သတင်း

ချင်းပြည်နယ် ဟားခါး၊ ထန်တလန်ကြားတွင် တိုက်ပွဲပြင်းထန်နေ

ချင်းပြည်နယ်မြို့တော် ဟားခါးမြို့နှင့် ထန်တလန်မြို့ကြား တောင်တန်းများအလယ်တွင် သာယာလှပစွာရှိနေသည့် သီးမစ်လွင်ပြင်တွင် ဒေသအခြေစိုက် တော်လှန်ရေးအဖွဲ့နှင့် စစ်ကောင်စီကြား တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားနေရာ နှစ်ဖက် ထိခိုက်သေဆုံးမှုများရှိနေသည်။

မေလ တတိယပတ်မှစတင်၍ သီးမစ်လွင်ပြင်တစ်ဝိုက်သို့ စစ်ကောင်စီ မြေပြင်အင်အား ၁၅၀ က စစ်ကြောင်းနှစ်ခု ခွဲ၍ ဝင်ရောက်လာသလို လေကြောင်းမှလည်း တောက်လျှောက်တိုက်ခိုက်နေရာ ချင်းအမျိုးသားတပ်မတော် (CNA) နှင့် ချင်းဒေသကာကွယ်ရေးအဖွဲ့ CDF များ ပူးပေါင်းခုခံနေကြသည်။

ယမန်နေ့ (မေ ၂၉) တွင် ထိုလွင်ပြင်ကို ဖြတ်သန်းစီးဆင်းနေသည့် သီးမစ်ချောင်းတစ်ဝိုက် မြေပြင်တိုက်ပွဲ အပြင်းအထန်ဖြစ်ခဲ့သလို စစ်ကောင်စီက တိုက်လေယာဉ်ဖြင့် ၄ ကြိမ်၊ လက်နက်ကြီးဖြင့် အကြိမ်ကြိမ် ပစ်ခတ်သဖြင့် တော်လှန်ရေးသမား ၁၁ ဦးသေဆုံးသည်ဟု ချင်းဒေသခုခံရေးအဖွဲ့များထံမှ သိရသည်။

ချင်းပြည်နယ်မြို့တော် ဟားခါးမြို့နှင့် ထန်တလန်မြို့ကြားတွင် တည်ရှိသည့် သီးမစ်လွင်ပြင်တွင် မေ ၂၉ ရက်က လက်နက်ကြီး ကျရောက်ပေါက်ကွဲနေပုံ။ ဓာတ်ပုံ – ပေးပို့

“အဓိကတော့ လက်နက်ကြီးမိသွားတာပေါ့။ ဟားခါးကနေ ပစ်တာလား၊ စစ်ကြောင်းထိုးတဲ့ စစ်တပ်က ပစ်တာလားဆိုတော့ သေချာပြောဖို့ခက်တယ်။ ဒါပေမဲ့ ဟားခါးမြို့ဘက်က ပစ်တဲ့ဟာ (လက်နက်ကြီး) ထင်တယ်။ လေယာဉ်ကပစ်တဲ့ဟာက တစ်ယောက်မှ ထိခိုက်မှုမရှိဘူး” ဟု ထိုတိုက်ပွဲတွင် ပါဝင် တိုက်ခိုက်နေသည့် ချင်းဒေသကာကွယ်ရေးအဖွဲ့ (CDF) ဟားခါး ပြောရေးဆိုခွင့်ရှိသူ အမျိုးသားက ပြောသည်။

လုံခြုံရေးအရ အမည်မဖော်လိုသော CNA နှင့် နီးစပ်သည့် အမျိုးသားတစ်ဦး၏ အဆိုအရ သေဆုံးသွားသည့် တော်လှန်ရေးသမား ၈ ဦး၏ အလောင်းများကိုသာ ပြန်လည်ကောက်ယူနိုင်သေးသည်ဟု သိရသည်။

CNA တာဝန်ရှိသူများကို ဆက်သွယ်မေးမြန်းနိုင်ခြင်းမရှိသေးသလို စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှု အခြေအနေတို့ကို အတည်မပြုနိုင်သေးပေ။

သီးမစ်လွင်ပြင်တွင် ယနေ့ (မေ ၃၀) အထိလည်း တိုက်ပွဲများ ဆက်လက်ပြင်းထန်နေဆဲ ဖြစ်သည်။

“သူတို့ (စစ်ကောင်စီ) ရဲ့ (စစ်ရေး) ဦးတည်ရာက လွယ်လွယ်လေးပြောရရင် ထန်တလန်ဘက်ပဲ” ဟု CDF ဟားခါး ပြောရေးဆိုခွင့်ရှိသူက ပြောသည်။ ထန်တလန်သည် စစ်ကောင်စီ မီးအကြိမ်ကြိမ်ရှို့မှုကြောင့် လူသူကင်းမဲ့သည့် မြို့ပျက်ကြီး ဖြစ်နေပြီဖြစ်သည်။ လက်ရှိတွင် ထန်တလန်မြို့၌ စစ်ကောင်စီနှင့် တော်လှန်ရေးအဖွဲ့များသာ ရှိနေသည်။

စစ်ကောင်စီက ထန်တလန်မြို့ကို ပြန်လည်နယ်မြေစိုးမိုးနိုင်ရန် ပြီးခဲ့သည့်လမှစ၍ လေကြောင်းတိုက်ခိုက်မှု ခပ်စိပ်စိပ်ပြုလုပ်နေခဲ့သည်။

ချင်းပြည်နယ်မြို့တော် ဟားခါးမြို့နှင့် ထန်တလန်မြို့ကြားတွင် တည်ရှိသည့် သီးမစ်လွင်ပြင်။ ဓာတ်ပုံ – Dr . Kaung thu Naing

ထိုအခြေအနေတွင် ချင်းပြည်နယ်မြို့တော် ဟားခါးမှ အနောက်မြောက်ဘက် မိုင် ၂၀ ကျော်အကွာ ထန်တလန်မြို့သို့ သွားလာရာတွင် လမ်းပန်းဆက်သွယ်ရေး အချက်အချာကျသည့် သီးမစ်ချောင်းကူးတံတားကို ၂၀၂၁ အောက်တိုဘာတွင် CNA နှင့် ချင်းဒေသကာကွယ်ရေးအဖွဲ့များက မိုင်းခွဲ ဖျက်ဆီးထားသည်။

သီးမစ်လွင်ပြင်တွင် ယာယီတပ်စွဲထားသည့် စစ်ကောင်စီ စခန်း ၃ ခု ရှိနေပြီး ဒေသအခြေစိုက် တော်လှန်ရေးအဖွဲ့များက ဧပြီလကုန်ပိုင်းတွင် ဝင်ရောက်တိုက်ခိုက်သဖြင့် စစ်ကောင်စီက လေကြောင်းသုံး ၍ တုံ့ပြန်ခဲ့ဖူးသည်။

အာဏာသိမ်းပြီး နှစ်နှစ်ကျော်အတွင်း ဟားခါးနှင့် ထန်တလန်ကြား အရေးပါသည့် သီးမစ်လွင်ပြင်ကို ထိန်းချုပ်နိုင်ရန် စစ်ကောင်စီက အပြင်းအထန်ကြိုးပမ်းနေပြီး ယခုထိုးစစ်သည် သုံးကြိမ်မြောက်ဖြစ်ကြောင်း CDF ဟားခါး ပြောရေးဆိုခွင့်ရှိသူထံမှသိရသည်။

ဆန္ဒပြလျှင်ပင် သေနတ်ဖြင့် ပစ်သည့် စစ်ကောင်စီကို နိုင်ငံအနှံ့ ခုခံမှုများ အရှိန်မြင့်တက်နေဆဲဖြစ်သည်။ ထိုသို့ စစ်မျက်နှာများနေချိန်တွင် တော်လှန်ရေးအဖွဲ့မျာ ခုခံရန် မစွမ်းသာသည့် လက်နက်ကြီးနှင့် လေကြောင်းကို အားပြု၍ စစ်ကောင်စီက တိုက်ခိုက်နေရာ အရပ်သားထိခိုက်သည့် ဖြစ်စဉ်များ ပေါ်ပေါက်နေသည်။

ချင်းပြည်နယ်မြို့တော် ဟားခါးမြို့နှင့် ထန်တလန်မြို့ကြားတွင် တည်ရှိသည့် သီးမစ်လွင်ပြင် တည်နေရာပြမြေပုံ။

Show More

Related Articles

Back to top button