သတင်း

ရှမ်းမြောက်တွင် လေးရက်ဆက် တိုက်ပွဲဖြစ်ပြီးနောက် စစ်ကောင်စီက အင်အားတိုးချ

တရုတ်၏ ကြားဝင်မှုဖြင့် ပြုလုပ်ခဲ့သော မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ သုံးဖွဲ့နှင့် တွေ့ဆုံဆွေးနွေးပွဲ ပျက်ပြယ်ပြီးနောက် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် လေးရက်ဆက် တိုက်ပွဲများဖြစ်ခဲ့ကာ လက်ရှိတွင် စစ်ကောင်စီဘက်က အင်အားတိုးချထားကြောင်း သိရသည်။

ရက္ခိုင့်တပ်တော် (AA)၊ တအာင်းအဖွဲ့ (TNLA) နှင့် ကိုးကန့်အဖွဲ့ (MNDAA) တို့ ပူးပေါင်းထားသည့် မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဖွဲ့နှင့် အာဏာသိမ်းစစ်ကောင်စီတို့ ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းလားမြို့၌ သုံးရက်ကြာ ဆွေးနွေးရန် စီစဉ်ခဲ့သော ဒုတိယမြောက်နေ့အရောက် ရပ်ဆိုင်းခဲ့သည်။

စစ်ကောင်စီ ကိုယ်စားလှယ်များနှင့် တွေ့ဆုံဆွေးနွေးနေစဉ် ဇွန် ၂ ရက်နေ့ နံနက်ပိုင်း၌ပင် ရှမ်းပြည်နယ်မြောက်ပိုင်း သိန္နီမြို့နယ်ရှိ MNDAA ၏ တပ်စခန်းကို စစ်တပ်က ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ တစ်နာရီကြာ တိုက်ပွဲဖြစ်ခဲ့သည်။ ကိုးကန့်လက်နက်ကိုင်အဖွဲ့ စခန်းကို စစ်တပ်က အင်အား ၇၀ ကျော်ဖြင့် ဝင်တိုက်ခဲ့ခြင်းဖြစ်သည်။

ထို့နောက် တရုတ်-မြန်မာနယ်စပ်အနီး လောက်ကိုင်မြို့နယ်အတွင်း စစ်ကြောင်းထိုးလာသော စစ်တပ်နှင့် ယခုလ ၄ ရက်နေ့အထိ တိုက်ပွဲများ ဆက်ဖြစ်ခဲ့ကာ စစ်ကောင်စီဘက်က အင်အားတိုးချလာနေသည်ဟု MNDAA မီဒီယာဖြေကြားခွင့်ရှိသူ ဦးရန်နိုင်က ယနေ့ (ဇွန် ၈) ပြောသည်။

“(စစ်တပ်ယာဉ်တန်း) လောက်ကိုင်ကနေ တာရွှေထန်ကို သွားတယ်။ တာရွှေထန်ကနေ တိုက်ပွဲဖြစ်ပွားခဲ့တဲ့ နေရာတွေကို အင်အားထပ်ဖြည့်နေတယ်။ စစ်ရေးက တင်းမာနေဆဲပဲ”

ယာဉ်အစီးရေ ၂၀ ကျော် ပါဝင်သည့် စစ်ကောင်စီယာဉ်တန်းသည် ယမန်နေ့ (ဇွန် ၇) နံနက်ပိုင်းတွင် တာရွှေထန်ကျေးရွာအနီး ရောက်လာခဲ့သည်ဟု ဆိုသည်။

လောက်ကိုင်မြို့အနောက်တောင်ဘက်ရှိ တုံရှမ်းဒေသတွင် MNDAA နှင့် စစ်တပ်တို့ ယခုလ ၃ ရက်နေ့က နှစ်ကြိမ်တိုင် တိုက်ပွဲဖြစ်သည့်နည်းတူ နောက်တစ်ရက်တွင်လည်း ထိုဒေသ၌ပင် စစ်ကောင်စီက အင်အား ၁၀၀ ကျော်ဖြင့် စစ်ကြောင်းထိုးလာသဖြင့် တိုက်ပွဲဆက်ဖြစ်ခဲ့သည်။

ယခုလ ၄ ရက်နေ့က တိုက်ပွဲအတွင်း ၎င်းတို့ဘက်မှ တစ်ဦး သေဆုံး၊ တစ်ဦး ဒဏ်ရာရရှိသည့်နည်းတူ စစ်ကောင်စီဘက်တွင်လည်း ထိခိုက်သေဆုံးမှုရှိသည်ဟု ဦးရန်နိုင်က ဆိုသည်။

“စစ်ကောင်စီရော ကျွန်တော်တို့ကို သစ္စာဖောက်ခဲ့တဲ့ လောက်ကိုင်ပြည်သူ့စစ်ရော စစ်ကြောင်းထိုးလာတယ်လေ။ အဲဒီနေ့က စစ်ကားတစ်စီးကို ဖောက်ခွဲနိုင်ခဲ့တယ်။ ၈ ယောက်လောက်ကို ချေမှုန်းနိုင်ခဲ့တယ်”

ဇွန် ၅ ရက်တွင် MNDAA တပ်မဟာ (၅၁၁) အခြေစိုက်ရာ တာရွှေထန်ကျေးရွာအုပ်စုအနီး စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်နှင့် တစ်နေကုန်နီးပါး တိုက်ပွဲထပ်ဖြစ်သည့်နည်းတူ လားရှိုးမြို့အနီးရှိ စစ်တပ်စခန်းများကို MNDAA က ဝင်ရောက်တိုက်ခိုက်ခဲ့သည်။

လားရှိုးမြို့ပေါ်ရှိ ရဲစခန်းနှင့် အနီးအနားရှိ စစ်တပ်စခန်းများကို ဝင်ရောက်တိုက်ခိုက်ရာ၌ MNDAA လက်နက်တပ်ဆင်ပေးထားသည့် တိုင်းရင်းသားမဟာမိတ် တပ်မဟာ (၆၁၁) လည်း ပါဝင်ခဲ့သည်ဟု ဦးရန်နိုင်က အတည်ပြုသည်။

ယခုနှစ် ဇန်နဝါရီလဆန်းက ပေါ်ပေါက်လာသည့် တပ်မဟာ (၆၁၁) မှာ နွေဦးတော်လှန်ရေးအတွင်း လက်နက်ကိုင်လမ်းစဉ် ရွေးချယ်ခဲ့ကြသည့် နိုင်ငံတစ်ဝန်းမှ လူငယ်များဖြင့် ဖွဲ့စည်းထားသည့်တပ်မဟာဖြစ်သည်ဟု သိရသည်။ သို့သော် အင်အားမည်မျှရှိသည်ကိုမူ မသိရပေ။

ထိုနေ့က လားရှိုးမြို့ အားကစားကွင်းရှေ့မျက်နှာစာရှိ အမှတ် (၁၂) ရပ်ကွက် ရဲစခန်း၊ အမှတ် (၅) ရပ်ကွက်ရှိ အမှတ် (၅၀၇) ခြေမြန်တပ်ရင်းနှင့် မြို့အနီး ပန်ဟုန်းရွာရှိ စစ်တပ်စခန်းတို့ကို MNDAA နှင့် အပေါင်းအပါများက တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

နှစ်ဖက်လုံးမှ အခြေစိုက်စခန်းများ တည်ရှိရာ တရုတ်-မြန်မာနယ်စပ်အနီး လောက်ကိုင်မြို့နယ် တာရွှေထန်ရွာအနီးတွင် စစ်ရေးဆက်လက်တင်းမာနေသည်ဟု MNDAA ပြောခွင့်ရ ဦးရန်နိုင်က ဆိုသည်။

“နှစ်ဖက်စလုံးက သတိထားပြီး နေနေရတော့ ထိုးစစ်ဆင်လာတာက မဆန်းပါဘူး။ ကျွန်တော်တို့ လှုပ်ရှားနယ်မြေကို သူတို့ (စစ်ကောင်စီ) ဒီထက် ထိန်းချုပ်ချင်နေတာ ဖြစ်တယ်”

မိုင်းလားမြို့ တွေ့ဆုံဆွေးနွေးပွဲ ပျက်ပြယ်ပြီးနောက် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ဖြစ်ပွားနေသော တိုက်ပွဲများနှင့် ပတ်သက်၍ စစ်ကောင်စီက တစ်စုံတစ်ရာ ထုတ်ဖော်ပြောဆိုခြင်း မရှိပေ။

ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းလားမြို့တွင် မြောက်ပိုင်းမဟာမိတ်ညီနောင်သုံးဖွဲ့နှင့် စစ်ကောင်စီကိုယ်စားလှယ်များ တွေ့ဆုံခဲ့စဉ်။

ယူနယ်ပြည်နယ်မှ တရုတ်အစိုးရကိုယ်စားလှယ် ပါဝင်သည့် မိုင်းလားတွေ့ဆုံပွဲတွင် စစ်ကောင်စီကိုယ်စားပြု ဗိုလ်ချုပ်ကြီးများနှင့် MNDAA, TNLA , AA တာဝန်ရှိသူများအပြင် ကိုးကန့်၊ ပလောင်နှင့် ရခိုင်လက်နက်ကိုင်အဖွဲ့၏ နိုင်ငံရေးပါတီကိုယ်စားလှယ်များ ပါဝင်ခဲ့သည်။

ဆွေးနွေးပွဲ ပထမနေ့၌ မပြီးပြတ်သေးသော ကိစ္စများ ညှိနှိုင်းခဲ့ကြပြီး နှစ်ဖက်အဆင်ပြေသည့်အချိန်၌ ပြန်လည်တွေ့ဆုံမည်ဟု ယခုလ ၂ ရက်နေ့တွင် စစ်ကောင်စီက သတင်းထုတ်ပြန်ခဲ့သော်လည်း အသေးစိတ်ဖော်ပြခြင်း မရှိပေ။

မိုင်းလားတွေ့ဆုံပွဲ၌ ဆွေးနွေးချက်များမှာ ယေဘုယျသဘောဆန်ပြီး စစ်ကောင်စီနှင့် တွေ့ဆုံသော်လည်း ၎င်းတို့၏ ရပ်တည်ချက် အပြောင်းအလဲမရှိကြောင်း AA တာဝန်ရှိ သူ ဦးခိုင်သုခက ထုတ်ဖော် ပြောဆိုသည်။

“ကျွန်တော်တို့ ရပ်တည်ချက်ကတော့ အရင်အတိုင်းပါပဲ။ ဘာမှ အပြောင်းအလဲမရှိပါဘူး”

စစ်တပ်က အာဏာသိမ်းပြီးနောက် MNDAA, TNLA, AA တို့နှင့် စစ်ကောင်စီတို့အကြား တိုက်ပွဲများ အပြင်းအထန်ဖြစ်ခဲ့သည့်နည်းတူ မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင် ထိုတိုင်းရင်းသားလက်နက်ကိုင်သုံးဖွဲ့က နိုင်ငံတစ်ဝန်းရှိ လက်နက်ကိုင်တော်လှန်သူ လူငယ်များကို စစ်ပညာသင်ပေးခြင်း၊ လက်နက်တပ်ဆင်ပေးခြင်းများ ရှိသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button