သတင်း

ထိုင်းရွေးကောက်ပွဲနိုင်ပါတီက မြန်မာ့အရေး ကူညီလို

ထိုင်းရွေးကောက်ပွဲတွင် အမတ်နေရာအများအပြား အနိုင်ရရှိထားသည့် Move Forward ပါတီမှ ဝန်ကြီးချုပ်တာဝန်ထမ်းဆောင်ရန် အသင့်ဖြစ်နေကြောင်း ထုတ်ဖော်ပြောဆိုထားသူ ပါတီခေါင်းဆောင် Pita Limjaroenrat က မြန်မာနိုင်ငံနှင့် ပတ်သက်၍ လူသားချင်းစာနာမှုအကူအညီများ ပေးနိုင်ရန် ကူညီမည်ဟု ယနေ့ (မေ ၁၅ ရက်) က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောသွားသည်။

သတင်းစာရှင်းလင်းပွဲတွင် ပါတီ၏ နိုင်ငံခြားရေးမူဝါဒနှင့် မြန်မာနိုင်ငံအပေါ် ထားရှိမည့် သဘောထားအမြင်ကို မေးမြန်းရာတွင် ထိုသို့ ပြောသွားခြင်းဖြစ်သည်။

ဒေသတွင်း တည်ငြိမ်ရန် အရေးကြီးသည်၊ အမှန်တရားက ခွန်အားဖြစ်ပြီး၊ ခွန်အားက အမှန်တရားမဟုတ်ဟု စစ်တပ်အာဏာသိမ်းထားသည့် မြန်မာနိုင်ငံနှင့် ပတ်သက်၍ ပြောသွားသည်။

မြန်မာနိုင်ငံနှင့် ပတ်သက်သော BURMA ACT ပါ အမေရိကန်၏ မူဝါဒများသည် အရေးကြီးသည်၊ နိုင်ငံတကာနှင့် ပူးပေါင်းကာ မြန်မာပြည်သူများ နိုင်ငံ့အရေးကို ကိုယ်တိုင်ဖြေရှင်းလာနိုင်ရန် ဖိအားပေးသွားမည်ဟုလည်း သူက ပြောသွားသည်။

သူရည်ညွှန်းခဲ့သည့် BURMA ACT တွင် ပါဝင်သည့် အမေရိကန်အမျိုးသားကာကွယ်ရေးလုပ်ပိုင်ခွင့်အက်ဥပဒေ NDAA 2023 ကို ၂၀၂၂ ဒီဇင်ဘာ ၂၃ တွင် အမေရိကန်အစိုးရက ပြဋ္ဌာန်းခဲ့သည်။

ထိုဥပဒေတွင် လူ့အခွင့်အရေး ချိုးဖောက်သူများကို တာဝန်ခံခိုင်းရန်၊ လူသားချင်း စာနာထောက်ထားသည့် အကူအညီများ ဆက်လက်ပေးရန်တို့ ပါဝင်သည်။ ထို့ပြင် မြန်မာနိုင်ငံရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ကို လက်နက်မဟုတ်သည့် အကူအညီများ ပေးရန်လည်း ပါဝင်သည်။ ထိုဥပဒေအရ အမေရိကန်အစိုးရက မြန်မာနိုင်ငံကို ၂၀၂၃ ခုနှစ်အတွင်း ဒေါ်လာ ၁၃၅ သန်း အကူအညီပေးမည်ဖြစ်သည်။

မြန်မာနိုင်ငံရေးနှင့် ပတ်သက်၍ လက်ရှိထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာက နှုတ်ဆိတ်နေလေ့ရှိသည်။ ထိုင်းစစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ချာလမ်ပိုလ်စရီဆာဝပ်တ်က စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဇန်နဝါရီလအတွင်းက ရခိုင်ပြည်နယ် ငပလီတွင် သွားရောက်တွေ့ဆုံထားသည်။

ထို့ပြင် ၂၀၂၂ ခုနှစ် ဇူလိုင်လအတွင်း ပုဂံတွင် ကျင်းပသည့် (၇) ကြိမ်မြောက် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးသို့ လာရောက်သည့် ထိုင်းနိုင်ငံဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာဒွန်ပရာမွန်းဝီနိုင်းနှင့် စစ်ခေါင်းဆောင်ခန့် နိုင်ငံခြားရေးဝန်ကြီး ဝဏ္ဏမောင်လွင်တို့ တွေ့ဆုံခဲ့သေးသည်။

၂၀၂၂ ခုနှစ် ဒီဇင်ဘာလအတွင်းကလည် အဖြေမထွက်သော မြန်မာ့အရေး အလွတ်သဘောဆွေးနွေးမှုကို ထိုင်းနိုင်ငံက ကမကထပြု ကျင်းပပေးခဲ့သည်။ ထိုဆွေးနွေးပွဲသို့ စစ်ကောင်စီခန့်ဝန်ကြီးနှင့် ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ ဗီယက်နမ်တို့မှ နိုင်ငံခြားရေးဝန်ကြီးများ တက်ရောက်ခဲ့သည်။

ဤအခြေအနေတွင် ဝန်ကြီးချုပ်တာဝန်ယူရန် အဆင်သင့်ဖြစ်ပြီဟု ကြွေးကြော်ထားသည့် Move Forward ပါတီ၏ ဝန်ကြီးချုပ်လောင်းလျာကမူ အာဆီယံဘုံသဘောတူညီချက်ကို အကောင်အထည်ဖော်မည်ဟု မြန်မာနိုင်ငံနှင့် ပတ်သက်၍ ထုတ်ဖော်ပြောဆိုလာခဲ့သည်။

အာဆီယံဘုံသဘောတူညီချက် ၅ ရပ်တွင် အကြမ်းဖက်မှုများရပ်ရန်၊ သက်ဆိုင်သူများအားလုံး တွေ့ဆုံဆွေးနွေးရန်တို့ ပါဝင်သည်။ သို့သော် ထိုသဘောတူညီချက်များ ချမှတ်ခဲ့သည်မှာ ၂ နှစ်ကျော်ကြာသည့်တိုင် အကောင်အထည်ဖော်ရန် မြန်မာအာဏာသိမ်းစစ်ခေါင်းဆောင်က လိုက်လျောခြင်းမရှိသေးပါ။

တနင်္ဂနွေနေ့က ကျင်းပခဲ့သည့် ရွေးကောက်ပွဲတွင် Move Forward ပါတီက အနိုင်ရနေကြောင်း ဘန်ကောက်ပို့စ်သတင်းစာက ယနေ့ မွန်းလွဲပိုင်းက အွန်လိုင်းတွင် ရေးသားသည်။ Move Forward ကိုယ်စားလှယ်အရေအတွက် စုစုပေါင်း ၁၅၁ နေရာဖြင့် ထိပ်ဆုံးမှ ဦးဆောင်နေကြောင်း သိရသည်။

ထိုင်းဝန်ကြီးချုပ်ဟောင်း၏သမီး ဦးဆောင်သည့် Pheu Thai ပါတီက စုစုပေါင်း ၁၄၁ နေရာဖြင့် ဒုတိယလိုက်နေသည်။

ထိုင်းဖွဲ့စည်းပုံအခြေခံဥပဒေအရ လွှတ်တော်တွင် နေရာ ၇၅၀ ရှိသည့်အနက် ဝန်ကြီးချုပ် တင်မြှောက်နိုင်ရန်နှင့် အစိုးရဖွဲ့နိုင်ရန် အနည်းဆုံး ၃၇၆ နေရာ ရရှိရန် လိုအပ်သည်။

ပါတီတစ်ခုတည်းက ထိုပမာဏ မရရှိပါက အခြားပါတီများနှင့် ပေါင်းကာ ညွန့်ပေါင်းအစိုးရဖွဲ့နိုင်မည်ဖြစ်သည်။

လက်ရှိထိုင်းဝန်ကြီးချုပ်၏ ပါတီက ရွေးကောက်ပွဲတွင် အခြေအနေမကောင်းသော်လည်း ညွန့်ပေါင်းအစိုးရဖွဲ့ရန် မျှော်လင့်ချက် မကုန်သေးပေ။

ထိုင်းအထက်လွှတ်တော်နေရာ ၂၅၀ ကို စစ်တပ်က ထိန်းချုပ်ထားရာ ရွေးကောက်ပွဲအနိုင်ရ ပါတီငယ်များကို စည်းရုံးနိုင်လျှင် လူနည်းစုထောက်ခံသော အစိုးရတစ်ရပ်ကို ဖွဲ့စည်းနိုင်သောအခြေအနေ ရှိနေသေးသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button