
အထွေထွေရွေးကောက်ပွဲကို ၂၀၂၀ ခုနှစ်အတွင်း ကျင်းပမည်ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ပြောဆိုထားမှုကြောင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)က အမတ်လောင်း ရွေးချယ်မှုလုပ်ငန်းစဉ်များကို ရက်ပိုင်းအတွင်း စတင်လုပ်ဆောင်တော့မည်ဖြစ်သည်။
အမတ်လောင်းရွေးချယ်ရေးလုပ်ငန်းစဉ်များကို မြို့နယ်အလိုက် စတင်လုပ်ဆောင်ရန် မနက်ဖြန်တွင် ညွှန်ကြားချက်ထုတ်ပြန်မည်ဖြစ်ကြောင်း NLD ပါတီဒုတိယဥက္ကဋ္ဌ ဦးဇော်မြင့်မောင်က ပြောသည်။
နေပြည်တော်၌ မေ ၃၁ တွင် ကျင်းပသည့် NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အစည်းအဝေးအပြီး အွန်လိုင်းမှတစ်ဆင့်ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ၎င်းကယင်းသို့ပြောကြား ခြင်းဖြစ်သည်။
NLD ပါတီက ၂၀၂၀ ရွေးကောက်ပွဲအတွက် မြို့မိမြို့ဖများ၏ ထောက်ခံမှုအပေါ် အခြေခံရွေးချယ်မည်ဟု ပြောဆိုထားပြီး ပထမအဆင့်အနေဖြင့် မြို့မိမြို့ဖရွေးချယ်ရေးကို မြို့နယ်အလိုက် လုပ်ဆောင်ရမည်ဖြစ်သည်။
“မြို့မိ၊မြို့ဖ ၅ ဦးကို ပထမဆုံး ရွေးပါ။ ဒါကလည်း NLD ပါတီကပဲ ရွေးရမှာ။ အခြားသူက ရွေးလို့မရဘူး”ဟု ဦးဇော်မြင့်မောင်က ဆိုသည်။
NLD ပါတီကိုထောက်ခံအားပေးသူများ၊ ပါတီကိုဝန်းရံသူများထဲမှ မြို့မိမြို့ဖ ၅ ဦးစီကို မြို့နယ်အလိုက် ရွေးချယ်ရမည်ဖြစ်ပြီး ၎င်းတို့ထောက်ခံမှုဖြင့် မြို့နယ်ပါတီအလုပ်အမှုဆောင်အဖွဲ့ (သို့) စည်းရုံးရေးအဖွဲ့တို့က အမတ်လောင်းများကို မဲဆန္ဒနယ်တစ်ခုလျှင် နှစ်ဦးနှုန်းဖြင့်ရွေးချယ် အဆိုပြုပေးရမည်ဖြစ်သည်။
မြို့နယ်များမှ ပေးပို့လာသော အမတ်လောင်းများစာရင်းကို တိုင်းနှင့်ပြည်နယ်အဆင့် ပါတီတာဝန်ရှိသူများက စိစစ်ပြီး ဦးစားပေး (၁)၊ ဦးစားပေး (၂) ခွဲကာ NLD ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့သို့ ယခုလအတွင်း ပေးပို့ရမည်ဖြစ်ကြောင်း ဦးဇော်မြင့်မောင်က ဆိုသည်။
ယင်းအမတ်လောင်းများထဲမှ ၂၀၂၀ ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရမည့် ပါတီကိုယ်စားပြု အမတ်လောင်းများကို NLD ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့က ဆုံးဖြတ်ရွေးချယ်သွားမည်ဖြစ်သည်။
NLD ပြန်ကြားရေးကော်မတီ၊ အတွင်းရေးမှူး မုံရွာ ဦးအောင်ရှင်ကမူ “တချို့ အချက်အလက်တွေ ကျွန်တော်တို့ မှာပြင်ဆင်ထားပြီး၊ရှိပြီးသား ဖြစ်ပါတယ်။ တစ်လအတွင်း ဖြစ်ချင်လည်း ဖြစ်နိုင်တာပါပဲ”ဟု ပြောသည်။
လတ်တလောတွင် ကိုဗစ်နိုင်တင်းရောဂါ ကူးစက်မှုများ ရှိနေသော်လည်း အထွေထွေရွေးကောက်ပွဲကို ၂၀၂၀ အတွင်း ကျင်းပမည်ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ပြောရေးဆိုခွင့်ရှိသူ ဦးမြင့်နိုင်က မေ ၄ ရက်တွင် အစိုးရပိုင် မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှတစ်ဆင့် အတည်ပြုထားသည်။
ယင်းမတိုင်မီ မေ ၁ ရက်က ပြုလုပ်သည့် အွန်လိုင်းသတင်းစာရှင်းလင်းပွဲတွင် နိုင်ငံတော်သမ္မတရုံးပြောခွင့်ရပုဂ္ဂိုလ် ဦးဇော်ဌေးကလည်း လာမည့်အထွေထွေရွေးကောက်ပွဲကို ၂၀၂၀ နိုဝင်ဘာတွင် ကျင်းပရန် လျာထားသည်ဟု ထုတ်ဖော်ပြောဆိုထားပြီးဖြစ်သည်။
ပြီးခဲ့သည့် ၂၀၁၀ နှင့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲများသည် နိုဝင်ဘာလအတွင်း ကျင်းပခဲ့ခြင်းလည်း ဖြစ်ပြီး လက်ရှိတွင် တိုင်းရင်းသားပါတီများကလည်း ပြင်ဆင်မှုများ စတင်ပြုလုပ်နေကြသည်။