
ကိုဗစ်ကာလအတွင်း အလုပ်အဆင်မပြေမှုများ ကြုံတွေ့နေရသည့် စက်ရုံအလုပ်သမားများကို တတ်နိုင်သည့်ဘက်မှ ကူညီပေးခဲ့ကြသည့် လှိုင်သာယာမြို့နယ်ရှိ အဆောင်ရှင်များကို အရပ်ဘက်အဖွဲ့အစည်းတစ်ခုက မေလဆန်းမှစ၍ ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့သည်။
အဆိုပါဂုဏ်ပြုမှတ်တမ်းလွှာကို မြန်မာနိုင်ငံလုံးဆိုင်ရာ အရေးပေါ်လူနာတင်ယာဉ်ကွန်ရက်က တိုင်းလွှတ်တော်အမတ်များနှင့် ပူးပေါင်းကာ ပေးအပ်ခဲ့ခြင်းဖြစ်သည်။
စက်ရုံအလုပ်သမားများ ငွေကြေးအကျပ်အတည်းဖြစ်နေ၍ အဆောင်ခလျှော့ပေးခြင်း၊ တစ်လစာမယူခြင်း၊ မီတာခကင်းလွတ်ခွင့်ပြုခြင်းတို့ဖြင့် လူအချင်းချင်းရိုင်းပင်းကူညီသည့်အတွက် ယင်းသို့ဂုဏ်ပြုမှတ်တမ်းများ ပေးအပ်ရခြင်းဖြစ်ကြောင်း အဆိုပါကွန်ရက်၏နာယကဆရာတော် ဦးကေသရ က Myanmar Now ကို ပြောသည်။
စက်မှုမြို့ဖြစ်သည့် လှိုင်သာယာတွင် ဧရာဝတီတိုင်းအပါအဝင် တိုင်းနှင့်ပြည်နယ်အသီးသီးတို့မှ ရွှေ့ပြောင်းအလုပ်လုပ်ကိုင်သူများပြားပြီး ၎င်းတို့မှာ စက်ရုံအနီးအနားရှိ ရပ်ကွက်၊ ကျေးရွာများ၌ အဆောင်ငှားရမ်း နေထိုင်ကြခြင်းဖြစ်သည်။
မေ ၄ မှစ၍ အဆောင်ပိုင်ရှင်များကို လက်မှတ်များထုတ်ပေးနေခြင်းဖြစ်ပြီး ယခုအထိ အဆောင်ရှင် ၆၀ ခန့်ကို လက်မှတ်ထုတ်ပေးထားကြောင်း၊ နောက်ထပ်အဆောင်ပိုင်ရှင် ၁၀၀ ခန့်ကို ဂုဏ်ပြုလက်မှတ်ထုတ်ပေးရန် စစ်ဆေးအတည်ပြုနေကြောင်း ဦးကေသရကဆိုသည်။
“ဒီလှုပ်ရှားမှုလေးကို လုပ်လိုက်တာ တချို့အဆောင်ရှင်တွေ ပူးပေါင်းလာတယ်။ ဝမ်းသာအားရသာဓု ခေါ်မယ်။ တခြား မလျှော့ရသေးတဲ့အဆောင်တွေလည်း လျှော့ချင်စိတ် ဖြစ်လာမယ်” ဟု ၎င်းက ဆိုသည်။
သို့သော် အဆောင်အများစုမှာ နေအိမ်ကို အခန်းတွဲဆောက်၍ ငှားရမ်းသည့် တရားမဝင်အဆောင်များဖြစ်၍ အချို့မှာ ဂုဏ်ပြုလက်မှတ်မရယူရဲသော အခက်အခဲရှိကြောင်းလည်း ဦးကေသရက ဆိုသည်။
အဆောင်ပိုင်ရှင်အချို့က လခတစ်ဝက်လျှော့ယူခြင်း၊ အဆောင်ခတစ်လစာမယူခြင်းများရှိပြီး အဆောင်ခပေးချေရန် ရွှေ့ဆိုင်းပေးသည့် အဆောင်ပိုင်ရှင်များလည်း ရှိသည်ဟု လှိုင်သာယာအနောက်ပိုင်းမြို့နယ်၊ အပြင်ပဒံကျေးရွာတွင် နေထိုင်သော ချန်းရီဖိနပ် စက်ရုံအလုပ်သမားများကဆိုသည်။
ချန်းရီ ဖိနပ်စက်ရုံ၌ အလုပ်လုပ်ကိုင်သည့် မအေးအေးဝင်း က စက်ရုံများ ပြန်ဖွင့်မည်ဆို၍ ဧပြီလကုန်ပိုင်းတွင် ဧရာဝတီတိုင်းမှ ရန်ကုန်သို့ ငွေတစ်သောင်းကျပ် လက်ထဲကိုင်၍ ပြန်လာခဲ့သော်လည်း စက်ရုံမှာ မေ ၇ မှပြန်ဖွင့်၍ အခက်အခဲတွေ့ခဲ့ရကြောင်းဆိုသည်။
အဆောင်ပိုင်ရှင်က အဆောင်လခကို နောက်နှစ်လနေမှ ပေးချေရန် ရွှေ့ဆိုင်းပေးထားသော်လည်း စက်ရုံ အလုပ်ပိတ်ရက်တွင် စားသောက်နိုင်ရန် ချေးယူထားသည့် ၂၀ တိုး ချေးငွေကို ပြန်ဆပ်နိုင်ရန် ကနဦးကြိုးပမ်းနေရသည်ဟု ၎င်းကဆိုသည်။
စက်ရုံအလုပ်သမားများသည် အလုပ်ပိတ်ရက်အတွင်း နေထိုင်စားသောက်ရေးအတွက် အတိုးဖြင့်ချေးယူ စားသောက်ခဲ့ရပြီး ငွေတိုးချေးစားသူများကလည်း အတိုး ၃၀ ရာခိုင်နှုန်းမှ ၂၀ တိုးသို့လျှော့ပေးကြောင်း ၎င်းကဆိုသည်။
လူတစ်ရာခန့် ငှားရမ်းနေထိုင်သည့် အခန်း ၂၅ ခန်းပိုင်ရှင် ဦးမြင့်စိုးက မေလတွင် အဆောင်ခတစ်ဝက်နှင့် မီတာခကင်းလွတ်ခွင့်ပြုသည့်အတွက် တစ်လဝင်ငွေ ၈ သိန်းကျော်ခန့် လျော့နည်းသွားကြောင်းဆိုသည်။ ၎င်းမှာ အဆောင်ပိုင်ရှင်များကိုပေးသည့် ဂုဏ်ပြုမှတ်တမ်း မရရှိသေးပေ။
အလုပ်သမားအရေးကူညီပေးနေသည့် အနာဂတ်အလင်းတန်းဆုံမှတ် ဒါရိုက်တာဒေါ်သက်သက်အောင်က စက်ရုံအလုပ်သမားများ၏ အဓိက အခက်အခဲမှာ စားရေးထက် အဆောင်လခ ပေးချေရေးဖြစ်နေကြောင်း လေ့လာသိရှိရသည်ဟု ဆိုသည်။
လှိုင်သာယာမြို့နယ်ရှိ အဆောင်များမှာ ပျမ်းမျှအားဖြင့် တစ်ခန်းလျှင် အနိမ့်ဆုံး ကျပ် ၄၀၀၀၀ မှ ၈၀၀၀၀ ထိ ရှိကြောင်း အဆောင်ပိုင်ရှင်များထံမှ သိရသည်။