သတင်း

ပုလဲမြို့ ပျူရွာတိုက်ပွဲတွင် PDF လေးဦးနှင့် အမျိုးသမီးတစ်ဦး သေဆုံး

ယမန်နေ့ (မတ် ၂၁) က စစ်ကိုင်းတိုင်းတောင်ပိုင်း ပုလဲမြို့နယ်တွင် စစ်တပ်နှင့် ပျူစောထီးများ တပ်စွဲထားသည့်ရွာကို ပူးပေါင်းတိုက်ခိုက်ခဲ့စဉ် ဒေသကာကွယ်ရေးအဖွဲ့ဝင် ၄ ဦးနှင့် ဒေသခံ​အမျိုးသမီး ၁ ဦး သေဆုံးခဲ့သည်ဟု သိရသည်။

ဒေသခံများအကြား ပျူရွာဟု ထင်ရှားသည့် ပုလဲမြို့အနောက်ဘက် ၉ မိုင်ခန့်အကွာမှ ဇီးဖြူကုန်းရွာကို တိုက်ခိုက်စဉ် စစ်ကောင်စီဘက်က လက်နက်ကြီးများပစ်ခတ်ရာ တစ်မိုင်ခန့်အကွာရှိ သရက်ရွာမှ အမျိုးသမီးတစ်ဦး ထိမှန်သေဆုံးကာ ကာကွယ်ရေးအဖွဲ့ဝင် ၄ ဦးမှာမူ စစ်ရဟတ်ယာဉ်ဖြင့် အပစ်ခံရခြင်းဖြစ်သည်။

ဇီးဖြူကုန်းရွာတွင် လွန်ခဲ့သည့် တစ်နှစ်ကျော်ကတည်းက စစ်တပ်က အထိုင်ချတပ်စွဲကာ စစ်သင်တန်းပေးပြီး ပျူစောထီးအဖွဲ့ဝင်များ စုဆောင်းနေခြင်းဖြစ်သည်။ ထိုရွာကို ယမန်နေ့ နံနက် ၅ နာရီဝန်းကျင်၌ မြန်မာ့တော်ဝင်နဂါးတပ်တော် (MRDA) အပါအဝင် ဒေသကာကွယ်ရေးအဖွဲ့များ ပူးပေါင်းကာ စီးနင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

နံနက် ၇ နာရီကျော်တွင် ဇီးဖြူကုန်းရွာအတွင်းရှိ စစ်တပ်နှင့် ပျူစောထီးအဖွဲ့ဝင်များက လက်နက်ကြီးဖြင့် ပစ်ခတ်ကြောင်း၊ ထို့နောက် တိုက်ပွဲဆက်ပြင်းထန်နေချိန် စစ်ရဟတ်ယာဉ်တစ်စီး ရောက်လာကာ ပစ်ခတ်ကြောင်း တစ်မိုင်ခန့်အကွာရှိ ဒေသခံများက ဆိုသည်။

လက်နက်ကြီးထိမှန် သေဆုံးခဲ့သည့် အမျိုးသမီးမှာ သရက်ရွာမှ အသက် ၆၀ အရွယ် ဒေါ်ခင်ဝင်းဖြစ်သည်ဟု ရွာခံအမျိုးသားတစ်ဦးက ပြောသည်။

“ရွာခံတွေက ရှောင်ကြတိမ်းကြဖို့ ပြင်ကြဆင်ကြတာပါ့။ ၇ နာရီကျော်လောက် ရှိပြီ။ သူက အိမ်ထဲမှာ ရှိနေတုန်း မှန်သွားတာ။ ရင်ညွန့်ကို မှန်သွားတာ။ ၁၅ မိနစ်လောက် အကြာမှာ ဆုံးသွားတယ်။ အဖွဲ့တွေ လာတိုက်တော့ ပျူတွေ ရွာထဲကနေ ပြန်ပစ်တာ”

ဒေသကာကွယ်ရေးအဖွဲ့များက ဝိုင်းဝန်းတိုက်ခိုက်နေစဉ် နံနက် ၈ ခန့်တွင် စစ်ရဟတ်ယာဉ်တစ်စီး လာရောက်လာကာ နာရီဝက်ကြာ ပစ်ခတ်ခဲ့သည်ဟုလည်း သိရသည်။

လေကြောင်းတိုက်ခိုက်မှုကြောင့် ပြန်လည်ဆုတ်ခွာခဲ့ရပြီး ကာကွယ်ရေးအဖွဲ့ဝင် ၄ ဦး သေဆုံးကာ ၅ ဦး ထိခိုက်ဒဏ်ရာရသည်ဟု MRDA က သတင်းထုတ်ပြန်သည်။ ဇီးဖြူကုန်းရွာရှိ စစ်တပ်ကို လက်နက်ကြီး အလုံး ၂၀၀ နီးပါးဖြင့် တိုက်ခိုက်ခဲ့ပြီး ပစ္စည်းသိုလှောင်သည့် အဆောက်အအုံအများစုကို ဖျက်ဆီးနိုင်သည့်အပြင် စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုရှိသည်ဟု ဆိုသည်။

စစ်ကောင်စီလက်နက်ကိုင်တို့ ထိခိုက်သေဆုံးသည်ဟူသော ပြောဆိုချက်နှင့် ပတ်သက်၍ သီးခြားအတည်မပြုနိုင်သေးပေ။

ချင်းပြည်နယ်၊ မကွေးတိုင်းတို့နှင့် ထိစပ်နေသော ပုလဲနယ်တွင် စစ်တပ်က အာဏာသိမ်းပြီးနောက် ဒေသခံ လက်နက်ကိုင်တော်လှန်ရေးအဖွဲ့များစွာ ပေါ်ပေါက်ခဲ့ရာ ထိုအထဲတွင် ဗိုလ်နဂါးဦးဆောင်သည့် MRDA လည်း အပါအဝင်ဖြစ်သည်။

ထိုဒေသကာကွယ်ရေးအဖွဲ့များ၏ တိုက်ခိုက်မှုများကြောင့် ပုလဲနယ်တွင် ပြီးခဲ့သည့်နှစ်အတွင်း တိုက်ပွဲများ အကြီးအကျယ်ဖြစ်ပွားခဲ့သည်။

လက်ရှိတွင် ပုလဲနယ်မြို့နယ်အတွင်း အချက်အချာကျသော နေရာများ၌ စစ်တပ်က အထိုင်ချ တပ်စွဲထားသည်။ ဇီးဖြူကုန်းရွာအပြင် ပုလဲ – ဂန့်ဂေါလမ်းပေါ်ရှိ ကန့်ဒေါင့်နယ်မြေရဲစခန်းတွင် စစ်တပ်နှင့် ရဲ အင်အား ၄၀ ခန့်၊ ထိုစခန်းမှ နှစ်မိုင်ခန့်အကွာ အင်မထီးရွာတွင် စစ်သားနှင့် ပျူ အင်အား ၈၀ ခန့် တပ်စွဲထားသည်ဟု ဒေသခံတို့ထံမှ သိရသည်။

စစ်တပ်နှင့် ပျူစောထီးများ စခန်းချထားသည့် ဇီးဖြူကုန်းရွာကို တော်လှန်ရေးအဖွဲ့များက မကြာခဏ တိုက်ခိုက်လေ့ရှိရာ ပြီးခဲ့သည့်နှစ် မေလအတွင်းက ဝင်ရောက်စီးနင်းစဉ် စစ်ကောင်စီဘက်မှ လေကြောင်းပစ်ကူပေးရသည်အထိ တိုက်ပွဲပြင်းထန်ခဲ့သည်။

ဗျူဟာအရ အရေးပါသော ပုလဲ – ဂန့်ဂေါ လမ်းပေါ်ရှိ ကမ်းဒေါင့်ရဲစခန်းလုံခြုံရေးအတွက် အင်မထီးနှင့် ဇီးဖြူကုန်းရွာ မကျစေရေး စစ်တပ်က လေကြောင်းဖြင့် ခုခံကာကွယ်နေခြင်းဖြစ်သည်ဟု ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ခေါင်းဆောင် ဦးဇော်ထက်က မှတ်ချက်ပြုသည်။

“ဒီပျူရွာနှစ်ရွာ ကျသွားရင် အဓိက စစ်ရေးဗျူဟာအရ အဓိကကျတဲ့ ပုလဲ – ဂန့်ဂေါလမ်းပေါ်မှာရှိတဲ့ နယ်မြေခံစခန်းကလည်း မလုံခြုံတော့ဘူးလေ။ အဲ့ဒါကြောင့် ဒီဟာတွေ လုံခြုံဖို့ရာက ပျူရွာတွေ အထောက်အခံရှိနေမှဆိုတော့ သူတို့က ပျူရွာနှစ်ရွာကို တတ်နိုင်သမျှတော့ သေချာကို ထောက်ပေးနေတာပေါ့”

စစ်ကောင်စီတပ်က လက်နက်တပ်ဆင်ပေးထားသော ပြည်သူ့စစ်များကို ဒေသခံတို့က ပျူစောထီးဟု ခေါ်ကြသည်။

ဇီးဖြူကုန်းရွာရှိ စစ်တပ်နှင့် ပျူစောထီးများရန်ကြောင့် အနီးဝန်းကျင်ရွာများအနေဖြင့် စိုက်ပျိုးရေးလုပ်ငန်းများ လစ်ဟင်းကာ စားဝတ်နေရေး အခက်ကြုံနေရသည်ဟု ဇီးဖြူကုန်းအနီး သရက်ရွာမှ ရွာသားက ဆိုသည်။

“တောင်သူလုပ်ကွက်တွေက ဇီးဖြူကုန်းနဲ့ သရက်ကြားတင်ကိုး။ အဲ့တော့ စိုက်ရေးပျိုးရေးလည်း မလုပ်နိုင်ဘူး။ ကျပန်းလုပ်နေရတာပါ့။ ဈေးလေးဘာလေးလည်း ရောင်းချစားနေရတာပါ့။ ရွာကို ခဏခဏ လာခံရတာဗျ။ စစ်ကြောင်းရှိရင်တော့ သတိထားနေရတာပါ့။ စစ်ကြောင်းလာရင်တော့ တစ်ရွာလုံး ရှောင်ကြ တိမ်းကြရတာပါ့”

အာဏာသိမ်းကာလ နှစ်နှစ်ပြည့်ချိန်တွင် စစ်ကောင်စီက ၎င်းတို့ ထိန်းချုပ်နိုင်ခြင်း မရှိသော မြို့နယ်များကို စစ်အုပ်ချုပ်ရေးကြေညာကာ အပြင်းအထန် ဖိနှိပ်ဖြိုခွင်းနေသည်။ ခုခံတော်လှန်မှု ပြင်းထန်သော စစ်ကိုင်းတိုင်း၌ မြို့နယ်ပေါင်း ၁၄ ခုအထိ စစ်အုပ်ချုပ်ရေး ကြေညာခံထားရသည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်း စစ်ကိုင်းတိုင်းမြို့တော် မုံရွာသို့ အာဏာသိမ်းခေါင်းဆောင် ပထမဆုံးအကြိမ် ရောက်လာကာ တပ်တွင်းစည်းလုံးရေးကို အလေးထားတိုက်တွန်းခဲ့သည်ကို တွေ့ရသည်။  

စစ်ကိုင်းတိုင်းအတွင်းရှိ မြို့ရွာများတွင် စစ်တပ်က နေ့စဉ်နှင့်အမျှ စစ်ကြောင်းထိုး စီးနင်းတိုက်ခိုက်နေသည့်နည်းတူ ဒေသခံ တော်လှန်ရေးအဖွဲ့များကလည်း ခုခံတိုက်ခိုက်နေဆဲဖြစ်သည်။  

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button