အာဏာသိမ်းစစ်ကောင်စီကို ရရာလက်နက်ဖြင့် ခုခံတွန်းလှန်နေသည့် စစ်ကိုင်းတိုင်းတွင် တော်လှန်ရေးအင်အားစုများအကြား တိုင်းအဆင့် အတိုင်ပင်ခံကောင်စီ (သို့) အစုအဖွဲ့တစ်ခုကို တည်ဆောက်ပြီး စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ အုပ်ချုပ်ခွင့်ရရှိရေး၊ ဖက်ဒရယ်ဒီမိုကရေစီစနစ် ပေါ်ထွန်းရေး ဖော်ဆောင်ရန် စစ်ကိုင်းဖိုရမ်အမည်ရ စကားဝိုင်းတစ်ခုကို မေလကုန်ပိုင်းက ၂ ရက်ကြာ ကျင်းပခဲ့သည်။
ဖိုရမ်သို့ စစ်ကိုင်းတိုင်းအတွင်းရှိ တော်လှန်ရေးအင်အားစု ၁၇၃ ဖွဲ့၊ မြို့နယ် ၂၈ မြို့နယ်တွင် အခြေစိုက်သည့် သပိတ်ကော်မတီများ ပါဝင်တက်ရောက်ခဲ့ကြသည်။ အလားတူ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC)၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကရင်အမျိုးသားအစည်းအရုံး (KNU) အပါအဝင် တော်လှန်ရေးအင်အားစု ၂၇ ဖွဲ့က ထောက်ခံသဝဏ်လွှာများ ပေးပို့ခဲ့ကြသည်။
တစ်ပြိုင်တည်းမှာပင် စစ်ကိုင်းဖိုရမ်သည် NUG နှင့် စင်ပြိုင်ရန်၊ သီးခြားတပ်မတော် (သို့) အဖွဲ့အစည်းတစ်ရပ် ထူထောင်ရန် ကြိုးစားခြင်း ဖြစ်သည် ဟူ၍လည်း ဝေဖန်မှုတချို့နှင့် ရင်ဆိုင်ရသည်။ ကွက်လပ်ဖြစ်နေသည့် လေဟာနယ်တစ်ခုကို ပေါင်းစပ်ပေးနိုင်မည့် Platform တစ်ခု လိုနေသည့်အတွက် ဖိုရမ်ကို ပြုလုပ်ခြင်းဖြစ်သည်ဟု ဖိုရမ်ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဝေဖြိုးက ပြောသည်။
တော်လှန်ရေးအဖွဲ့ ရာနှင့်ချီ အခြေပြုလှုပ်ရှားနေသည့် စစ်ကိုင်းတိုင်း၌ ပထမဆုံးအကြိမ်ကျင်းပသည့် ဖိုရမ် ပေါ်ပေါက်လာပုံ၊ တွေ့ဆုံဆွေးနွေးမှုရလဒ်၊ အနာဂတ်မျှော်မှန်းချက်များနှင့် ပတ်သက်ပြီး ဖိုရမ်ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဝေဖြိုးကို Myanmar Now က ဆက်သွယ်မေးမြန်းထားသည်။
မေး – စစ်ကိုင်းဖိုရမ်ဆိုတာ ဘယ်ကနေ ဘယ်လို ဖြစ်ပေါ်လာတာလဲဗျ။
ဖြေ – ဖိုရမ်ဆိုတာထက် ပထမဆုံးစတာတော့ စစ်ကိုင်းတိုင်းမှာ လက်နက်ကိုင်တော်လှန်ရေး စကတည်းကပေါ့။ အဲဒီတုန်းက NUG, PDF ဆိုတာ မရှိသေးဘူး၊ ၂၀၂၁ အစောပိုင်းပဲ ရှိသေးတယ်။ အဲဒီကတည်းက မတူတဲ့ နေရာတွေကနေ ကိုယ့်အစီအစဉ်နဲ့ကိုယ် ထွက်လာတဲ့ အင်အားစုတွေ၊ လက်နက်ကိုင်တင်မကဘူး၊ သပိတ်တွေ၊ CDM တွေရော။ အဲဒါတွေကို ဝိုင်းပြီးတော့ ပေါင်းစပ် ညှိနှိုင်းနိုင်မယ့် Body တစ်ခု စဖွဲ့ဖို့ ဆိုပြီးတော့ စုခဲ့ကြသေးတယ်၊ စကားပြောကြတယ်၊ ပြောကြရင်း တဖြည်းဖြည်းနဲ့ စကားပြောခဲ့ကြသူတွေက ပြေးရတာကိုး။ အကုန်လုံးက ကိုယ့်နေရာမှာကိုယ် တည်တည်ငြိမ်ငြိမ်နဲ့ မနေနိုင်တော့ ဟိုပြေးဒီပြေးနဲ့ စကားပြောခဲ့ကြတဲ့ လူအုပ်စုက အဆက်အသွယ်ပြတ်သွားတာ၊ ဘယ်တော့မှ အဆက်အသွယ်ပြန်ရသလဲဆိုတော့ ၂၀၂၂ ခုနှစ် ၆ လပိုင်း၊ ၇ လပိုင်းလောက်မှာ ဒီလူတွေ ပြန်ပြီး ချိတ်ဆက်မိတာ။ ချိတ်ဆက်ဖြစ်တော့လည်း အဲဒီလူတွေ အကုန်လုံးက ကိုယ့်နေရာအသီးသီးမှာ အင်အားစုတွေ ကိုယ်စီရှိနေကြပြီ။ တော်လှန်ရေးမှာ တော်တော် အတွေ့အကြုံ ရင့်ကျက်နေကြပြီ။
ဒီလူတွေ အကုန်ပေါင်းပြီးတော့ စကားပြောဖြစ်တယ်။ စုံလင်ကွဲပြားမှုကလည်း ပိုများလာပြီဆိုတော့ နိုင်ငံရေးအားဖြင့် တိုင်းထဲမှာ ပေါင်းစပ်ညှိနှိုင်းပေးနိုင်မယ့် Platform တစ်ခု စဖွဲ့မယ်ဆိုတော့ အတိုင်ပင်ခံကောင်စီပုံစံမျိုး ဖွဲ့မယ်ဆိုပြီးတော့ စကားပြောဖြစ်ကြတယ်။ အတိုင်ပင်ခံကောင်စီဆိုတဲ့ စကားရပ်ကလည်း အတည်မဖြစ်ပါဘူး။ ပေါင်းစပ်ညှိနှိုင်းရေး Body တစ်ခုဆိုတာပဲ အားလုံးက အတည်ဖြစ်တာ။
နာမည်တွေကတော့ ဘာနာမည်နေနေ အဲဒါတစ်ခုတော့ ဖွဲ့ရမယ်ဆိုပြီးတော့ ဖြစ်မြောက်ရေးအတွက် အဖွဲ့တွေစုကြတယ်။ စုကြရင်းနဲ့ စစ်ကိုင်းတိုင်းထဲမှာ အခြေစိုက်တဲ့ အထင်ကရအဖွဲ့တွေ ၃၀ ကျော် စုမိလာတယ်။ သပိတ်ကော်မတီတွေ ပါတယ်။ လက်နက်ကိုင် တော်လှန်ရေးအင်အားစုတွေ ပါတယ်။
တခြား ဒေသကာကွယ်ရေးအဖွဲ့တွေ၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ ပါလာတယ်။ အဲဒီမှာ စုပြီးတော့ စကားပြောကြရင်းနဲ့ ဖြစ်မြောက်ရေးအဖွဲ့ဆိုတာ ဖွဲ့ထားတာတော့ ဟုတ်ပြီ၊ ဒီတိုင်း လိုက်ဆွေးနွေးနေရင် လက်လှမ်းက သိပ်မီမှာ မဟုတ်ဘူး။ ဒီထက် အင်အားပိုကျယ်ပြန်ဖို့လည်း လိုလာပြီ။ အဲဒီထက် ပိုကျယ်ပြန်မယ့်၊ အင်အားစုတွေအားလုံး ကျယ်ကျယ်ပြန့်ပြန့်တွေ့နိုင်မယ့် အခင်းအကျင်း၊ ညီလာခံ ဒါမှမဟုတ် တွေ့ဆုံပွဲတစ်ရပ် ကျင်းပမယ်ဆိုပြီး ပထမအကြိမ်ဖိုရမ်ကို ခြေလှမ်းလှမ်းဖြစ်တာ။ ဖြစ်လာတာတော့ အဆင့်ဆင့်ဖြစ်လာတာ။ တဖြည်းဖြည်းပဲ တိုးချဲ့သွားရတာပေါ့။ အဖွဲ့ ၃၀ စုပြောရာကနေ အခုဆို အဖွဲ့ ၁၇၀ လောက် စုပြောတဲ့အနေအထားကို ရောက်လာတဲ့အနေအထားပါ။
မေး – စစ်ကောင်စီကို ခုခံမှုအားကောင်းတဲ့ စစ်ကိုင်းတိုင်းမှာ တော်လှန်ရေးအဖွဲ့တွေ ရာနဲ့ချီ ပါလာနိုင်ဖို့ ဘယ်လိုလုပ်ခဲ့ကြရလဲ။
ဖြေ – ကျွန်တော်တို့က Offline လုပ်ခဲ့ရတာတွေ ရှိတယ်။ တချို့အရာတွေက စစ်ကိုင်းတိုင်းမှာ သိတဲ့အတိုင်းပဲ အင်တာနက်က မပေါက်ရောက်ဘူး။ အဲဒီမှာ ပိုပြီး နှောင့်နှေးတာတွေ ဖြစ်လာတယ်။ တချို့ဟာတွေဆိုလို့ရှိရင် တစ်ဖွဲ့နဲ့တစ်ဖွဲ့ ဖိတ်ခေါ်ဖို့ ဖြစ်မြောက်ရေးအဖွဲ့ ကိုယ်စားလှယ်တွေက မိုင်ဆယ်ချီ၊ ရာချီပြီး သွားရတဲ့အထိကို ရှိတယ်။ သွားရတယ်၊ တွေ့ရတယ်၊ ဆွေးနွေးရတယ်၊ ရှင်းပြရတယ်။ တချို့ဆိုလည်း နားလည်မှုလွဲတာတွေ ရှိတယ်၊ မင်းတို့က တစ်စင်ထောင်ဖို့ လိုက်စုစည်းနေတာလားဆိုတဲ့ အမြင်တွေလည်း ရှိတယ်။ စိတ်ရှည်သည်းခံ ရှင်းပြခဲ့ရတာတွေ ရှိတယ်။
ဆက်သွယ်ရေးအကျပ်အတည်းကြားက ခက်ခက်ခဲခဲလုပ်ရတာတွေတော့ ရှိတာပေါ့။ အဲဒါတွေကို ကျော်ဖြတ်ပြီးတော့ ဒီဖိုရမ်က ပထမခြေလှမ်း လှမ်းလာနိုင်တဲ့ သဘောပါ။
ဖိုရမ်ဖြစ်သွားပြီလို့ နာမည်ထွက်လိုက်တာနဲ့ ဖိုရမ်ကျင်းပမယ့်နေ့မှာ အင်တာနက်လိုင်းကောင်းတဲ့ နေရာတွေကို အသားလွတ် (စစ်ကောင်စီ လေတပ်က) MI 35 တွေနဲ့ လိုက်ပစ်နေတာလည်း အားလုံးလည်း အသိကြတယ်။
အင်တာနက်လိုင်းကောင်းတဲ့နေရာကို ထောင်ထားပြီးတော့ လိုင်းရှိတဲ့နေရာကိုလည်း ရဟတ်ယာဉ်နဲ့ ပစ်တယ်။ Offline ကျင်းပတယ်လို့ ယူဆတဲ့နေရာတွေကိုလည်း လိုက်ပစ်နေတာ။ အဲဒီဖိနှိပ်မှုတွေကြားက လုပ်ရတာ။ တချို့က စစ်ကိုင်းဖိုရမ်က သူတို့ဟာသူတို့ ကျိတ်လုပ်တာလား၊ လျှို့ဝှက်လုပ်တာလားပေါ့၊ ပြောကြတယ်။
လျှို့ဝှက်မလုပ်ရင်လည်း အဲဒီပြဿနာတွေကို ရှောင်နိုင်ဖို့ မလွယ်ဘူး။ အဲဒီအခြေအနေကြောင့် တချို့ဟာတွေမှာ Open ပုံစံမျိုး မဟုတ်ဘဲ မြေပြင်တွေ့ဆုံပွဲတွေရယ်၊ အွန်လိုင်းတွေ့ဆုံပွဲတွေကို သိုသိုသိပ်သိပ်လုပ်ခဲ့ရတာတော့ အများကြီးရှိတာပေါ့။ ဒါပေမဲ့ အောင်အောင်မြင်မြင်လုပ်နိုင်ခဲ့တာတော့ အားတက်စရာပါ။
မေး – ဒီဖိုရမ်မှာ အင်အားစုတွေ စကားစုပြောနိုင်မယ့် အခင်းအကျင်းတစ်ခုရှိဖို့ ဘာကြောင့်လိုအပ်တာလဲ။
ဖြေ – စစ်ကိုင်းတိုင်းရဲ့ သီးသန့်ဖြစ်တည်နေတဲ့ အာဏာလေဟာနယ် Power space လို့ ခေါ်မလား၊ Political space လို့ ခေါ်မလား။ နိုင်ငံရေးလေဟာနယ်ကြောင့်မလို့ ဖြစ်လာတဲ့ ပြဿနာတွေရှိတယ်။ နိုင်ငံရေးသီအိုရီအရတော့ ဖြစ်မှာပဲ။ တော်လှန်ရေးဖြစ်တယ်ဆိုကတည်းက အုပ်ချုပ်ရေးတစ်ခုကို ဖျက်ပြီး နောက်အုပ်ချုပ်ရေးတစ်ခုနဲ့ အစားထိုးရတာ။ အဲဒီလို တစ်ခုကို ဖျက်နေတဲ့အချိန် နောက်တစ်ခု အစားမထိုးနိုင်သေးခင်မှာ ဒေသတွင်း ပြဿနာတွေတက်လာတယ်။
နိုင်ငံရေးအရ သမိုင်းတွေမှာလည်း ဖြစ်ခဲ့ဖူးတယ်၊ နိုင်ငံရေးလေဟာနယ် ဖြစ်သွားတဲ့အခါမှာ ဒေသန္တရပြဿနာက သေချာပေါက် လာတာပဲ။ ပြောရလို့ရှိရင် တရားဥပဒေစိုးမိုးမှုအပိုင်းမှာလည်း အားနည်းလာတယ်။ အုပ်ချုပ်ရေးအပိုင်းမှာလည်း အားနည်းလာတယ်။
အဲဒီအားနည်းလာတဲ့အချက်တွေကို NUG က ဖြည့်ဆည်းဖို့ ကြိုးစားတယ်။ ကြိုးစားတဲ့အခါမှာ သူ့မှာလည်း Human Resource (လူသားအရင်းအမြစ်) မှာရော၊ ထိန်းချုပ်နိုင်တဲ့ အပိုင်းမှာရောပေါ့၊ သူက ပြည်ထောင်စုအဆင့် ဆိုခါကျတော့ သူတို့လုပ်တဲ့ဟာတွေကလည်း အောက်နဲ့ အပေါ်နဲ့ ကြားမှာ လပ်နေတယ်။
ကြားက ချိတ်ဆက်ညှိနှိုင်းပေးရမယ့် အဆင့်က အလိုလို လိုနေတာ။ သူက ခရိုင်အဆင့်ထိ အုပ်ချုပ်ရေးတွေ ဖွဲ့ဖို့ ကြိုးစားတယ်။ ဥပမာ ကသုံးလုံးခရိုင်တို့ဘာတို့ပေါ့။ အဲဒီအခါမှာလည်း ခရိုင်နဲ့ ပြည်ထောင်စုအဆင့်ကြားမှာလည်း ချိတ်ဆက်တဲ့ တိုင်းအဆင့်လို၊ ဖက်ဒရယ်ယူနစ်လို အဆင့်တစ်ခုက ကြားထဲမှာ လိုနေတာ။ အဲဒီဖြစ်နေတဲ့ လေဟာနယ်တစ်နေရာကို ပေါင်းစပ်ညှိနှိုင်းပေးမယ့် Platform က သေချာပေါက်လိုနေတာ။ လိုတယ်ဆိုတာ တွေ့မိတဲ့အတွက် အင်အားစုတွေအချင်းချင်း စကားပြောကြတယ်။
အလွတ်သဘောတွေ့ဆုံမှုတွေ အများကြီးလုပ်တဲ့အခါမှာ ဒီဟာကတော့ သွားကို သွားမှ ရမယ်။ သွားတဲ့အခါမှာလည်း ဖက်ဒရယ်ယူနစ်အဆင့် ဒါမှမဟုတ်လို့ရှိရင် တိုင်းအဆင့်မှာ၊ ဒေသကြီးတစ်ခုလုံးကို ကိုင်တွယ်မယ့်အဆင့်မှာ အောက်ခြေတော်လှန်ရေးအင်အားစုတွေ၊ အဓိကကတော့ ပြည်သူတွေပေါ့။ ပြည်သူတွေရဲ့ အသံကို ဖော်ဆောင်နိုင်ဖို့ အင်မတန်အရေးကြီးတယ်။ အောက်ခြေတော်လှန်ရေးအင်အားစုတွေရဲ့အသံ၊ ပြည်သူတွေရဲ့အသံ မပါဘဲနဲ့ကလည်း အဲဒီအဖွဲ့အစည်းကလည်း ဖွဲ့စည်းလို့မရဘူး။
အဲဒီတော့ တော်လှန်ရေးအင်အားစုတွေ၊ ပြည်သူတွေနဲ့ လက်ရှိ ပြည်ထောင်စုအဆင့်အဖွဲ့အစည်းတွေကြားမှာ ပေါင်းစပ်ညှိနှိုင်းပေးဖို့ လိုကိုလိုနေတာ။ အဲဒီ Platform ကို ဖြစ်ပေါ်စေမယ့် တွန်းအားပေးတဲ့အနေနဲ့ ပထမဆုံး စကားစပြောကြည့်တာ ဒီဖိုရမ်ပဲ။
ဘာလို့လိုတာလဲ ဆိုတော့ Political space (နိုင်ငံရေးအရ ကွာဟချက်) တွေ ဖြစ်နေလို့ လိုတာ။
အဲဒီလိုဖြစ်နေတာကလည်း ဘယ်သူ့ကြောင့်၊ ဘယ်ဝါ့ကြောင့်မှ မဟုတ်ဘူး။ တချို့က ထင်ကြတယ်၊ ဒီလိုပြဿနာတွေ တက်နေတာဟာ အစိုးရကပဲ မအုပ်ချုပ်နိုင်လို့လား၊ ဒါမှမဟုတ် တမင်သက်သက်ပဲ အာဏာရှင်ကို တော်လှန်ရင်း အာဏာရှင်တွေ ပြန်ဖြစ်နေကြတာလားပေါ့။ ဒါတွေက ဖြစ်ကို ဖြစ်မှာ။ ဒီလိုအနေအထားတစ်ခုမှာ အခက်အခဲတွေ အနည်းနဲ့အများ ဖြတ်သန်းရမှာ။ အဲဒီလို ဖြတ်သန်းတဲ့အခါမှာ အတတ်နိုင်ဆုံး အမြင်သာဆုံး ဖြတ်နိုင်ဖို့အတွက် တိုင်းဒေသအဆင့် ဒါမှမဟုတ်လို့ရှိရင် ပြည်ထောင်စုနဲ့ ဒေသန္တရတွေကြားမှာ ပေါင်းစပ်ညှိနှိုင်းနိုင်မယ့် Platform တစ်ခုက လိုကို လိုတယ်။ အဲဒါကို ဖြည့်ဆည်းဖို့အတွက် စစ်ကိုင်းဖိုရမ်က ဆွေးနွေးကြတာပါ။
မေး – ဖိုရမ်ဖြစ်မြောက်လာရေး ကြိုးပမ်းတဲ့အချိန်နဲ့ ကျင်းပပြီးနောက်ပိုင်းမှာရော ဖိုရမ်နဲ့ ပတ်သက်ပြီး တော်လှန်ရေးအင်အားစုတွေဘက်က ဘယ်လိုတုံ့ပြန်ကြလဲ။
ဖြေ – တုံ့ပြန်မှုတွေကတော့ အမျိုးမျိုးပေါ့။ မတိုင်ခင်မှာလည်း စိုးရိမ်ချက်တွေ အများကြီးတွေ့ရတယ်။ တချို့ဆိုလို့ရှိရင် ဒါလေးလုပ်လိုက်မှ နောက်ထပ်ပြဿနာတစ်ခု ဖြစ်လာမလားပေါ့။ အစောကတည်းက ပြဿနာတွေရှိတာတော့ သေချာတယ်။ အဲဒါကို ကျွန်တော်တို့လက်ခံတယ်။ ဒါပေမဲ့ ဒါက ပြဿနာကို ပြေလည်တာမဟုတ်ဘဲနဲ့ နောက်ထပ်ပြဿနာတစ်ခု ဖြစ်လာမလားဆိုတဲ့ စိုးရိမ်ချက်တွေ အများကြီးရှိတယ်။ ဆိုလိုရင်းကတော့ နောက်ထပ်သီးခြားတစ်ဖွဲ့ပေါ်လာမှာကို စိုးရိမ်ကြတယ်။ နောက်ထပ်တစ်ဖွဲ့ ပေါ်လာလို့ရှိရင် ဘာဖြစ်မလဲဆိုတော့ အဖွဲ့အစည်းတွေ များလာတာ၊ လူတွေများလာတာပဲ အဖတ်တင်မယ်။ စကားပုံနဲ့ ပြောရလို့ရှိရင် ဘယ်ဘုရားကို ကိုးကွယ်ရမှန်း မသိဘူးပေါ့။ အဲဒီလိုဖြစ်လာမှာ စိုးရိမ်ကြတယ်။ ပုဂံဘုရားဖူးရသလိုပဲ၊ ပုဂံမှာဆိုလို့ရှိရင် တွေ့လိုက်တာနဲ့ ဘုရားတွေချည်းဆိုတော့ ဘယ်ဘုရား လက်အုပ်ချီရမှန်း မသိဘူးပေါ့နော်။ အဲဒီလိုပြဿနာတွေ ဖြစ်လာမှာ စိုးရိမ်ကြတဲ့ အင်အားစုတွေရှိတယ်။
ကျွန်တော်တို့ကလည်း အဲဒီလိုပြဿနာတွေကို စိုးရိမ်တယ်။ အဲဒါကြောင့်မို့လို အားလုံးက ပေါင်းစပ်စုစည်းဖို့ ကြိုးစားနေတာ။ ပထမဆုံးက ကျွန်တော်တို့ဦးထိပ်မှာရှိနေတာက ဖက်ဒရယ်ဒီမိုကရေစီချာတာ ဖြစ်တယ်။ ဖက်ဒရယ်ဒီမိုကရေစီချာတာ အပိုင်း (၁) နဲ့ အပိုင်း (၂) ရဲ့ ပြဋ္ဌာန်းချက်တွေကို ကျွန်တော်တို့ ကျော်လို့မရဘူး။ ဒါက နံပါတ် ၁ အချက်။
နောက်ပြီးကျတော့ NUG နဲ့ CRPH, NUCC ပေါ့။ NUG ကို ပြည်ထောင်စုအစိုးရအဖြစ် တစ်ခါတည်း လက်ခံပြီးသား အခြေအနေဖြစ်တယ်။ နောက်ပြီးကျတော့ CRPH ကို ပြည်ထောင်စုရဲ့ လွှတ်တော်ကိုယ်စားပြုကော်မတီအနေနဲ့ လက်ခံပြီးသား။ အဲဒီပေးထားချက်ကို ကျွန်တော်တို့ ဘယ်လိုမှ ကျော်လို့မရဘူးဆိုတာကနေစပြီးတော့ ပြောရတာပေါ့။ ဒါက လေဟာနယ်ကို ဖြည့်ဖို့ဖြစ်တယ်။ ပူးပေါင်းဆောင်ရွက်ဖို့ပဲ ဖြစ်တယ်ဆိုတာကို အဓိကထားပြီးတော့ ဆွေးနွေးခဲ့ရတယ်။ အများစုကတော့ အဲဒီအချက်ကို သဘောတူကြတယ်။ သဘောတူတဲ့အတွက်လည်း အသိအမှတ်ပြုမှုတွေ၊ သဝဏ်လွှာပေးပို့မှုတွေ ရလာတယ်။
မေး – အဲဒီလိုပြဿနာတွေကို အင်အားစုတွေ စုပေါင်းစကားပြောလို့ရမယ့် ပလက်ဖောင်းတစ်ခုကနေ ဘယ်လောက်အထိ ဖြေလျှော့ပေးနိုင်မလဲ။
ဖြေ – အင်အားစုတွေကြားထဲမှာ ရှိနေတဲ့ အက်ထုံးတွေ၊ ဆက်ထုံးတွေ ပြေရေးက အဓိကကျတယ်။ အဲဒီလို အက်ထုံးတွေ၊ ဆက်ထုံးတွေ ပြေသွားမှပဲ လိုအပ်တဲ့ စုစည်းမှုဖြစ်မှာ။ လိုအပ်တဲ့ စုစည်းမှုဖြစ်မှ အားဖြစ်မှာ။ အဲဒီအချက်ကို အဓိကထားပြီးတော့ ဖိုရမ်တွေ၊ စကားဝိုင်း စုစည်းဆွေးနွေးမှုတွေ ဖြစ်လာတာ။ အဲဒါကို ဖြေရှင်းညှိနှိုင်းဖို့ ဘာလို့လဲဆိုရင် နှစ်ဖက်လုံးက ယုံကြည်ရတဲ့ စေ့စပ်ညှိနှိုင်းမှုတွေ လိုတယ်။ အဲဒီစေ့စပ်ညှိနှိုင်းမှုတွေကလည်း တော်ရုံတန်ရုံလူတွေ လုပ်လို့မရဘူး။
တကယ်ယုံကြည်စိတ်ချပြီး တကယ်ရိုးသားတဲ့သူတွေ ပါဝင်ပြီးတော့ ဆောင်ရွက်ဖို့ လိုတယ်။ အဲဒီလိုစုစည်းမှုတွေ ရဖို့ဆိုတာက အခုဖိုရမ်လိုမျိုး ပေါင်းစပ်ညှိနှိုင်းထားတဲ့ အင်အားထုတစ်ခု ရှိမှရမှာ။ အဲဒီအင်အားတစ်ခုကနေ ဖြေရှင်းမယ်ဆိုရင် တစ်ဦးတစ်ယောက်ချင်းစီက ဖြေရှင်းတာထက် အများက လေးစားကြည်ညိုတဲ့သူတွေလည်းဖြစ်မယ်။ အဲဒီလေးစားကြည်ညိုရတဲ့သူကို ထောက်ခံပေးထားတာကလည်း နှင်းခဲပျော်သလို အကျိတ်အခဲတွေ ပျော်လာနိုင်တယ်။ သွားရမယ့်လမ်းကြောင်းကို သိလာနိုင်မယ်။ အခုဖြစ်နေတာက သမာသမတ်ကျမှုကို မေးခွန်းထုတ်တဲ့ ပြဿနာတွေလည်း ရှိနေတာ။ အဲဒါကြောင့် သမာသမတ်တို့၊ ယုံကြည်မှုတို့နဲ့ သွားရအောင်လို့၊ ခိုင်မာတဲ့မူရအောင်လို့ တည်ဆောက်နေတာ။
မေး – ဖိုရမ်မှာ ဆွေးနွေးဖြစ်ခဲ့တဲ့ အကြောင်းအရာတွေနဲ့ ပတ်သက်ပြီးတော့ကော ဘာများ ပြောချင်ပါသလဲ။
ဖြေ – နိုင်ငံရေးကဏ္ဍကိုတော့ အထူးပြုဆွေးနွေးခဲ့ကြတယ်။ သဘောထားစုစည်းမှုတွေလည်း ရခဲ့တယ်။ သဘောထားစုစည်းမှုအဆင့်ထိတော့ ရောက်တဲ့ဟာလည်း ရောက်တယ်၊ မရောက်တဲ့ဟာလည်း မရောက်ဘူး။
နိုင်ငံရေးဆိုလို့ရှိရင် အဓိကအချက်က စောစောကတည်းက ဖိုရမ်စုစည်းရခြင်းရဲ့ ရည်ရွယ်ချက်တစ်ခုဖြစ်တဲ့ ပေါင်းစပ်ညှိနှိုင်းရေးဘော်ဒီ (အဖွဲ့) တစ်ခု ပေါ်ပေါက်ရေးကိုပဲ ဆွေးနွေးကြတာ။ နာမည်ကတော့ တိုင်းအတိုင်ပင်ခံကောင်စီ ဟုတ်ချင်လည်း ဟုတ်မယ်၊ ဟုတ်ချင်မှလည်း ဟုတ်မယ်။ ဒါပေမဲ့ သေချာတာကတော့ ပေါင်းစပ်ညှိနှိုင်းရေး Platform တစ်ခု ပေါ်လာဖို့ အားလုံးမှာ သဘောထားရှိတယ်ဆိုတဲ့ စုစည်းချက်တစ်ခုတော့ အသေးစိတ် ရရှိခဲ့တယ်။
ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်နဲ့အညီ ဖော်ဆောင်မှုတွေလုပ်မယ်။ အဲဒီမှာလည်း အထင်မှားကြတာ ရှိတယ်။ စစ်ကိုင်းကို ဖက်ဒရယ်ယူနစ်အဖြစ် သွားမှာလားပေါ့။ အဲဒါလည်း မဟုတ်ဘူး။ ဖက်ဒရယ်ယူနစ်အဖြစ် သွားမယ့်ကိစ္စက အသွင်ကူးပြောင်းရေးဆိုင်ရာ အစီအမံတွေပေါ်မှာ မူတည်တယ်။ အသွင်ကူးပြောင်းရေးကာလမှာ ကျင်းပမယ့် တိုင်းပြုပြည်ပြုညီလာခံတွေ၊ နောက်ပြီးကျတော့ အရေးအကြီးဆုံးက ပြည်သူတွေရဲ့ သဘောထားမှာ မူတည်တယ်။
စစ်ကိုင်းကို ဘာလို့စုစည်းရလဲဆိုတော့ လက်ရှိ ရှိပြီးသားနယ်နိမိတ်ကို အခြေပြုပြီး စုစည်းရတာ။ မရှိသေးတဲ့နယ်နိမိတ်ကို အခြေပြုပြီး စုစည်းလို့မရတဲ့အတွက် ရှိပြီးသားကို စုစည်းရတာဖြစ်တယ်။ စစ်ကိုင်းကို ဘာဖြစ်မယ်ဆိုတဲ့မူ ရှိမထားဘူး။ အဲဒါကို ဆွေးနွေးကြတယ်။ အဲဒါဆိုရင် ဒီနယ်နိမိတ်ကြီးက ဘယ်လိုတုန်းဆိုတော့ တိုင်းပြုပြည်ပြုညီလာခံကျမှပဲ ပြည်သူလူထုဆန္ဒနဲ့အညီ သူတို့ဖြစ်လာစေချင်တဲ့ ပုံစံအတိုင်းပဲ ဖြစ်ရမယ်။ ပြည်သူတွေလက်ထဲမှာပဲ ရှိတယ်။
နယ်နိမိတ် သတ်မှတ်သည်ဖြစ်စေ၊ မသတ်မှတ်သည်ဖြစ်စေ ဒေသန္တရအုပ်ချုပ်ရေးကတော့ မဖြစ်မနေ ဖြတ်သန်းရမှာ။ အဲဒီတော့ ဒေသန္တရအုပ်ချုပ်ရေးဆိုင်တဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်တွေ၊ ကိုယ်ပိုင်အုပ်ချုပ်ရေးတွေ၊ ကိုယ့်ကံကြမ္မာကိုယ် ပြဋ္ဌာန်းခွင့်။ အဲဒီမှာလည်း စစ်ကိုင်းကြီးက ကိုယ့်ကံကြမ္မာကိုယ် ပြဋ္ဌာန်းခွင့်အဖြစ် ခွဲထွက်သွားမှာ မဟုတ်ပါဘူး။
စစ်ကိုင်းတိုင်းဒေသထဲမှာရှိတဲ့ မြို့နယ်တွေ၊ ဒေသန္တရတွေရဲ့ ကိုယ့်ကံကြမ္မာကိုယ် ပြဋ္ဌာန်းခွင့်တွေအတွက် ကြိုတင်ပြင်ဆင်မှုတွေ လုပ်ရမယ်။ အထူးသဖြင့် ပြည်သူတွေရဲ့ သဘောဆန္ဒကို ကောက်ယူရမယ်။ အဲဒီအချက်တွေကို ဆွေးနွေးခဲ့ကြတယ်။
သဘောထားစုစည်းချက်တွေ၊ ဆွေးနွေးချက်တွေ အကုန်လုံးက အတည်တော့ မပြုသေးပါဘူး။ သဘောထားတွေပဲ စုစည်းကြတာဖြစ်ပါတယ်။ အဲဒီဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်ပါ ပြဋ္ဌာန်းချက်များနဲ့အညီ ဆိုတဲ့အချက်က အဓိက ကျပါတယ်။
မေး – ဖိုရမ်မှာ ဆွေးနွေးခဲ့တဲ့ သဘောထားစုစည်းချက်တွေနဲ့ ပတ်သက်ပြီး ဘယ်လိုအကောင်အထည်ဖော်သွားမလဲ။
ဖြေ – ဖိုရမ်ဆိုတာက နံပါတ်တစ်ခြေလှမ်းပဲ ရှိသေးတာ။ စကားစုပြောတဲ့အဆင့်ပဲ။ အဲဒီစကားစုပြောတဲ့အဆင့်ကနေမှ နောက်ထပ်လုပ်ငန်းစဉ်တွေ ပေါ်လာမှာ။ စစ်ကိုင်းတိုင်းဆိုတာက ထိလို့ရတဲ့နေရာမှန်သမျှဟာ အလုပ်ရှိတယ်။ စစ်ဘေးရှောင်မှာလည်း အလုပ်ရှိတယ်။ ကာကွယ်ရေးမှာလည်း အလုပ်ရှိတယ်။ အကုန်လုံးက အလုပ်တွေရှိနေကြတာဖြစ်တဲ့အတွက် ဒီအလုပ်တွေကို ဘယ်လိုလုပ်ကြမလဲဆိုတာ အရင်ဆုံး ဆွေးနွေးကြတာ။
ဆွေးနွေးရင်းနဲ့ပဲ နိုင်တဲ့အပိုင်းတွေကို သက်ဆိုင်ရာအဖွဲ့တွေနဲ့ ပေါင်းစပ်ညှိနှိုင်းပြီး လုပ်စရာရှိတာတွေ လုပ်မယ်၊ ဆွေးနွေးမယ်၊ လုပ်မယ်နဲ့ ဖိုရမ်တွေဟာ ဆက်တိုက် အသက်ဝင်လာပြီး လုပ်စရာအလုပ်တွေလည်း ပေါ်လာမှာ။ အခုဖိုရမ်ပြီးသွားတဲ့အခါမှာလည်း သိသွားတဲ့အဖွဲ့တွေဆိုရင် အလုပ်တွေ စလုပ်နေကြပြီ။ ပူးပေါင်းဆောင်ရွက်မှုတွေ၊ ဆွေးနွေးညှိနှိုင်းမှုတွေ စလုပ်နေကြပြီ။ နှစ်ရက် ကျင်းပလိုက်ပြီဆိုတာနဲ့ ပြီးမသွားဘူး။ နောက်ဆက်တွဲ ဂယက်ဆက်နေဦးမှာ။ နောက်ဖိုရမ်ပြီးသွားရင်လည်း အလုပ်တွေရှိသွားဦးမှာ။ အဲဒီလို သွားရင်းသွားရင်းနဲ့ လိုချင်တဲ့ စုဖွဲ့မှုတွေ၊ လိုချင်တဲ့ Platform တစ်ရပ်က ရောက်လာရမယ်ပေါ့။ ချက်ချင်းကြီး ဝုန်းဆို ရောက်လာမှာမဟုတ်ဘူး။
မေး – နောက်ဆုံးမေးခွန်းပါဗျာ၊ ဒေသတွင်းကာကွယ်ရေးအဖွဲ့တွေ စုစည်းမှုအားကောင်းရေး ကိစ္စအတွက်ရော ဘာတွေဆွေးနွေးဖြစ်ခဲ့ကြလဲ။
ဖြေ – အဲဒါတော့ စစ်ရေးကဏ္ဍမှာ ဆွေးနွေးခဲ့ကြတယ်။ စစ်ရေးကဏ္ဍဆွေးနွေးချက်တွေကလည်း CoC (Change of Command) တစ်ခုအောက်မှာ အားလုံးရောက်ရေးပါပဲ။ CoC တစ်ခုအောက်မှာ အားလုံးရောက်မှသာလျှင် ဗျူဟာမြောက်ပွဲတွေ ဆောင်ရွက်နိုင်မှာပါ။
သက်ဆိုင်ရာ CoC အောက်ကို လက်နက်ကိုင်အားလုံး ရောက်ရှိရေးအတွက် ဘာတွေဆက်လုပ်ရမလဲ၊ ဘာတွေညှိနှိုင်းရမလဲဆိုတာကတော့ နောက်ထပ်လုပ်ငန်းစဉ်အနေနဲ့ လာဦးမှာပါ။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)