လေ့လာသုံးသပ်ချက်

မြေပုံမှတ်တမ်းများက ပြောသော ပဋိပက္ခ လာရာနှင့် လားရာ

၂၀၂၁ ဖေဖော်ဝါရီလ အာဏာသိမ်းမှုကို ငြိမ်းချမ်းစွာ ဆန့်ကျင်ဆန္ဒပြသူများကို စစ်တပ်က စစ်မြေပြင်သုံး လက်နက်များဖြင့် ဦးခေါင်းတည့်တည့် ပစ်ခတ်သတ်ဖြတ်ရာမှ စစ်တပ်အပေါ် နာကြည်းရွံရှာမုန်းတီးမှုများက လက်နက်ကိုင်တော်လှန်ရေးအသွင် ပြောင်းလဲသွားခဲ့သည်။

စစ်အာဏာသိမ်းမှု ၂ နှစ်ကျော်လာချိန်တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲများ (PDFs) နိုင်ငံအနှံ့ ပေါ်ပေါက်လာသလို  စစ်တပ်၏ အကြမ်းဖက်လုပ်ရပ်များ ပိုမိုရက်စက်ပြင်းထန်လာသည်။

စစ်တပ်သည် တိုင်းပြည်နှင့် ပြည်သူကို အကာအကွယ်ပေးရမည့် လက်နက်ကိုင်အဖွဲ့အစည်း ဖြစ်ရမည်ဆိုသော မူလရည်ရွယ်ချက် ပျောက်ဆုံးခဲ့ပြီး ပြည်သူများကို သတ်ဖြတ်နှိပ်စက်၊ တိုင်းပြည်ပြိုကွဲရေးကို ဖန်တီးနေသော အကြမ်းဖက်လက်နက်ကိုင်အဖွဲ့အသွင် ပြောင်းလဲသွားသည်။

ကျယ်ပြန့်ကြီးထွားလာသော လက်နက်ကိုင်ပဋိပက္ခများကြောင့် အိမ်နီးချင်းနိုင်ငံများသို့ စစ်ပြေးဒုက္ခသည်များ သွားရောက်ခိုလှုံလာကြသဖြင့် ပြည်တွင်းရေးပြဿနာသက်သက် မဟုတ်တော့ဘဲ ဒေသတွင်းလုံခြုံရေးကို ခြိမ်းခြောက်လာသည့် အခြေအနေကို ရောက်ရှိလာသည်။

အာဏာသိမ်းမှုကြောင့် နိုင်ငံအနှံ့ ပေါ်ပေါက်လာသော လက်နက်ကိုင်ပဋိပက္ခကို စောင့်ကြည့်လေ့လာပြီး၊ မြေပုံမှတ်တမ်းများ ပြုစုထားရှိသော အဖွဲ့အစည်းများကိုလည်း တွေ့လာရသည်။

အဆိုပါ အဖွဲ့အစည်းများထဲတွင် လန်ဒန်အခြေစိုက် နိုင်ငံတကာ မဟာဗျူဟာ လေ့လာရေး အင်စတီကျု (The International Institute for Strategic Studies – IISS) အဖွဲ့ကြီး၏ မြန်မာ့ပဋိပက္ခမြေပုံသည် စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံ၏ အခြေအနေကို ပဋိပက္ခအမျိုးအစား၊ ဖြစ်ပွားရာဒေသနှင့် အချိန်ကာလအလိုက် သုတေသနပြု ခွဲခြားလေ့လာနိုင်ရန် ဖော်ပြထားပါသည်။

IISS ၏ မြေပုံများက စစ်အာဏာသိမ်းပြီး ၂ နှစ်ကျော်ကာလအတွင်း တစ်နိုင်ငံလုံးအတိုင်းအတာအရလည်းကောင်း၊ ဒေသတစ်ခုချင်းစီအလိုက်လည်းကောင်း၊ ကိန်းဂဏန်းအချက်အလက်များသာမက အမြင်အာရုံဖြင့် ကြည့်ရှုလေ့လာနိုင်ခြင်းကြောင့် မြန်မာနိုင်ငံ၏ ပဋိပက္ခ လာရာနှင့် လားရာကို စာဖတ်သူများ လေ့လာနိုင်ရန် တင်ပြလိုက်ပါသည်။

ပဋိပက္ခအမျိုးအစားခွဲခြား သတ်မှတ်ချက်များ

IISS ၏ မြေပုံမှတ်တမ်းက ပဋိပက္ခအမျိုးအစား ၅ မျိုးကို အရောင် ၄ မျိုးဖြင့် ခွဲခြားသတ်မှတ် ဖော်ပြထားပါသည်။ လက်နက်ဖြင့်တိုက်ခိုက်ခြင်း/အပြန်အလှန်တိုက်ပွဲ (Attack/Armed Clash) များကို အနီရောင်၊ အဝေးထိန်းဖောက်ခွဲပစ္စည်း/လက်လုပ်မိုင်း (Remote Explosives /IEDs) တိုက်ခိုက်မှုများကို အဝါရောင်၊ လေကြောင်း/ဒရုန်း တိုက်ခိုက်မှု (Air/Drone Strikes) များကို ခရမ်းရောင်၊ ဆန္ဒပြပွဲများကို နှိမ်နှင်းဖြိုခွင်းမှု (Crackdown) များကို အစိမ်းရောင်နှင့် အခြေခံအဆောက်အုံဖျက်ဆီးမှု (Infrastructure Destruction) များကို အပြာရောင်ဖြင့် မှတ်တမ်းတင်ထားပါသည်။

ပဋိပက္ခဇုန်များနှင့် ပါဝင်ပတ်သက်သူများ ခွဲခြားသတ်မှတ်ခြင်း

IISS ၏ မြေပုံမှတ်တမ်းက အညာဒေသ၊ ရခိုင်၊ အရှေ့မြောက်ဒေသ၊ အရှေ့တောင်ဒေသ၊ အနောက်မြောက်ဒေသနှင့် မြန်မာပြည်အောက်ပိုင်းဒေသ ဟူ၍ ပဋိပက္ခဇုန် ၆ ခု ခွဲခြားသတ်မှတ်ပြီး၊ မှတ်တမ်းတင်ထားပါသည်။ ဆန္ဒပြပွဲများကို နှိမ်နှင်းခြင်းနှင့် လက်နက်ကိုင်တိုက်ပွဲများ ဖြစ်ပွားစေသော အဓိက အုပ်စု ၃ ခုကို စစ်တပ်၊ PDF နှင့် တိုင်းရင်းသားတော်လှန်ရေး လက်နက်ကိုင်အဖွဲ့အစည်းများ (EROs) အဖြစ် ခွဲခြားမှတ်တမ်းတင်ထားပြီး၊ မည်သည့်အဖွဲ့အစည်းက လုပ်ဆောင်ခဲ့သည်ကို အတိအကျမသိသော ဖြစ်စဉ်များကို ခွဲခြားသတ်မှတ်နိုင်ခြင်းမရှိသော ဖြစ်စဉ် (Unattributed) ခေါင်းစဉ်အောက်တွင် မှတ်တမ်းတင်ထားပါသည်။

မြေပုံ (၁) နိုင်ငံအနှံ့ ပေါ်ပေါက်ခဲ့သော ပဋိပက္ခအမျိုးအစားအားလုံး မှတ်တမ်းမြေပုံ

ရင်းမြစ်။   ။ The International Institute for Strategic Studies (IISS)

မြေပုံ (၁) တွင် ဖော်ပြချက်အရ လွန်ခဲ့သော ၂၆ လအတွင်း (၂၀၂၁ ဖေဖော်ဝါရီ ၁ မှ ၂၀၂၃ ဧပြီ ၃၀ အထိ) မြို့နယ်ပေါင်း ၃၃၀ တွင် ၃၁၄ မြို့နယ်၌ ပဋိပက္ခဖြစ်စဉ် စုစုပေါင်း (၂၁,၆၅၇) ကြိမ် ဖြစ်ပွားခဲ့သည်။

ပဋိပက္ခအမျိုးအစားအလိုက် ဖော်ပြရာတွင် လက်နက်ဖြင့်တိုက်ခိုက်ခြင်း/အပြန်အလှန်တိုက်ပွဲပေါင်း (၁၂,၄၃၉) ကြိမ်၊ အဝေးထိန်းဖောက်ခွဲပစ္စည်း/လက်လုပ်မိုင်းများဖြင့် တိုက်ခိုက်မှုဖြစ်စဉ် (၄,၈၁၃) ကြိမ်၊ လေကြောင်း/ဒရုန်း တိုက်ခိုက်မှုပေါင်း (၇၇၃) ကြိမ်၊ ဆန္ဒပြပွဲများ နှိမ်နှင်းဖြိုခွင်းမှုပေါင်း (၇၉၉) ကြိမ်နှင့် အခြေခံအဆောက်အုံဖျက်ဆီးမှု (၂,၈၃၃) ကြိမ် အသီးသီး မှတ်တမ်းတင်ထားပါသည်။

ပဋိပက္ခအမျိုးအစား တစ်ခုချင်းအလိုက် မြေပုံထုတ် လေ့လာကြည့်ခြင်း

မြေပုံ (၂) တွင် အာဏာသိမ်းပြီးနောက် ၂၆ လအတွင်း မြို့နယ်ပေါင်း ၃၃၀ တွင် ၃၀၃ မြို့နယ် သို့မဟုတ် တစ်နိုင်ငံလုံးဧရိယာ၏ ၉၁.၈၁% တွင် လက်နက်ဖြင့်တိုက်ခိုက်ခြင်း/အပြန်အလှန်တိုက်ပွဲပေါင်း (၁၂,၄၃၉) ကြိမ် ဖြစ်ပွားခဲ့ခြင်းကို မှတ်တမ်းတင်ထားပါသည်။

မြေပုံ (၂) နိုင်ငံအနှံ့ လက်နက်ဖြင့်တိုက်ခိုက်ခြင်း/အပြန်အလှန်တိုက်ပွဲ မြေပုံ

ရင်းမြစ်။   ။ The International Institute for Strategic Studies (IISS)

မြေပုံကို လေ့လာကြည့်လျှင် အနီရောင် ပြည့်နှက်လွှမ်းခြုံနေသော တိုက်ပွဲအဖြစ်ပွားဆုံးနေရာများမှာ နိုင်ငံ၏ အနောက်မြောက်၊ အရှေ့မြောက်၊ အလယ်ပိုင်းနှင့် အရှေတောင် ဒေသများဖြစ်သည်။ ထိုဒေသများမှာ ကချင်၊ ချင်း၊ ရှမ်း (မြောက်)၊ စစ်ကိုင်း၊ မကွေး၊ ကရင်နီ၊ ကရင်၊ မွန်နှင့် တနင်္သာရီဒေသများ ဖြစ်သည်။

မြေပုံ (၃) တွင် မြို့နယ်ပေါင်း ၂၈၀ သို့မဟုတ် တစ်နိုင်ငံလုံးဧရိယာ၏ ၈၄.၈၅% တွင် အဝေးထိန်းဖောက်ခွဲပစ္စည်း/လက်လုပ်မိုင်းများဖြင့် တိုက်ခိုက်မှုပေါင်း (၄,၈၁၃) ကြိမ် ဖြစ်ပွားခဲ့ခြင်းကို မှတ်တမ်းတင်ထားပါသည်။

မြေပုံ (၃) နိုင်ငံအနှံ့ အဝေးထိန်းဖောက်ခွဲပစ္စည်း/လက်လုပ်မိုင်းများဖြင့် တိုက်ခိုက်မှု မြေပုံ

ရင်းမြစ်။   ။ The International Institute for Strategic Studies (IISS)

မြေပုံကို လေ့လာကြည့်လျှင် အဝါရောင်မှတ်တမ်းမရှိသော မြို့နယ်များကို ကချင်ပြည်နယ် မြောက်ဖျားပိုင်းနှင့် ရှမ်းပြည်နယ် အရှေ့ပိုင်းတို့တွင်သာ တွေ့ရှိရမည် ဖြစ်သည်။ ချင်းပြည်နယ်အရှေ့ခြမ်း၊ စစ်ကိုင်း၊ မန္တလေး၊ မကွေး၊ ပဲခူး၊ ဧရာဝတီ၊ ရှမ်း (မြောက်)၊ ကရင်နီ၊ ကရင်၊ မွန်နှင့် တနင်္သာရီဒေသများတွင် အဝါရောင်လွှမ်းနေသော အခြေအနေကို တွေ့မြင်ရမည် ဖြစ်သည်။

မြေပုံ (၄) တွင် မြို့နယ်ပေါင်း ၁၀၇ သို့မဟုတ် တစ်နိုင်ငံလုံးဧရိယာ၏ ၃၂.၄၂% တွင် လေကြောင်း/ဒရုန်းဖြင့် တိုက်ခိုက်မှုပေါင်း (၇၇၃) ကြိမ် ဖြစ်ပွားခဲ့ခြင်းကို မှတ်တမ်းတင်ထားပါသည်။

ခရမ်းရောင်လွှမ်းနေသော ဒေသများမှာ ကချင်၊ ချင်း၊ စစ်ကိုင်း၊ ကရင်နီနှင့် ကရင်ပြည်နယ်တွင် အများဆုံး ဖြစ်ပွားခဲ့ကြောင်း လေ့လာတွေ့ရှိရသည်။ မြေပုံ (၁) အရ ထိုဒေသများသည် တိုက်ပွဲဖြစ်ပွားမှုအကြိမ်ရေ မြင့်မားသော ဒေသများဖြစ်ပြီး၊ စစ်တပ်ဘက်က လေကြောင်းတိုက်ခိုက်မှု အများဆုံးပြုလုပ်ခဲ့သလို၊ တော်လှန်ရေးအင်အားစုများဘက်ကလည်း ဒရုန်းတိုက်ခိုက်မှု အများဆုံးလုပ်ခဲ့သော ဒေသများ ဖြစ်သည်။

မြေပုံ (၄) နိုင်ငံအနှံ့ လေကြောင်း/ဒရုန်းဖြင့် တိုက်ခိုက်မှု မြေပုံ

ရင်းမြစ်။   ။ The International Institute for Strategic Studies (IISS)

မြေပုံ (၅) တွင် မြန်မာတစ်နိုင်ငံလုံးရှိ မြို့နယ်ပေါင်း ၁၆၅ သို့မဟုတ် တစ်နိုင်ငံလုံးဧရိယာ၏ ၅၀% တွင် ဆန္ဒပြပွဲများကို နှိမ်နှင်းဖြိုခွင်းမှုပေါင်း (၇၉၉) ကြိမ် ဖြစ်ပွားခဲ့ခြင်းကို မှတ်တမ်းတင်ထားပါသည်။

အထက်ပါ မြို့နယ်အရေအတွက်နှင့် ဖြစ်စဉ်အကြိမ်ရေသည် စစ်တပ်က အကြမ်းဖက် နှိမ်နှင်းဖြိုခွင်းခဲ့သော ဖြစ်စဉ်များကို မှတ်တမ်းတင်ခဲ့ခြင်းဖြစ်ပြီး၊ အာဏာသိမ်းပြီးနောက် နိုင်ငံအနှံ့ ဆန္ဒပြပွဲဖြစ်ပွားခဲ့သော မြို့နယ်များမှာ ထို့ထက်မက များပြားခဲ့ပါသည်။

ထို့ပြင် IISS ၏ မြေပုံမှတ်တမ်းအရ ဆန္ဒပြပွဲများသည် အာဏာသိမ်းမှုဖြစ်ပွားပြီးနောက် ပထမ ၃ လတွင် အများဆုံးဖြစ်ပွားခဲ့သည်။ ထို့နောက် စစ်တပ်၏ အကြမ်းဖက်နှိမ်နှင်းမှုများကို ခုခံတော်လှန်ရန် စိတ်ပိုင်းဖြတ်ပြီး ဆန္ဒပြလူငယ် အများအပြား တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများ၏ နယ်မြေများသို့ ထွက်ခွာသွားကြသဖြင့် နောက်ပိုင်းတွင် ဆန္ဒပြမှုများ နည်းပါးသွားခဲ့သည်။

သို့တိုင်အောင် မြို့ပြပြောက်ကျားဆန္ဒပြမှုများဖြင့် ရန်ကုန်၊ မန္တလေး၊ မကွေး၊ စစ်ကိုင်းနှင့် တနင်္သာရီတိုင်းတို့တွင် ယနေ့အချိန်ထိ အခွင့်အရေးရလျှင် ရသလောက် ဖော်ဆောင်နေကြဆဲဖြစ်သည်။

မြေပုံ (၅) နိုင်ငံအနှံ့ ဆန္ဒပြပွဲများ နှိမ်နှင်းဖြိုခွင်းခဲ့မှုမြေပုံ

ရင်းမြစ်။   ။ The International Institute for Strategic Studies (IISS)

မြေပုံ (၆) တွင် မြို့နယ်ပေါင်း ၂၃၉ သို့မဟုတ် တစ်နိုင်ငံလုံးဧရိယာ၏ ၇၂.၄၂% တွင် အခြေခံအဆောက်အအုံဖျက်ဆီးမှုပေါင်း (၂,၈၃၃) ကြိမ် ဖြစ်ပွားခဲ့ခြင်းကို မှတ်တမ်းတင်ထားပါသည်။

မြေပုံကို လေ့လာကြည့်လျှင် အပြာရောင်များ ပြည့်နှက်လွှမ်းခြုံနေသော မြန်မာပြည်အထက်ပိုင်းက စစ်ကိုင်း၊ မကွေးနှင့် ချင်း၊ မြန်မာပြည်အောက်ပိုင်းတွင် ကရင်နီ၊ ကရင်နှင့် တနင်္သာရီဒေသများတွင် အခြေခံအဆောက်အအုံများ ဖျက်ဆီးမှု အများဆုံး တွေ့ရမည်ဖြစ်သည်။

ထိုဒေသများမှာ အာဏာသိမ်းမှု မတိုင်ခင်အထိ မည်သည့်လက်နက်ကိုင်ပဋိပက္ခမျှ မရှိဘဲ၊ စစ်တပ်၏ အမာခံနယ်မြေများ ဖြစ်ခဲ့ရာမှ အာဏာသိမ်းပြီးနောက် နွေဦးတော်လှန်ရေးနှင့်အတူ PDF အားအကောင်းဆုံးဒေသများအဖြစ် အလျင်အမြန် အသွင်ကူးပြောင်းသွားပြီး၊ စစ်တပ် ထိန်းချုပ်နိုင်စွမ်းမရှိသော နယ်မြေများ ဖြစ်လာသည်။

ထို့ကြောင့် စစ်တပ်သည် မြေလှန်မီးရှို့စစ်ဆင်ရေး (Scorched-earth Campaign) ကို လုပ်ဆောင်ခဲ့ပြီး၊ မြို့ရွာများကို မီးရှို့ဖျက်ဆီးရာ ပြည်သူတို့၏ အိုးအိမ်များ၊ စာသင်ကျောင်းများ၊ ဆေးရုံ/ဆေးပေးခန်းများ၊ ဘုန်းကြီးကျောင်းများ၊ ခရစ်ယာန်ဘုရားကျောင်းများ ဖျက်ဆီးခံခဲ့ရသည်။

မြေပုံ (၅) နိုင်ငံအနှံ့ အခြေခံအဆောက်အုံဖျက်ဆီးမှု မြေပုံ

ရင်းမြစ်။   ။ The International Institute for Strategic Studies (IISS)

စစ်တပ်က အကြမ်းဖက်ဖျက်ဆီးမှုများကြောင့် ဖြစ်ပေါ်နိုင်သော မြန်မာနိုင်ငံ၏ လားရာ

အာဏာသိမ်းစစ်ခေါင်းဆောင်များသည် ၎င်းတို့ကို ခေတ်အဆက်ဆက် ဆန့်ကျင်ခဲ့သော ပြည်သူများကို ကြုံတွေ့ခဲ့ဖူးသော်လည်း၊ မည်သည့်ခေတ်တွင်မျှ မရှိခဲ့ဖူးသော အခြေအနေသစ်တစ်ရပ်ကို ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက် ကြုံတွေ့ခဲ့ရသည်။

ယင်းမှာ မြို့ကြီးမြို့ငယ်များရှိ လမ်းမများပေါ်တွင် လက်နက်မဲ့ ငြိမ်းချမ်းစွာ ဆန္ဒပြနေကြသော ပြည်သူများကို စနစ်တကျ လေ့ကျင့်ထားသော လက်ဖြောင့်တပ်သားများက ဦးခေါင်းတည့်တည့် ချိန်ရွယ် ပစ်သတ်မှုများ စတင်လာချိန် လူငယ်အများအပြားသည် စစ်တပ်ကို လက်နက်ကိုင် ပြန်ခုခံရန် ERO နယ်မြေများသို့ အလျင်အမြန်ထွက်ခွာ၊ စစ်ပညာကို ရက်ပိုင်းမျှသာ သင်ယူပြီး၊ မြို့ပြပြောက်ကျားတိုက်ခိုက်မှုများ (Urban Guerilla Warfare) နေရာအနှံ့ ဖော်ဆောင်လာခြင်း ဖြစ်သည်။

စစ်ခေါင်းဆောင်များ အကြီးအကျယ် အငိုက်မိသွားသော လျင်မြန်နှုန်းဖြင့် လူငယ်များ တိုက်ပွဲပုံသဏ္ဌာန် ပြောင်းလဲ တုံ့ပြန်နိုင်ခဲ့ကြသည်။ စင်စစ် နွေဦးတော်လှန်ရေးက ပေါက်ဖွားပေးခဲ့သော မျိုးဆက်သစ်လူငယ်များ (Generation Z) လူငယ်များ၏ စွမ်းဆောင်ရည်နှင့် စွမ်းအားမြင့် လျင်မြန်နှုန်းကို စစ်ခေါင်းဆောင်များသာမက နိုင်ငံတကာမှ စောင့်ကြည့်လေ့လာသူ ပညာရှင်များပါ အငိုက်မိသွားခဲ့ခြင်း ဖြစ်သည်။

IISS ၏ အချက်အလက်များအရ ယခုအခါ ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်အပါအဝင် နိုင်ငံအနှံ့ မြို့ကြီးမြို့ငယ်များတွင် မြို့ပြပြောက်ကျားတိုက်ခိုက်မှု၊ ကချင်၊ ချင်း၊ စစ်ကိုင်း၊ မကွေး၊ ရှမ်း (မြောက်)၊ ကရင်နီ၊ ကရင်၊ မွန်နှင့် တနင်္သာရီတို့တွင် လက်နက်ကိုင်ပဋိပက္ခများ ဖြစ်ပွားနေသည်၊ နိုင်ငံဧရိယာ၏ ၉၀ ရာခိုင်နှုန်းကျော်တွင် ဖြစ်ပွားခဲ့၊ ဖြစ်ပွားလျက်ရှိကြောင်း လေ့လာတွေ့ရှိရပါသည်။

ထိုကဲ့သို့ အခြေအနေတွင် နိုင်ငံတကာပညာရှင်များက မြန်မာနိုင်ငံ၏ ပဋိပက္ခလားရာသည် ဤအရှိန်နှုန်းအတိုင်း သွားမည်ဆိုလျှင် ဗော်လကန်နိုက်ဇေးရှင်း ဖြစ်လာမည်ဟု ဝေဖန်သုံးသပ်လာကြပါသည်။ ဆိုဗီယက်ပြည်ထောင်စုဟောင်း ပြိုကွဲချိန် အရှေ့ဥရောပက ယူဂိုဆလားဗီးယားနိုင်ငံ ပြိုကွဲခဲ့ပြီး နိုင်ငံငယ်များ အသစ်ပေါ်ထွက်လာခြင်းကို ရည်ညွှန်းခြင်း ဖြစ်သည်။

သို့သော် မြန်မာနိုင်ငံ၏ အခြေအနေမှာ ဗော်လကန်နိုက်ဇေးရှင်းကဲ့သို့ ပြိုကွဲသွားခြင်းထက်၊ နိုင်ငံနယ်နိမိတ်အတွင်း၌ပင် နယ်မြေဒေသများ ကွဲထွက်သွားသည့် ပုံသဏ္ဌာန်မျိုး ဖြစ်လာနိုင်ပါသည်။ အထူးသဖြင့် တိုင်းရင်းသားဒေသများရှိ ERO များ၏ အဓိကဦးတည်ချက်သည် ၎င်းတို့ဒေသကို အခိုင်အမာထိန်းချုပ် အုပ်ချုပ်လာနိုင်ရေး ဖြစ်လာနိုင်ပါသည်။

ထိုရည်မှန်းချက်ကို ရောက်ရှိလာလျှင် မည်သည့်အဖွဲ့အစည်း၏ ဩဇာခံဒေသ မဟုတ်သော လွတ်လပ်သည့် ဒေသများအဖြစ် ထူထောင်လာကြပါလိမ့်မည်။ ထိုအခြေအနေသည် တိုင်းရင်းသားအဖွဲ့အစည်းများ လိုချင်သော ဖက်ဒရယ်အုပ်ချုပ်မှုပုံစံ ဖြစ်ပါသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button