သတင်း

ဦးနေဝင်းမြေးပိုင် YBS လုပ်ငန်းနှင့် ယာဉ်မောင်းများအငြင်းပွားမှု ခုံသမာဓိရုံးဆက်တက်

လျော်ကြေးကိစ္စအငြင်းပွားနေသည့် ဦးနေဝင်းမြေးပိုင် Omni Focus ကုမ္ပဏီနှင့် ယာဉ်မောင်းများအကြား ညှိနှိုင်းမှုမပြေလည်သဖြင့် ရန်ကုန်တိုင်းခုံသမာဓိရုံးတွင် ဆက်လက်ဖြေရှင်းရတော့မည်ဖြစ်သည်။

ဧပြီ ၂၈ က လှိုင်သာယာမြို့နယ် ညှိနှိုင်းဖျန်ဖြေရေးရုံးတွင် ကုမ္ပဏီတာဝန်ရှိသူများနှင့် YBS ယာဉ်မောင်းများ တတိယအကြိမ်မြောက် တွေ့ဆုံညှိနှိုင်းသော်လည်း ပြေလည်မှုမရသဖြင့် ရန်ကုန်တိုင်းခုံသမာဓိရုံးသို့ ယာဉ်မောင်းများက ဆက်လက်တိုင်ကြားခဲ့ခြင်းဖြစ်သည်။

မြို့နယ်ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့က ဥပဒေနှင့်အညီပေးသင့်သည့် ပမာဏကို ပြောဆိုဆွေးနွေးခဲ့ပြီး အလုပ်ရှင်ဘက်က မပေးလိုသဖြင့် ညှိနှိုင်းမှုမပြေလည်ခဲ့ခြင်းဖြစ်ကြောင်း ညှိနှိုင်းဖျန်ဖြေရေးရုံးအဖွဲ့၏ အတွင်းရေးမှူး ဦးသိန်းမင်းထွန်းကပြောသည်။

“ဥပဒေနဲ့အညီပေးဖို့ပေါ့။ ဒါကို အလုပ်ရှင်ဘက်က မပေးနိုင်ဘူးဆိုရင်တော့ ခုံသမာဓိရဲ့ဆုံးဖြတ်ချက်ကိုတော့ သူတို့ခံယူရမှာလေ”ဟု ၎င်းကဆိုသည်။

ယာဉ်မောင်းများက လုပ်ခလစာနှင့် နို့တစ်ကြေးပေါင်း ကျပ်ခြောက်သိန်းခန့် လျော်ကြေးရလိုမှုနှင့် တိုင်ကြားခဲ့ခြင်းဖြစ်သော်လည်း ဧပြီ ၂၈ ညှိနှိုင်းမှုတွင် အလုပ်သမားများ၏ လူမှုဖူလုံရေးကြေး(လစာ၏ ၆၀ ရာခိုင်နှုန်း) တစ်သိန်းရှစ်သောင်းပါပေးရန် မြို့နယ်ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့က ဆုံးဖြတ်ခဲ့ပြီး အားလုံးပေါင်း ကျပ် ၇၈၀,၀၀၀ ခန့် ပေးလျော်စေရန် ပြောကြားခဲ့သည်ဟု YBS ၉၉ ယာဉ်မောင်း ဦးစိန်ဟန်ကပြောသည်။

ကုမ္ပဏီက ယာဉ်မောင်းတစ်ဦး ကျပ်နှစ်သိန်းနှုန်း နစ်နာကြေးပေးရန် သတ်မှတ်သော်လည်း ယာဉ်မောင်းများက လုပ်ခလစာနှင့် နို့တစ်ကြေးပေါင်း ကျပ်ခြောက်သိန်းခန့် လျော်ကြေးရလိုသဖြင့် နှစ်ဖက်အငြင်းပွားကာ ဧပြီ ၃ တွင် ယာဉ်မောင်းများက ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့ထံ တိုင်ကြားခဲ့ကြခြင်းဖြစ်သည်။

ဘက်စုံမြင်ကွင်း (Omni Focus) ဘတ်စ်ကုမ္ပဏီဘက်က မူလညွှန်ကြားချက်အတိုင်းသာ နစ်နာကြေးပေးသွားမည်ဖြစ်ကြောင်း ယင်းကုမ္ပဏီပိုင်ရှင် ဦးကျော်နေဝင်းက ပြောသည်။

“ကျွန်တော်တို့သည် အလုပ်ဖြုတ်တာ လုံးဝမဟုတ်။ အလုပ်ဖြုတ်တာမဟုတ်တဲ့အတွက် အလုပ်ဖြုတ်တယ်ဆိုတဲ့ကိစ္စနဲ့ပတ်သက်ပြီး ဖြေရှင်းပေးစရာ အကြောင်းမရှိဘူး”ဟု ဦးကျော်နေဝင်းကပြောသည်။

အလုပ်ရှင်အလုပ်သမားကြား အခြေခံလစာသတ်မှတ်ချက်နှင့်ပတ်သက်ပြီး ဦးကျော်နေဝင်းကို မေးမြန်းရာတွင် ကုမ္ပဏီ၏သတ်မှတ်ချက် လစာပမာဏအပါအဝင် အလုပ်ရှင်အလုပ်သမားအကြား ချုပ်ဆိုရသည့် EC စာချုပ်နှင့်ပတ်သက်၍ ရှင်းလင်းစွာဖြေကြားခြင်း မရှိပေ။

ယခုလမှစ၍ ပြောင်းလဲလိုက်သည့် ကော်မရှင်စားစနစ်ကို ကိုဗစ်နိုင်တင်းအလွန် အခြေအနေတစ်ရပ်ရောက်လျှင် လခစားစနစ်သို့ ပြန်လည်ပြောင်းလဲသွားမည်ဟု ဦးကျော်နေဝင်းကဆိုသည်။

လခစား ယာဉ်မောင်းစနစ်ကို ရပ်စဲကြောင်း ကုမ္ပဏီက ဧပြီလဆန်းပိုင်းတွင် ကြေညာခဲ့ပြီးနောက်တွင် ဦးကျော်နေဝင်း၏ ဘက်စုံမြင်ကွင်း (Omni Focus) ဘတ်စ်ကုမ္ပဏီလက်အောက်တွင် ပြေးဆွဲနေသော ယာဉ်လိုင်း ကိုးလိုင်းမှ ဘတ်စ်များတွင်မောင်းနှင်သည့် ယာဉ်မောင်း ၃၀၀ ကျော်အနက် ၁၃၄ ဦးသည် ကော်မရှင်စားစနစ်ဖြင့် မမောင်းနှင်လိုသဖြင့် သတ်မှတ်လျော်ကြေးများရယူကာ အလုပ်ထွက်လိုကြခြင်းဖြစ်သည်။

တိုင်ကြားစဉ်အခါက ယာဉ်မောင်းဦးရေ ၁၃၄ ဦးပါရှိသော်လည်း ဧပြီ ၂၈ ကညှိနှိုင်းရာတွင် ယာဉ်မောင်း ၇၀ သာလာရောက်ပြီး၊ ကုမ္ပဏီဘက်က ဦးလှမြင့်အပါအဝင် သုံးဦးလာရောက်ခဲ့သည်ဟု အဆိုပါညှိနှိုင်းရုံးမှသိရသည်။

ကော်မရှင်စားမောင်းရမည့်စနစ်တွင် နေ့စဉ်ယာဉ်စီးခရငွေထဲမှ ဆီဖိုးနုတ်ပြီး ကျန်သည့်ငွေကို ကုမ္ပဏီနှင့်ယာဉ်မောင်း ၆၅-၃၅ ရာခိုင်နှုန်းအချိုးဖြင့် ခွဲယူမည်ဖြစ်၍ ခရီးသည်မရှိပါက ဆီဖိုးပင် ပြန်စိုက်ပေးရမည့် အခြေအနေဖြစ်ကြောင်း၊ ကိုယ့်အတွက်ကျန်စေရန် မထသခေတ်ကလို လုမောင်းရမည့် အခြေအနေဖြစ်ကြောင်း စနစ်မပြောင်းလဲလိုသည့် Omni Focus ယာဉ်မောင်းများကဆိုသည်။

အဆိုပါ တိုင်ကြားသည့် ယာဉ်မောင်း ၁၃၄ ဦးထဲတွင် မပါသည့် ကျန်ယာဉ်မောင်းများကမူ ကော်မရှင်စားစနစ်ကိုလက်ခံပြီး Omni Focus ယာဉ်လိုင်းများတွင် ဆက်လက်လုပ်ကိုင်နေကြသည်။

လက်ရှိအချိန်တွင် Omni Focus ဘတ်စ်ကုမ္ပဏီက YBS ၅၆ လိုင်းတစ်လိုင်းသာ နေ့စဉ် ၅ စီးမှ ၇ စီးခန့်ဖြင့် ရန်ကုန်မြို့တွင်း ခြောက်မြို့နယ်ကိုသာလျှင် ပြေးဆွဲနေကြောင်း ယင်းကုမ္ပဏီမှ သိရသည်။

Show More

Related Articles

Back to top button