သတင်း

စစ်ကိုင်း ရေဦးတွင် စစ်တပ်က ရွာမီးရှို့၊ ၉၀ ကျော် အဘွားအို မီးလောင်သေဆုံး

မူးမြစ်အနောက်ဘက်ကမ်း စစ်ကိုင်းတိုင်း ရေဦးမြို့နယ်အတွင်း စစ်ကြောင်းထိုးနေစဉ် မိုင်းဆွဲ တိုက်ခိုက်ခံရသည့် စစ်တပ်က အနီးရှိ ကျေးရွာကို မီးတင်ရှို့ရာ အသက် ၉၁ နှစ်အရွယ် အဘွားအိုတစ်ဦး သေဆုံးသည်။

ယမန်နေ့ (မေ ၂၅) နံနက် ၅ နာရီခန့်က ရေဦးမြို့မှ ထွက်လာသည့် အင်အား ၁၂၀ ဝန်းကျင်ပါ စစ်ကောင်စီတပ်ဖွဲ့ကို ဒေသအခြေစိုက် တော်လှန်ရေးအဖွဲ့များက ရေဦးမြို့ မြောက်ဘက် ၃ မိုင်အကွာ ဖိန်းကားရွာအနီးတွင် စတင် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

တိုက်ခိုက်ခံရသည့် ထိုတပ်ဖွဲ့က ဖိန်းကားရွာရှိ နေအိမ် ၈ လုံးကို မီးရှို့ခဲ့ရာ အသက်အရွယ်ကြောင့် သွားလာလှုပ်ရှားနိုင်ခြင်းမရှိသည့် ဒေါ်သောင်းကြည် မီးလောင်သေဆုံးခဲ့ရသည်ဟု ရေဦးအခြေစိုက် People’s Defense Comrade အဖွဲ့ ပြန်ကြားရေးတာဝန်ခံ အမျိုးသားတစ်ဦးက ပြောသည်။

“အပြန်အလှန်ပစ်ခတ်တာ တိုက်ပွဲတော့မဟုတ်ဘူး။ အထိအခိုက်တော့ တိတိကျကျမသိဘူးပေါ့ဗျ။ အထိနာလို့ ထင်တယ်။ အနီးက ကျေးရွာ မီးဝင်ရှို့တာပဲ” ဟု ၎င်းက ပြောသည်။

ယနေ့ (မေ ၂၆) နံနက် ဖိန်းကားရွာမှ စစ်ကောင်စီတပ်ဖွဲ့ ပြန်ထွက်သွားပြီးနောက် အပျက်အစီးများကို ဝင်ရောက် ရှင်းလင်းစဉ် အဘွားအို၏ ရုပ်အလောင်းရှာတွေ့ကြောင်း လုံခြုံရေးအရ အမည်မဖော်လိုသည့် ဒေသခံ အမျိုးသားတစ်ဦးကလည်း ပြောသည်။

“အဘွားက မသွားနိုင်မလာနိုင်တဲ့အပြင် စကားတောင် တုန်တုန်ရီရီပဲ ပြောနိုင်တော့တာ၊ ရုပ်အလောင်းကတော့ တစ်ခြမ်းမီးလောင်နေပြီ။ မီးလောင်နေတဲ့ နေအိမ်ထဲမှာပဲ တွေ့တာပဲ” ဟု သူက ဆိုသည်။

စစ်သားများသည် အိမ်ခြေ ၂၀၀ ခန့်ရှိသည့် ဖိန်းကားရွာမှ ကာကွယ်ရေးအဖွဲ့ဝင်များ ပိုင်ဆိုင်သည်ဟု ၎င်းတို့ ယူဆသော နေအိမ်များကို ရွေးချယ်မီးရှို့သွားခြင်းဖြစ်နိုင်ကြောင်း ၎င်းက ဆက်ပြောသည်။

“မြို့နဲ့နီးတော့ အဲရွာမှာ ကာကွယ်ရေးအဖွဲ့ရယ်လို့ သီးသန့်မရှိဘူး။ နာမည်ထွက်တဲ့သူတွေတော့ ရှိတာပေါ့။ ရှို့တာကတော့ သုံးနေရာ၊ အိမ်တွေက နည်းနည်းလှမ်းတော့ ကံကောင်းသွားတာ။ ရေဦးမြောက်ခြမ်း တစ်ခြမ်းလုံး ပြေးရတာဆိုတော့ ဘယ်သူမှ ဝင်မငြှိမ်းနိုင်ဘူး။ ဒီလောက်ပဲ ပါသွားတာကို ကံကောင်းတယ် ပြောရမယ်” ဟု အထက်ပါ ဒေသခံက ပြောသည်။

စစ်သားများသည် ဖိန်းကားကျေးရွာကို မီးရှို့ပြီးနောက် ပတ်ဝန်းကျင်ကျေးရွာများကို ဆက်လက်စီးနင်းခဲ့ကြောင်း၊ ယနေ့မနက်ပိုင်းတွင် ပြည်သူ့စစ် ခေါ် ပျူစောထီးအဖွဲ့ အခြေစိုက်ရာ အောင်သာယာကျေးရွာအတွင်းသို့ ဝင်ရောက်သွားကြောင်း အထက်ပါသတင်းရင်းမြစ်များထံမှ သိရသည်။

အထက်ပါဖြစ်စဉ်များနှင့် ပတ်သက်၍ စစ်ကောင်စီက နှုတ်ဆိတ်နေဆဲဖြစ်သည်။

ရေဦးတွင် စစ်ကောင်စီတပ်ကြောင့် ၉၁ နှစ်အရွယ် အမျိုးသမီး သေဆုံးသကဲ့သို့ စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်တွင်လည်း ထိုညက စစ်လေယာဉ် ဗုံးကြဲစဉ် အသက် ၉၀ ကျော်အရွယ် ဒေါ်မိသိန်း ထိတ်လန့်ပြီး သေဆုံးသွားသည်ဟု သိရသည်။

မေ ၂၅ ရက်တွင် စစ်ကောင်စီတပ်မီးရှို့ခဲ့သည့် စစ်ကိုင်းတိုင်း ရေဦးမြို့နယ် ဖိန်းကားရွာ တည်နေရာပြ မြေပုံ။

ရေဦးမြို့တွင် အထိုင်ချ တပ်စွဲထားသည့် စစ်သားများက ပတ်ဝန်းကျင်ကျေးရွာများကို အမြဲမပြတ် စီးနင်းနေပြီး ပြီးခဲ့သည့် မေ ၇ ရက်နေ့ကလည်း ကက်သလစ်ဘာသာဝင်အများစု နေထိုင်ရာ ချမ်းသာရွာကို ငါးကြိမ်မြောက် ဝင်ရောက်စီးနင်းကာ အထက်တန်းအဆင့် စာသင်ကျောင်းဆောင်ကို မိုင်းခွဲဖျက်ဆီးခဲ့သည်။

ထိုရွာကို စစ်တပ်က ပြီးခဲ့သည့်နှစ်အတွင်း သုံးကြိမ်၊ ယခုနှစ် ဇန်နဝါရီလ၌ တစ်ကြိမ် ဝင်ရောက်စီးနင်း ဖျက်ဆီးခဲ့သည်။ ထိုလေးကြိမ်အတွင်း ၁၈၉၄ ခုနှစ်ကတည်းက ရှိခဲ့သည့် မယ်တော်သခင်မဘုရားကျောင်း အပါအဝင် ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးခံရခြင်းဖြစ်သည်။

ထို့ပြင် ပြီးခဲ့သည့် မေလ ၉ ရက်နေ့ကလည်း ရေဦးမြို့နယ် ထန်းတောကျေးရွာတွင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဖွင့်လှစ်ထားသည့် အထက်တန်းစာသင်ကျောင်းကို စစ်ကောင်စီလေယာဉ်က ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ကျောင်းဆောင်နှင့် အဆောက်အအုံတချို့ ပျက်စီးခဲ့သည်။

အာဏာသိမ်းပြီး နှစ်နှစ်အတွင်း ဆန္ဒပြလျှင်ပင် သေနတ်ဖြင့် ပစ်သည့် စစ်ကောင်စီကို နိုင်ငံအနှံ့ ခုခံနေကြရာ မြန်မာနိုင်ငံအလယ်ပိုင်းမှ စစ်ကိုင်းတိုင်းအတွင်းရှိ ဒေသများလည်း အပါအဝင်ဖြစ်သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button