စစ်ကိုင်းတိုင်းအတွင်း လမ်းပန်းဆက်သွယ်ရေး အချက်အချာကျသည့် မုံရွာ-ဂန့်ဂေါလမ်းပေါ်ရှိ ပုလဲမြို့နယ်တွင် ကျောင်းသားတပ်မတော် (ABSDF) နှင့် ဒေသခံတော်လှန်ရေးအဖွဲ့တို့ ပူးပေါင်းကာ စစ်ကောင်စီကို တိုက်ခိုက်နေသည်။
မြို့နယ်အတွင်း စစ်ကောင်စီလက်နက်ကိုင် အင်အား ၁၀၀ ကျော် လှုပ်ရှားနေရာ ထိုအထဲတွင် ပြည်သူ့စစ် ခေါ် ပျူစောထီးတပ်ဖွဲ့ဝင်တို့လည်း ပါဝင်သည်။
အဆိုပါ စစ်ကောင်စီ စစ်ကြောင်းကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ပုလဲမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) နှင့် ABSDF တို့က ဇွန် ၁၄ တွင် ပူးပေါင်းခုခံကြခြင်းဖြစ်သည်။
ထိုနေ့ နံနက် ၇ နာရီခန့်က ပျူစောထီးအားကောင်းသည့် ဇီးဖြူကုန်းရွာမှ တောင်ဘက် သုံးမိုင်အကွာ မင်းတိုင်ပင်ရွာဘက်သို့ တောလမ်းအသုံးပြု၍ ထွက်လာသည့် စစ်ကောင်စီအဖွဲ့ကို ချုံခိုတိုက်ခိုက်ခဲ့သည်ဟု ထိုဒေသတွင် လှုပ်ရှားနေသည့် ABSDF Column – 3 ပြန်ကြားရေးတာဝန်ခံ အမျိုးသားက ပြောသည်။
“(တော်လှန်ရေးအဖွဲ့တွေ) ပေါင်းပြီး ပျူစောထီးကျေးရွာတွေကို ရိက္ခာဖြတ်ထားတာ။ ရွာထဲကနေ ရွာအပြင်ထွက်လို့မရအောင် လုပ်ထားတာ နှစ်လလောက် ရှိပြီ။ ခုစစ်ကြောင်းက သူတို့ အမာခံရွာတွေကို ရိက္ခာလာပြီး လုယက်ရှာဖွေပေးဖို့ ထိုးလာတာပေါ။ ကျွန်တော်တို့က ကြားဖြတ်တိုက်တာ” ဟု သူက ပြောသည်။
တော်လှန်ရေးအဖွဲ့ဘက်က စတင်ပစ်ခတ်ချိန်တွင် စစ်ကောင်စီအဖွဲ့ အလစ်အငိုက်မိသွားသလို ကြိုတင်စီမံထားသည့် မိုင်းကွင်းအတွင်းသို့ပါ သက်ဆင်းခဲ့၍ စစ်သား ၅ ဦး သေဆုံးကြောင်း၊ ၎င်းတို့ဘက်က ထိခိုက်မှုမရှိကြောင်း ထိုသူက ပြောသည်။
“ရိုင်ဖယ်နှစ်ချက်ပစ်တဲ့အချိန်မှာ လက်နက်ငယ်ပဲ ပါတယ်လို့ ထင်တာလား မသိဘူး၊ ရှေ့တက်လာတာ။ မိုင်းကွင်းထဲ ရောက်တဲ့အချိန်မှာ သုံးယောက်သေသွားတာ။ မျက်မြင်ပဲ။ ကျွံထွက်လာသူတစ်ယောက် မှောက်သွားတာလဲ ကျွန်တော့်မျက်မြင်ပဲ” ဟု သူက ပြောသည်။
နှစ်ဖက်အပြန်အလှန် ၁၅ မိနစ်ခန့် ပစ်ခတ်ခဲ့ကြပြီးနောက် စစ်ကောင်စီအဖွဲ့က ဇီးဖြူကုန်းရွာသို့ ပြန်လည်ဆုတ်ခွာသွားသည်ဟု အထက်ပါ ABSDF တာဝန်ရှိသူက ဆိုသည်။
ပုလဲမြို့အနောက်ဘက် ၉ မိုင်ခန့်အကွာမှ ဇီးဖြူကုန်းရွာတွင် စစ်တပ်က လွန်ခဲ့သည့် တစ်နှစ်ကျော်ကတည်းက အထိုင်ချတပ်စွဲကာ ပျူစောထီးအဖွဲ့ဝင်များ စုဆောင်းပြီး စစ်သင်တန်းပေးနေခြင်းဖြစ်သည်။
ထိုရွာတွင် ပျူစောထီး ၇၀ ခန့် ရှိနိုင်ကြောင်း၊ တော်လှန်ရေးအဖွဲ့များက ဝိုင်းပတ်ပိတ်ဆို့ထားသဖြင့် စစ်ကြောင်းလာချိန်မှသာ ပျူစောထီးများ ရွာပြင်ထွက်၍ လှုပ်ရှားလေ့ရှိကြောင်း ပုလဲမြို့နယ် ပကဖတာဝန်ခံ ကိုဇော်ထက်က ပြောသည်။
“ပျူရွာတွေ ရိက္ခာပြတ်ရင် စစ်ကြောင်းလာပေးရတယ်။ အဲစစ်ကြောင်းကို အမှီပြုပြီး ပျူရွာတွေက ထွက်ပြီးတော့ လုယက်ကြတာကို၊ တစ်လ တစ်ကြိမ်လောက် (ရွာပြင်ထွက်ပြီး) ရိက္ခာလာရှာနေကျပဲ” ဟု သူက ပြောသည်။
အထက်ပါဖြစ်စဉ်များနှင့် ပတ်သက်၍ သီးခြားအတည်မပြုနိုင်သေးလို စစ်ကောင်စီက နှုတ်ဆိတ်နေဆဲဖြစ်သည်။
ထိုကျေးရွာရှိ အခိုင်အမာတည်ဆောက်ထားသည့် ပျူစောထီးစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်များ မကြာခဏတိုက်ခိုက်လေ့ရှိသည်။ ပြီးခဲ့သည့် မတ်လအတွင်းကပင် ဗိုလ်နဂါး ဦးဆောင်သည့် မြန်မာ့တော်ဝင်နဂါးတပ်တော် (MRDA) တပ်က အဆိုပါရွာကို ဝင်ရောက် တိုက်ခိုက်ခဲ့သေးသည်။ ထိုစဉ်က တိုက်ပွဲကို စစ်ကောင်စီ လေတပ်ကလည်း ပါဝင်တိုက်ခိုက်ရာ ကာကွယ်ရေးအဖွဲ့ဝင်လေးဦးအထိ သေဆုံးခဲ့သည်။
တောတောင်ပေါများသည့် ပုလဲမြို့နယ်သည် မကွေးတိုင်းနှင့် နယ်နိမိတ်ချင်း ထိစပ်နေပြီး လမ်းပန်းဆက်သွယ်ရေးအရ အချက်အချာကျသည့် ဒေသဖြစ်သည်။ အာဏာသိမ်းပြီး နှစ်နှစ်ကျော်အတွင်း တော်လှန်ရေးအဖွဲ့များ အားကောင်းသည့် ဒေသများတွင် ပုလဲမြို့နယ်သည်လည်း အပါအဝင်ဖြစ်သည်။
နိုင်ငံအနှံ့ ခုခံမှုများ ရင်ဆိုင်နေရသည့် စစ်ကောင်စီက နိုင်ငံအလယ်ပိုင်းရှိ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းတို့တွင် အရပ်သားအချို့ကို နည်းမျိုးစုံဖြင့် စည်းရုံး၍ ပျူစောထီးအဖွဲ့များဖွဲ့ကာ စစ်ရေးလှုပ်ရှားမှုများ လုပ်နေသည်။ တော်လှန်ရေးအဖွဲ့များ ရှိနိုင်သည်ဟု ယူဆရသည့် နေရာများကို လက်နက်ကြီး၊ လေကြောင်းပစ်ခတ်မှုများပါ သုံး၍ တိုက်ခိုက်နေရာ ကလေးများ အပါအဝင် အရပ်သားအများအပြား ထိခိုက်နေသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)