၄) တပ်ရင်း ၊ မိတ္ထီလာခရိုင် အမှတ် (၂) တပ်ရင်း၊ မြင်းခြံခရိုင် အမှတ် (၁၊ ၃၊ ၈) တပ်ရင်းများ၊ ဒေသအခြေစိုက်အဖွဲ့များဖြစ်သော မြောင်အထူးဒရုန်းတပ်ဖွဲ့၊ ချောင်းဦး PDF, Burmese Guerrilla Force, PGR တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြခြင်း ဖြစ်သည်။

အထက်ပါ ခရိုင်တပ်ရင်းများသည် ဒေသအခြေစိုက်ကာကွယ်ရေးအဖွဲ့များ စုပေါင်းထားခြင်းဖြစ်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အောက်ရှိ PDF ခရိုင်တပ်ရင်းများအဖြစ် လှုပ်ရှားနေကြသည်။

စစ်ကိုင်းတိုင်းအတွင်းရှိ မြို့နယ်အများစုတွင် ကျေးလက်ဒေသကို တော်လှန်ရေးအင်အားစုများက နယ်မြေစိုးမိုးထားပြီး စစ်ကောင်စီတပ်ဖွဲ့များက မြို့ပေါ်တွင်သာ လှုပ်ရှားနေကြသည်။

စစ်ကောင်စီတပ်များ အခြေစိုက် တပ်စွဲလေ့ရှိရာ ရဲစခန်းများ၊ ဌာနဆိုင်ရာ ရုံးနေရာများကို တော်လှန်ရေးတပ်ဖွဲ့များက မကြာခဏ ဝင်ရောက်တိုက်ခိုက်လေ့ရှိသည်။

ပြီးခဲ့သည့် ဇွန် ၉ တွင်လည်း အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) အခြေစိုက် မြို့တော်မုံရွာတစ်ဖက်ကမ်း ဆားလင်းကြီးမြို့နယ်အတွင်းရှိ ညောင်ပင်ကြီးကျေးရွာရဲစခန်းကို တော်လှန်ရေးတပ်ဖွဲ့များက စီးနင်းပြီး လက်နက်များ သိမ်းဆည်းသွားသည့် တိုက်ပွဲတွင် စစ်ကောင်စီဘက်က လေကြောင်းမှလည်း တိုက်ခိုက်ခဲ့သည်။

ဧရာဝတီမြစ်ဘေးရှိ မြောင်မြို့နယ်ဝန်းကျင်တွင် မုံရွာ၊ ချောင်းဦး၊ မြင်းခြံ စသည့် မြို့နယ်များ တည်ရှိသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button