
ဘထ္ထရီအိုးသူခိုးများဟု သံသယရှိခံရသည့် ခရီးသည်များအား တင်ဆောင်လာစဉ် ရဲက ဖမ်းဆီးခဲ့ပြီးနောက် စစ်ကြောရေးကာလအတွင်း သေဆုံးသွားသည့် အငှားယာဉ်မောင်း သေဆုံးခဲ့ရသည့် အကြောင်းရင်းမှန်ကို သိရှိရန် ရန်ကုန်တိုင်းလွှတ်တော်အတွင်း စစ်ဆေးမှုတွေစတင်နေပြီဖြစ်သည်။
ရန်ကုန် သံလျှင်မြို့တွင်နေထိုင်သည့် အသက် ၂၈ နှစ်အရွယ် ကိုအောင်အောင်သည် စက်တင်ဘာ ၁၂ တွင် အဆိုပါမြို့တွင် ခရီးသည်များအား လိုက်ပို့စဉ် ဖမ်းခံခဲ့ရခြင်းဖြစ်ပြီး နှစ်ပတ်အကြာ စက်တင်ဘာ ၂၆ တွင် ကွယ်လွန်ခဲ့သည်ဟု မိသားစုဝင်များက ပြောသည်။
အငှားယာဉ်မောင်းသည် ရဲလက်ထဲတွင်ရှိနေစဉ် ရဲနှင့် ရဲသတင်းပေးများ၏ ရိုက်နှက်ခြင်းကို ခံခဲ့ရသည်ဟု မကြာခဏ ပြောကြားကြောင်း သူ၏ မိခင် ဒေါ်အေးက စွပ်စွဲပြီး ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် တရားစီရင်ရေး၊ ဥပဒေစိုးမိုးရေးနှင့် တိုင်ကြားစာများ အသနားခံစာများစိစစ်ရေးကော်မတီထံသို့ တိုင်ကြားခဲ့ခြင်းဖြစ်သည်။
အငှားယာဉ်မောင်း ကိုအောင်အောင်သေဆုံးခဲ့မှုအပေါ် ရဲတပ်ဖွဲ့ဝင်များကို အရေးယူသင့်ကြောင်း ဒီဇင်ဘာ ၄ ရက်နေ့က မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်က သတင်းထုတ်ပြန်ခဲ့သည်။
၄င်းတို့၏ စစ်ဆေးမှုတွင် ရဲတပ်ဖွဲ့မှ ရိုက်နှက်စစ်ဆေးခြင်းမပြုပါဟု ငြင်းဆိုထားကြောင်း၊ အလောင်းအား သင်္ဂြိုဟ်ပြီးသည့်အတွက် အလောင်းအား မစစ်ဆေးရခြင်း၊ အချုပ်ခန်းစောင့်ကြည့်ကင်မရာ CCTV မရှိခြင်းတို့ကြောင့် ဆေးစစ်ချက်နှင့် လူအချို့ကိုသာ စစ်ဆေးမေးမြန်းခဲ့ရသည်ဟု လူ့အခွင့်အရေးကော်မရှင်အဖွဲ့ဝင် ဦးယုလွင်အောင်က ပြောသည်။
ရိုက်ကူး/တည်းဖြတ် – ကေဇွန်နွေး (Myanmar Now)



