စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်တောင်ဘက် ထောက်ရှာအိုင်ကျေးရွာကို စစ်ကောင်စီတပ်က ယမန်နေ့ (မေ ၇) နံနက်က ဝင်ရောက်မီးရှို့ပြီးနောက် ရွာသား ၁၂ ဦးကို ဓားစာခံအဖြစ် ဖမ်းဆီးသွားကြောင်း ဒေသခံများထံမှ သိရသည်။
စစ်သားနှင့် ပျူစောထီး ခေါ် ပြည်သူ့စစ် စုပေါင်းအင်အား ၁၀၀ ခန့်သည် မြို့တောင်ဘက် ၃၅ မိုင်အကွာ အိမ်ခြေ ၃၀၀ ခန့်ရှိသည့် အဆိုပါရွာသို့ ယမန်နေ့ နံနက် ၅ နာရီခန့်တွင် ရုတ်တရက် ရောက်လာသည်။
ဝင်ရောက်စီးနင်းသူများသည် ရွာတောင်ဘက် ၂ မိုင်ခန့်အကွာ ယမနေကျေးရွာတွင် ကာလရှည် တပ်စွဲနေထိုင်သူများ ဖြစ်ကြောင်း ထောက်ရှာအိုင်ရွာမှ အသက် ၃၀ ကျော်အရွယ် ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။
“စစ်တပ်ခြေရင်းမှာ နေရတာဆိုတော့ ရွာသူရွာသားတွေက ရွာအပြင်မှာ ထန်းလက်တဲနဲ့ နေကြတာ။ အဲဒီတဲတွေကနေ ဖမ်းခေါ်ပြီးတော့ ဓားစာခံလုပ်ပြီး၊ ဖမ်းခေါ်သွားပြီး ပစ်ခတ်ဝင်တာပဲ” ဟု ထိုအမျိုးသမီးက ဆိုသည်။
စစ်ကောင်စီလက်နက်ကိုင်တို့က တိုက်ခိုက်ခံရခြင်းမှ လွတ်ကင်းရန် ထိုသို့ ဓားစာခံအဖြစ် ဖမ်းဆီးခြင်းဖြစ်ပြီး ထိုသို့ အကာအကွယ်ယူခြင်းမျိုးကို စစ်ကိုင်းတိုင်းတွင် အများဆုံး တွေ့နိုင်သည်။
ထို့နောက် နံနက် ၈ နာရီခန့်အထိ ရွာကို မီးတင်ရှို့ခဲ့ပြီး ရွာအပြင်မှ ဖမ်းခေါ်လာသည့် ဒေသခံအများအပြားကို ရွာဘုန်းကြီးကျောင်းတွင် ဖမ်းဆီးချုပ်နှောင်ထားကြောင်း၊ ဘုန်းကြီးကျောင်း မြေအောက်ခန်းတွင် ရွာသူရွာသားများ လှူဒါန်းထားသည့် ရိက္ခာများကို ဖျက်ဆီးခဲ့သလို အချို့ကို ယူဆောင်သွားကြောင်း ထောက်ရှာအိုင်ရွာခံများထံမှ သိရသည်။
ချုပ်နှောင်ထားသူများအနက် အမျိုးသမီးများကို ပြန်လွှတ်ပေးခဲ့ပြီး အမျိုးသားများကို ဖမ်းဆီးခေါ်ဆောင်၍ စစ်ကြောင်းက ယင်းနံနက်မှာပင် ရွာမှ ထွက်ခွာသွားသည်ဟု သိရသည်။
ဖမ်းဆီးခေါ်ဆောင်ခံရသူ လူငယ်အမျိုးသား ၁၂ ဦးထဲတွင် အသက်မပြည့်သေးသည့် ၁၅ နှစ်အရွယ်တစ်ဦး ပါဝင်ပြီး ဘုန်းကြီးကျောင်းအတွင်းတွင် ၎င်းတို့ ရိုက်နှက် စစ်ဆေးခံရကြောင်း ပြန်လွတ်လာသူများကို ကိုးကား၍ အထက်ပါအမျိုးသမီးက ပြောသည်။
“ယောကျ်ားသားတွေကိုကျ သူတို့မေးတာတွေ မဖြေတတ်တော့ ကျောင်းပေါ်တင် နှိပ်စက်တာပေါ့၊ ပါးတွေနားတွေ ရိုက်တာတွေ လုပ်တာပေါ့” ဟု သူက ဆိုသည်။
စစ်တပ်၏ မီးရှို့မှုကြောင့် ထောက်ရှာအိုင်ရွာ ထက်ဝက်ခန့်ဖြစ်သော နေအိမ် ၁၅၀ ခန့် မီးလောင်ပြာကျသွားကြောင်း အထက်ပါအမျိုးသမီးက ပြောပြသည်။
“တချို့အိမ်တွေ ဝက်တွေပါတယ်၊ နွားတွေပါတယ်။ အိမ်ကြီးအိမ်ကောင်းကတော့ ဘာမှကို မကျန်တော့ဘူး။ (ကျွန်မရဲ့ အိမ်လည်း) အကုန်လုံးပါတာ၊ ဘာမှကို မရလိုက်တာ၊ ငိုပြီး ပြန်လာရတာပဲ။ အိမ်ကြီးအိမ်ကောင်းကတော့ ဘာမှ မကျန်ဘူး၊ ရွာတစ်ခြမ်းလုံး ပါသွားတာပဲ” ဟု သူက ဆိုသည်။
ဖမ်းဆီးခံထားရသည့် လူငယ်များကို ညှဉ်းပန်းနှိပ်စက်နေသည်ဟု ကြားသိရပြီး ၎င်း၏ တူတော်စပ်သူများလည်း ပါဝင်နေ၍ အသက်အန္တရာယ်ကို စိုးရိမ်နေကြောင်း အထက်ပါ ထောက်ရှာအိုင်ရွာခံ အမျိုးသမီးက ပြောသည်။
“ကိုယ့်အိမ်တွေ မီးလောင်တာထက် ပိုခံစားရတယ်။ ကိုယ့်တူအရင်းတွေ ပါသွားတာဆိုတော့ ပိုဆိုးတယ်။ အိမ်ဆိုတာ မသေရင် ထူထောင်လို့ရတယ်။ လူ့အသက်က ဘယ်လိုမှ အစားထိုးလို့ မရတော့ဘူးလေ” ဟု ထိုအမျိုးသမီးက ဆက်ပြောသည်။
ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ကန့်ဘလူခရိုင် အမှတ် (၄) တပ်ရင်း တာဝန်ရှိသူတစ်ဦးကလည်း ဖမ်းဆီးခေါ်ဆောင်သွားသည့် ထောက်ရှာအိုင်ရွာသား ၁၂ ဦးမှာ ယမနေကျေးရွာအတွင်း ညှဉ်းပန်းစစ်ဆေးခံနေရသည်ဟု သိရကြောင်း ပြောသည်။
“လက်ပြန်ကြိုးတုပ်ပြီး နေပူထဲ ပစ်ထားတယ်လို့ပဲ သတင်းကြားရသေးတယ်။ ဒီအချိန် နေပူလှန်း သေပြီပေါ့ဗျာ။ ကျွန်တော်တို့လည်း သူတို့အခြေအနေ စောင့်ကြည့်နေရတာပဲ” ဟု သူက ပြောသည်။
အဆိုပါစစ်တပ်နှင့် ပျူစောထီးကြောင်းသည် မေ ၄ ရက်နေ့ကလည်း ယမနေရွာမှ အနောက်ဘက် ၇ မိုင်ခန့်အကွာ သရက္ကံကြီးရွာကို ဝင်ရောက်စီးနင်းကာ စိတ်ကျန်းမာရေး မကောင်းသည့် အသက် ၅၀ အရွယ် ဦးခိုင်ဇော် ဆိုသူကို ပစ်သတ်ခဲ့ပြီး ဒေသခံ ၆ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားသည်။
ဖမ်းဆီးမှု၊ သတ်ဖြတ်မှု၊ မီးရှို့မှုများနှင့် ပတ်သက်ပြီး စစ်ကောင်စီက သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)