သတင်း

ရန်ကုန်တွင် ဆန္ဒပြအလုပ်သမားများကို ဆက်တိုက်ဖမ်းဆီး၊ ခေါင်းဆောင် ၆ ဦးထောင်ကျ

လူစုလူဝေးမလုပ်ရန် ထုတ်ပြန်ထားသည့်ကာလတွင် ဆန္ဒပြခဲ့သည့် အလုပ်သမားများနှင့် ဧပြီလဆန်းပိုင်းက ဆန္ဒပြခဲ့ကြသည့် အလုပ်သမားများကို ယခုရက်ပိုင်းတွင် ရဲတပ်ဖွဲ့က ဆက်တိုက်ဖမ်းဆီးနေသည်။

ယနေ့နက်ပိုင်းတွင် ဒဂုံဆိပ်ကမ်းစက်မှုဇုန်ရှိ Rainwear House မိုးကာစက်ရုံမှ အလုပ်သမား ၅ ဦးနှင့် ဘရိုက်ဘက် ကျောပိုးအိတ်စက်ရုံတို့မှ အလုပ်သမား ၁ ဦးတို့ကို ဒဂုံဆိပ်ကမ်းမြို့နယ် ရဲစခန်းက လာရောက်ဖမ်းဆီးခဲ့သည်ဟု ဗမာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် မသက်ထားဆွေကပြောသည်။

ယင်းအပြင် အစိုးရက အလုပ်ပိတ်ရန် သတ်မှတ်ထားသည့် ဧပြီလ ၂၀ မှ ၃၀ ရက်နေ့ ကာလအတွက် လုပ်ခလစာပေးရန် သပိတ်စခန်းဖွင့်တောင်းဆိုနေသည့် ဒဂုံဆိပ်ကမ်း စက်မှုဇုန်ရှိ Blue Diamond အိတ်စက်ရုံ အလုပ်သမားသပိတ်ကိုလည်း မေ ၄ က ဖြိုခွင်းခဲ့ပြီး အလုပ်သမားခေါင်းဆောင် ၆ ဦးကို ဖမ်းဆီးခဲ့သည်။

ဖမ်းဆီးထားသည့် ဗမာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် ခေါင်းဆောင်များဖြစ်သည့် ကိုကျော်မျိုး၊ ကိုသက်ဦးမောင်၊ကိုမျိုးကြီး၊ ကိုမင်းမင်းနိုင်နှင့် သပိတ်စခန်းဖွင့်ခဲ့သည့် အလုပ်သမားခေါင်းဆောင် ၂ ဦး စုစုပေါင်း ၆ ဦးတို့ကို ရာဇသတ်ကြီး ဥပဒေပုဒ်မ ၁၈၈ (ပြည်သူ့ဝန်ထမ်းအာဏာပိုင်တို့က နည်းလမ်းတစ်ကျ ထုတ်ပြန်ထားသည့် အမိန့်အား အာဏာဖီဆန်ခြင်း) ဖြင့် ဒဂုံဆိပ်ကမ်းတရားရုံးက ယင်းနေ့တွင်ပင် ထောင်ဒဏ် ၃ လ ချမှတ်လိုက်သည်။

ယနေ့နံနက်တွင် ဖမ်းဆီးခံခဲ့ရသူများမှာ သင်္ကြန်ပိတ်ရက်မတိုင်မီတွင် ဖြစ်ပွားခဲ့သည့် ဆန္ဒပြမှုများကြောင့် ဖမ်းဆီးခံရခြင်းဖြစ်ပြီး စက်ရုံပိုင်ရှင်များက အမှုဖွင့်ထားခြင်းဖြစ်ကြောင်း ဒဂုံဆိပ်ကမ်းမြို့နယ် စခန်းမှူးက အတည်ပြုပြောဆိုသည်။

ဧပြီလ ၂၀ ရက်နေ့မှ ၃၀ ရက်နေ့ကို လုပ်ငန်းပိတ်သိမ်းပေးရန် ဧပြီလဆန်းက တောင်းဆိုခဲ့ကြသည့် Rainwear House မိုးကာစက်ရုံ အလုပ်သမားသပိတ်မှာ ပြေလည်သွားခဲ့ပြီဖြစ်ပြီး အလုပ်သမားများမှာလည်း လုပ်ငန်းခွင်တွင် ပြန်လည်လုပ်ကိုင်နေကြပြီဖြစ်ကြောင်း၊ ဘရိုက်ဘက် ကျောပိုးအိတ်စက်ရုံမှာလည်း လုပ်ငန်းခွင် ပိတ်သိမ်းသွားခဲ့ပြီး အလုပ်သမားများကို လျော်ကြေးငွေများပင် ပေးခဲ့ပြီးဖြစ်ကြောင်း မသက်ထားဆွေက ပြောသည်။

“ဒီလို ရောဂါကာလအတွင်းမှာ ဒီလိုမျိုးလုပ်တယ်ဆိုတာက အလုပ်သမားအရေး တက်ကြွလှုပ်ရှားနေတဲ့သူတွေကို အကွက်ကျကျ စီစဉ်ပြီးတော့ နောက်နောင် ဒါမျိုးတွေ မလုပ်ရဲတော့အောင် အကြောက်တရား ရိုက်သွင်းနေတယ်လို့ မြင်တယ်”ဟု ၎င်းကပြောသည်။

ယင်းအပြင် ဒဂုံဆိပ်ကမ်းစက်မှုဇုန်ရှိ ဆန္ဒပြခဲ့ဖူးသည့် စက်ရုံများမှ အလုပ်သမားများကို ယခင်တရားစွဲဆိုခံထားရသည့် အမှုဟောင်းများဖြင့် ရဲက လိုက်လံဖမ်းဆီးနေသည်ဟု မသက်ထားဆွေကပြောသည်။

ဒဂုံဆိပ်ကမ်းမြို့နယ် စခန်းမှူးက ဆန္ဒပြအလုပ်သမားများကို စက်ရုံပိုင်ရှင်များက စက်ရုံ၊ အလုပ်ရုံကို ပိတ်ဆို့ ဆန္ဒပြသည့်အတွက် ပုဒ်မ ၃၄၁၊ ဌာနဆိုင်ရာများက (ပြည်သူ့ဝန်ထမ်း အာဏာပိုင်တို့က နည်းလမ်းတစ်ကျ ထုတ်ပြန်ထားသည့် အမိန့်အား အာဏာဖီဆန်ခြင်း) ပုဒ်မ ၁၈၈ တို့ဖြင့် တရားစွဲဆိုထားခြင်းများရှိပြီး တရားစွဲဆိုထားသည့် အရေအတွက် အတိအကျကို မပြောဆိုနိုင်သေးကြောင်း ဆိုသည်။

“အများကြီးပဲ အလုပ်သမားတွေကတော့ စက်ရုံကို ပိတ်ဆို့ ဆန္ဒပြလို့ စက်ရုံက ဖွင့်ထားတာတွေလည်းရှိတယ်။ ဌာနဆိုင်ရာတွေက (ပုဒ်မ) ၁၈၈ နဲ့ မနေ့ကစွဲထားတာတွေလည်းရှိတယ်။ အများကြီးပဲဗျ” ဟု ၎င်းကပြောသည်။

ကိုဗစ်နိုင်တင်းရောဂါကြောင့် ဧပြီလတစ်လအား အနိမ့်ဆုံး လုပ်ခလစာနှင့် အလုပ်ပိတ်ပေးရန် ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ ဘရိုက်ဘက်အန်တာပရိုက်(စ်) (မြန်မာ) ကျောပိုးအိတ်ချုပ်စက်ရုံ၊ Rainwear House စက်ရုံနှင့် Blue Diamond အိတ်စက်ရုံများမှ အလုပ်သမားများက သက်ဆိုင်ရာစက်ရုံများရှေ့တွင် ဧပြီလဆန်းက သပိတ်စခန်းဖွင့် ဆန္ဒဖော်ထုတ်ခဲ့ကြသည်။

Show More

Related Articles

Back to top button