ဇွန် ၁၁ ရက်နေ့က စစ်တပ်နှင့် ကိုးကန့်အဖွဲ့ (MNDAA) တို့ တိုက်ပွဲဖြစ်သည့် ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့နယ်တွင် လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် အမျိုးသမီးတစ်ဦး သေဆုံးကာ ၎င်း၏ ရှစ်လသားအရွယ်ကလေး ဒဏ်ရာရသွားသည်။
မြို့အရှေ့ဘက် မိုင် ၂၀ ခန့်အကွာ မန်ဘန်ကျေးရွာအတွင်း ယင်းနေ့ နံနက် ၁၀ နာရီခန့်တွင် အင်အား ၇၀ ဝန်းကျင် စစ်ကောင်စီစစ်ကြောင်းတစ်ခု ရောက်သွားပြီးနောက် မွန်းလွဲ ၁ နာရီ ဝန်းကျင်၌ MNDAA တပ်ဖွဲ့ဝင်တချို့ ရွာထဲဝင်လာစဉ် တိုက်ပွဲ ၃ နာရီကြာ ဖြစ်ပွားခဲ့သည်။
စစ်တပ်က နေအိမ်များကို အကာအကွယ်ယူ ပစ်ခတ်ခဲ့ပြီး လက်နက်ကြီးကျည် နေအိမ်တစ်လုံးအတွင်း ကျရောက်ပေါက်ကွဲရာ အသက် ၃၈ နှစ် ဒေါ်မာယွန် ပွဲချင်းပြီး သေဆုံးသည်ဟု မန်ဘန်ရွာခံ အမျိုးသားတစ်ဦးက ပြောသည်။
“အိမ်မှာ ပုန်းနေတုန်း သူ့အိမ်က တစ်ခန်းလုံး ခေါင်မိုးပွင့်သွားတာပဲ။ ဒေါ်မာယွန်ရဲ့ နောက်ကျော၊ ဦးခေါင်း၊ ခြေထောက်မှာတွေ ထိတာ။ သွေးတွေ အရမ်းစွန်းနေတော့ စောင်နဲ့ပတ်၊ ဖျာနဲ့ပတ်ပြီးတော့ (နေ့ချင်း) သွားသင်္ဂြိုဟ်လိုက်ရတာ။ သူ့ကို သင်္ဂြိုဟ်တဲ့ချိန်မှာ လက်နက်ကြီးသံတွေ ကြားနေရတုန်းပဲ” ဟု ထိုသူက ပြောသည်။
သူ၏ ရှစ်လသား ကလေးငယ်မှာ ဝမ်းဗိုက်နှင့် ခြေထောက်တို့တွင် လက်နက်ကြီးစ ထိမှန်ခဲ့ပြီး လားရှိုးမြို့ပြည်သူ့ဆေးရုံတွင် အရေးပေါ်ကုသမှု ခံယူနေရကြောင်း သူက ဆက်ပြောသည်။
ပေါက်ကွဲခဲ့သည့် လက်နက်ကြီးကျည်မှာ မည်သည့်တပ်ဖွဲ့ဘက်က ပစ်ခတ်ခဲ့ခြင်း ဖြစ်ကြောင်း အတည်မပြုနိုင်သေးပေ။
တိုက်ပွဲကြောင့် ရွာခံများသည် နီးစပ်ရာ မြို့ပေါ်နင့် တောတောင်၊ တောင်ယာများအတွင်း ထွက်ပြေး တိမ်းရှောင်ခဲ့ပြီး လားရှိုးမြို့အမှတ် (၂) ရပ်ကွက်၊ စံကောင်းလမ်းရှိ ခရစ်ယာန်ဘုရားကျောင်းတွင် မန်ဘန်ရွာခံ ၄၈ ဦး ခိုလှုံနေသည်။
ဘုရားကျောင်းရောက် ရွာခံများအတွက် ကျန်းမာရေး၊ စားနပ်ရိက္ခာနှင့် အရေးပေါ်အထောက်အကူပြုပစ္စည်းများ လိုအပ်နေဆဲဖြစ်သည်ဟု ၎င်းက ဆိုသည်။
လူဦးရေ ၄၀ ဝန်းကျင်ခန့် နီးစပ်ရာဆွေမျိုးများထံ တိမ်းရှောင်နေထိုင်နေကြပြီး တောထဲတွင် ကလေး၊ လူကြီး အပါအဝင် ဒေသခံ ၅၀ ကျော် နေရပ်မပြန်နိုင်သေးဘဲ ပိတ်မိနေသေးကြောင်း အထက်ပါရွာသားက ယနေ့ (ဇွန် ၁၄) နံနက်ပိုင်းတွင် ပြောသည်။
“တိုက်ပွဲဖြစ်တဲ့ ည ၉ နာရီလောက်မှာ ပုန်းနေတဲ့သူတွေကို လိုက်ရှာရင်း နောက်တစ်နေ့ မနက်မှ တွေ့တာ။ ဟိုတောမှာ တောင်ယာတွေမှာ သွားအောင်းနေသူတွေ အားလုံးကိုတော့ ပြန်မခေါ်လာနိုင်သေးဘူး။ မနေ့ညလည်း တစ်ဖွဲ့ကို သွားခေါ်တယ်။ ဒီနေ့ပြန်သွားကြမလို့၊ မိုးအရမ်းရွာနေတယ်” ဟု လုံခြုံရေးအရ အမည်မဖော်လိုသူ ထိုအမျိုးသားက Myanmar Now ကို ပြောသည်။
ကချင်လူမျိုးအများစု နေထိုင်ပြီး အိမ်ခြေ ၃၄ အိမ်ရှိကာ လူဦးရေ ၁၇၀ ကျော် ရှိသော မန်ဘန်ကျေးရွာတွင် စစ်တပ်က တပ်စွဲထားဆဲဖြစ်သည်ဟု အများက ယူဆကြသည်။
မန်ဘန်ရွာအနီး ယခင်က လက်နက်ကိုင်များ သွားလာလှုပ်ရှားမှု မရှိသော်လည်း ပြီးခဲ့သည့် ဇွန် ၅ ရက်နေ့က အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရခမ) တည်ရှိရာ လားရှိုးမြို့ပေါ်အထိ တိုက်ခိုက်ခံရမှုများကြောင့် စစ်တပ်က ရွာများကို စစ်ကြောင်းထိုးလာခြင်း ဖြစ်သည်ဟု ဒေသခံတို့က ယူဆသည်။
ယင်းနေ့တွင် MNDAA က လားရှိုးမြို့ အားကစားကွင်းရှေ့မျက်နှာစာရှိ အမှတ် (၁၂) ရပ်ကွက် ရဲစခန်း၊ အမှတ် (၅) ရပ်ကွက်ရှိ အမှတ် (၅၀၇) ခြေမြန်တပ်ရင်းနှင့် မြို့အနီး ပန်ဟုန်းရွာရှိ စစ်တပ်စခန်းတို့ကို တိုက်ခိုက်ခဲ့သည်။
ဇွန်လဆန်းပိုင်း တရုတ်၏ ကြားဝင်မှုဖြင့် ပြုလုပ်ခဲ့သော စစ်တပ်နှင့် MNDAA, AA, TNLA မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ သုံးဖွဲ့တို့ တွေ့ဆုံဆွေးနွေးပွဲ အချိန်မတိုင်မီ ရပ်ဆိုင်းလိုက်ကြပြီးနောက် MNDAA နှင့် စစ်တပ်တို့ တိုက်ပွဲပြင်းထန်နေသည်။
ဇွန် ၉ တွင်လည်း စစ်ကောင်စီတပ်က လားရှိုးမြို့အနီးရှိ တအာင်း/ပလောင်တိုင်းရင်းသားများ နေထိုင်ရာ ကျေးရွာ ၅ ရွာ၏ ကျေးရွာဆိုင်းဘုတ်များကို တအာင်းအလံနှင့် တအာင်းစာ ပါဝင်နေသည်ဟု ဆိုကာ လိုက်လံဖျက်ဆီးကြောင်း ဒေသခံများထံမှ သိရသည်။
စစ်ကောင်စီက တိုက်ပွဲသတင်းများကို ထုတ်ပြန်ခြင်း မရှိပေ။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)