သတင်း

ကျောက်တံခါးတွင် ဗိုလ်မှူးနှင့် ရွာအုပ်ချုပ်ရေးမှူး ပစ်သတ်ခံရ

ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ် စစ်ကောင်စီအဖွဲ့ဝင် ဗိုလ်မှူးနေလင်းဦးနှင့် ဗောဓိကွင်းရွာအုပ်ချုပ်ရေးမှူး သူရ ဆိုသူတို့ကို ယမန်နေ့ (ဇွန် ၇) မွန်းလွဲက ပစ်သတ်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ပခူးတိုင်း သတင်းနှင့် ပြန်ကြားရေးတာဝန်ရှိသူက ပြောသည်။

ဆိုင်ကယ်အတူစီးလာသော ထိုနှစ်ဦးကို ယင်းနေ့ မွန်းလွဲ ၁ နာရီတွင် ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး လုံခြုံရေးအခြေအနေကြောင့် ဖြစ်စဉ်အသေးစိတ်ကို မထုတ်ပြန်နိုင်သေးကြောင်း ၎င်းက ဆိုသည်။

“ကျောက်တံခါးမြို့ရဲ့ လမ်းမတစ်နေရာမှာ တော်လှန်ရေးပူးပေါင်းအဖွဲ့တွေ ထိပ်တိုက်တွေ့လိုက်တဲ့အချိန် ကျွန်တော်တို့ဘက်က ပစ်ခတ်ခဲ့တယ်” ဟု ၎င်းက ဆိုသည်။

၎င်းတို့နှစ်ဦးလုံး ဆေးရုံအရောက်တွင် သေဆုံးသွားကြောင်း ပဲခူးတိုင်းစစ်ဒေသခွဲကလည်း ယမန်နေ့က သတင်းထုတ်ပြန်ထားသည်။

အရပ်သားအစိုးရကို ဖြုတ်ချကာ စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီအဖွဲ့ အဆင့်ဆင့်ဖွဲ့စည်းရာတွင် မြို့နယ်အဆင့်၌ ဗိုလ်မှူးတစ်ဦးကို အဖွဲ့ဝင် (၁) အဖြစ် ခန့်အပ်ထားကြောင်း၊ အသတ်ခံရသည့် ဗိုလ်မှူးအပါအဝင် စစ်ကောင်စီဩဇာခံ စစ်ဗိုလ်များသည် မြို့နယ်တိုင်းတွင် ဒေသခံတို့ကို ဖိနှိပ်နေကြောင်း ပဲခူးတိုင်း ပြန်ကြားရေးတာဝန်ရှိသူက ပြောသည်။

“ပြည်သူလူထုကို မနှိပ်ကွပ်ပါဘူးဆိုရင်တောင်မှ သေနတ်ကိုင်ဆောင်ထားတဲ့ တပ်ဖွဲ့ဝင်ဖြစ်တဲ့သူဆိုရင် CDM လည်း မလုပ်ဘူး၊ ပြည်သူနဲ့လည်း ပူးပေါင်းပါဝင်မှု မရှိဘူးဆိုရင် ဘယ်သူ့ကိုမဆို တွေ့တဲ့နေရာမှာ ရှင်းမှာပဲ”

ယခုဖြစ်စဉ်နှင့် ပတ်သက်၍ သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီကိုလည်း ဆက်သွယ်မေးမြန်းနိုင်ခြင်း မရှိသေးပေ။

တိုက်ခိုက်ခံရမှု ဖြစ်ရပ်မျိုးကို စစ်ကောင်စီက သတင်းအမှောင်ချထားတတ်သည်။

ပစ်ခတ်မှုဖြစ်ပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၀ ခန့် ရောက်ရှိလာပြီး ဓူတင်ကုန်း တောရကျောင်းတိုက်အနီးမှ စစ်တောင်းမြစ်ကမ်းနဖူးရွာများဘက်သို့ လက်နက်ကြီးဖြင့် ပစ်ခတ်ကြသည်ဟု ပဲခူးတိုင်းစစ်ဒေသခွဲ ထုတ်ပြန်ချက်အရ သိရသည်။

ရွာများကို ပစ်ခတ်မှုကြောင့် မည်သို့ထိခိုက်သွားကြောင်း မသိရသေးပေ။

၂၀၂၁ ဖေဖော်ဝါရီတွင် စစ်တပ်က အာဏာသိမ်းပြီးနောက် လမ်းပေါ်ထွက် ဆန္ဒပြသူတို့ကို ပစ်သတ်ရာမှ လက်နက်ကိုင်တော်လှန်ရေး ပေါ်ပေါက်လာသည်။ တော်လှန်ရေးအင်အားစုများက အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကို ဖွဲ့စည်းခဲ့သည်။

၂၀၂၁ စက်တင်ဘာတွင် NUG က ပြည်သူ့ခုခံစစ် ကြေညာခဲ့ပြီးနောက် နိုင်ငံအနှံ့တွင် တိုက်ပွဲများဖြစ်ပွားနေပြီး စစ်ကောင်စီ၏ အုပ်ချုပ်ရေးမှူးနှင့် သတင်းပေးဟု ယူဆရသူများကို တော်လှန်ရေးအင်အားစုအသီးသီးက ပစ်မှတ်ထားတိုက်ခိုက်နေသည်။

ဇန်နဝါရီ ၂၂ တွင် ရန်ကုန်တိုင်း အမှတ် (၁) စစ်ဘက်ရေးရာလုံခြုံရေးအကူတပ်ဖွဲ့မှ အရာရှိ ဗိုလ်မှူးသန်းထွဋ်နှင့် တပ်ကြပ်ကြီးမြင့်အောင်တို့ကို တောင်ငူခရိုင်အတွင်းရှိ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးအနီးတစ်ဝိုက်တွင် ပခူးတိုင်းအခြေစိုက် ပြည်သူ့ကာကွယ်ရေးအဖွဲ့များက ပစ်သတ်ခဲ့သည်။

၁၉၄၈ လွတ်လပ်ရေးရပြီးချိန်မှစ၍ သမိုင်းအစဉ်အဆက် တော်လှန်ပုန်ကန်မှုများ၏ ဘူမိနက်သန်ဖြစ်သည့် ပဲခူးရိုးမ တည်ရှိရာ ပဲခူးတိုင်းတွင် အခြားဒေသများနည်းတူ အာဏာသိမ်းစစ်ကောင်စီကို လက်နက်ကိုင် ခုခံတော်လှန်နေသည်။

ကရင်အမျိုးသားအစည်းအရုံး (KNU) နှင့် နီးစပ်သော ပဲခူးတိုင်းအရှေ့ခြမ်းသာမက အနောက်ခြမ်းတွင်လည်း စစ်ကောင်စီတပ်ကို ဝိုင်းဝန်း တိုက်ခိုက်နေကြသည်။

ပဲခူးတိုင်းတွင် ပဲခူး၊ တောင်ငူ၊ သာယာဝတီနှင့် ပြည်ခရိုင်တို့ရှိပြီး တစ်ခရိုင်လျှင် အနည်းဆုံး တပ်ရင်းနှစ်ခု ဖွဲ့စည်းထားကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) ပဲခူးတိုင်း သတင်းနှင့် ပြန်ကြားရေးတာဝန်ရှိသူက ဆိုသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button