သတင်း

ချောင်းဦးတွင် ရွာကာကွယ်အဖွဲ့ဝင်များ မုဒိမ်းကျင့်လူသတ်မှု ကျူးလွန်ခဲ့

လွန်ခဲ့သော ကိုးလခန့်က စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်တွင် ရွာကာကွယ်ရေးအဖွဲ့ဝင်များက အမျိုးသမီးငယ် ၄ ဦး၊ အမျိုးသားငယ် ၃ ဦးတို့ကို ဖမ်းဆီးပြီးနောက် မုဒိမ်းမှုနှင့် လူသတ်မှု ကျူးလွန်ခဲ့ပြီး ထိုဖြစ်စဉ်ကို မြို့နယ် PDF နှင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တို့က အတည်ပြုသည်။

ချောင်းဦးမြို့နယ်အတွင်း ရောက်လာသည့် လူငယ် ၇ ဦးကို ဒလန်ဟု စွပ်စွဲပြီး သတ်ဖြတ်ခဲ့ခြင်းဖြစ်သည်။ ၂၀၂၂ ဩဂုတ်လအတွင်းက ဖြစ်ပွားခဲ့ကာ ထိုအချိန်က ချောင်းဦးမြို့နယ်တွင် စစ်ကောင်စီက စစ်ကြောင်းထိုးနေချိန် ဖြစ်သည်။

ဖမ်းဆီးသတ်ဖြတ်ခံရသူများမှာ အသက် ၁၅ မှ ၂၀ စွန်းစွန်းအရွယ် လူငယ်များဖြစ်ပြီး စစ်ကိုင်းမြို့နယ်မှ ရောက်လာသူများဖြစ်ကြသည်။ မြို့နယ် PDF အဖွဲ့၏ စစ်ဆေးချက်အရ အမျိုးသမီးလေးဦးအနက် အသက်မပြည့်သေးသူ သုံးဦး ပါဝင်ပြီး ၎င်းတို့ကို မုဒိမ်းကျင့်ပြီးမှ သတ်ဖြတ်ခဲ့ခြင်းဖြစ်သည်။ သတ်ဖြတ်ပြီးနောက် အလောင်းများကို မြေမြှုပ် ဖျောက်ဖျက်ခဲ့သည်။ 

အသက် ၂၈ နှစ်အရွယ် ကျေးရွာ PDF ခေါင်းဆောင်နှင့် ၂၀ အရွယ် အဖွဲ့ဝင်သုံးဦးက ပြစ်မှုကျူးလွန်ကြောင်း ဝန်ခံထားသည်။ ချောင်းဦးမြို့နယ် PDF အဖွဲ့က စစ်ဆေးပြီးနောက် ခရိုင် PDF ၏ ညွှန်ကြားချက်နှင့်အတူ ပြစ်မှုကျူးလွန်သည့် ရွာကာကွယ်ရေးအဖွဲ့ဝင်လေးဦးကို မြို့နယ်အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) နှင့် မြို့နယ်လုံခြုံရေးအဖွဲ့ (ပလဖ) ထံ လွှဲပြောင်းပေးခဲ့သော်လည်း တစ်စုံတစ်ရာ အရေးယူခြင်း မရှိခဲ့ပေ။ 

ထို့အတူ ဖြစ်စဉ်အပေါ် NUG အနေဖြင့် အရေးမယူနိုင်သေးဘဲ မည်သို့ကိုင်တွယ်နေသည်ကိုလည်း ရှင်းရှင်းလင်းလင်း မသိရပေ။ ပြစ်မှုကျူးလွန်သူများမှာ လက်ရှိအချိန်ထိ လွတ်မြောက်နေဆဲဖြစ်ကာ အရေးယူရန် ပျက်ကွက်နေသော မြို့နယ်ပအဖနှင့် ပလဖအဖွဲ့ကို ဧပြီ ၁၇ တွင် ဒေသခံများက ကန့်ကွက်ဆန္ဒပြထားသည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ သိရသမျှ

ချောင်းဦးမြို့နယ်အတွင်း PDF အဖွဲ့ဝင် လူငယ်လေးဦး ကျူးလွန်သည့် ဖြစ်စဉ်နှင့် ပတ်သက်၍ Myanmar Now က ထိုဒေသရှိ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသပိတ်ကော်မတီဝင်တစ်ဦး၊ သက်ဆိုင်ရာမြို့နယ် PDF ခေါင်းဆောင်နှင့် NUG ၏ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ဆိုင်ရာ ဝန်ကြီး နော်ဆူဇန်နာလှလှစိုးကို ဆက်သွယ်မေးမြန်းထားသည်။ ချောင်းဦးမြို့နယ်မှ ပအဖနှင့် ပလဖကို ဆက်သွယ်မေးမြန်းသော်လည်း တစ်စုံတစ်ရာ မတုံ့ပြန်ပေ။

အခင်းဖြစ်ပွားသည့် ချောင်းဦးမြို့နယ်မှာ မုံရွာ-မန္တလေး ကားလမ်းမပေါ်၌ ရှိကာ ချင်းတွင်းမြစ်အရှေ့ဘက်ကမ်းဒေသဖြစ်သည်။ စစ်ကောင်စီကို ပြင်းပြင်းထန်ထန် ခုခံတော်လှန်နေသည့် စစ်ကိုင်းတိုင်းတောင်ပိုင်းရှိ မြောင်မြို့နယ်မှာ ချောင်းဦးနှင့် တစ်ဆက်တည်းဖြစ်သည်။ 

ထိုဒေသတွင် ပြီးခဲ့သည့်နှစ်မှ လက်ရှိအချိန်ထိ စစ်တပ်က မကြာခဏ စစ်ကြောင်းထိုးနေကာ ဒေသကာကွယ်ရေးအဖွဲ့များနှင့် တိုက်ပွဲဖြစ်လေ့ရှိသည်။ ပြီးခဲ့သည့်နှစ် ဇွန်လ၊ ဩဂုတ်၊ စက်တင်ဘာနှင့် အောက်တိုဘာလများအတွင်း စစ်တပ်က ရွာများကို ဝင်ရောက်စီးနင်းစဉ် ဒေသခံအချို့ ဖမ်းဆီးသတ်ဖြတ်ခံရသည့်အပြင် နေအိမ်များလည်း မီးရှို့ဖျက်ဆီးခံရသည်။

ထိုသို့ စစ်တပ်က မကြာခဏ ဝင်ရောက်စီးနင်းနေစဉ် ချောင်းဦးတောင်ဘက်ရှိ ရွာတစ်ရွာ၌ စစ်ကိုင်းဘက်မှ ရောက်လာသည့် လူငယ် ၇ ဦး အဖမ်းခံရသည့်ဖြစ်စဉ် ပေါ်ပေါက်ခဲ့သည်။ ဖြစ်ပွားသည့်နေ့မှာ ၂၀၂၂ ခုနှစ် ဩဂုတ်လ ၂၉ ရက်နေ့ဖြစ်သည်။ 

(စစ်တပ်က အချိန်မရွေး ရောက်လာနိုင်သည့်အတွက် သက်ဆိုင်သူများ၏ တောင်းဆိုချက်အရ အခင်းဖြစ်ပွားသည့် ကျေးရွာအမည်ကို ဖော်ပြနိုင်ခြင်း မရှိပေ။)

ဖမ်းဆီးသတ်ဖြတ်ခံရသူများအနက် အမျိုးသမီးတစ်ဦး၏ ရုပ်အလောင်း။​

အမျိုးသမီးငယ် လေးဦးပါသည့် ထိုလူငယ်အဖွဲ့မှာ ရွာစဉ်လှည့်ကာ ဘူးခွံနှင့် သံတိုသံစမှစ၍ စွန့်ပစ်ပစ္စည်းမျိုးစုံ လိုက်ကောက်နေခြင်းဖြစ်သည်။ ချောင်းဦးမြို့နယ်မှ ထိုရွာသို့ ရောက်ရှိစဉ် နေအိမ်အတွင်းထိ ဝင်ကာ ပစ္စည်းကောက်သဖြင့် ရွာသားများက ဝိုင်းဝန်းဖမ်းဆီးပြီး PDF ထံ အပ်နှံခဲ့သည်။

အဖမ်းခံရသူများတွင် အမျိုးသားသုံးဦးမှာ အသက် ၂၁ နှစ်၊ ၁၇ နှင့် ၁၆ နှစ်အရွယ်များဖြစ်သည်။ အမျိုးသမီးလေးဦးသည်လည်း အကြီးဆုံးသည်ပင် ၂၁ နှစ်အရွယ်သာ ရှိသေးပြီး ကျန်သုံးဦးမှာ ၁၅ နှစ်ဝန်းကျင် အရွယ်များဖြစ်ကြသည်။ 

၎င်းတို့ ဖမ်းဆီးပြီးနောက် စစ်တပ်နှင့် ပတ်သက်ဆက်နွှယ်နေသည်၊ သတင်းပေးဒလန်ဖြစ်သည်ဟု စွပ်စွဲကာ နောက်တစ်ရက်ဖြစ်သော ဩဂုတ် ၃၀ ရက်နေ့တွင် ရွာ PDF အဖွဲ့က တစ်ဦးချင်းစီ ခေါ်ထုတ်ကာ သတ်ဖြတ်ခဲ့သည်။ အမျိုးသမီးငယ်များကို အလှည့်ကျ မုဒိမ်းကျင့်ပြီးမှ သတ်ဖြတ်ခြင်း ဖြစ်သည်ဟု သိရသည်။ 

ပြစ်မှုကျူးလွန်ရာ၌ ဦးဆောင်သူမှာ ရွာ PDF အဖွဲ့ခေါင်းဆောင် အသက် ၂၈ နှစ်ရွယ် နိုင်မျိုးဇော်ဖြစ်ပြီး ၎င်းကို ပြူးကြီး (သို့မဟုတ်) မျက်ပြူးဟု ခေါ်ဆိုကြသည်။ ကျန်သူများမှာ ၎င်း၏ နောက်လိုက်များဖြစ်သည့် ၂၆ နှစ်အရွယ် ဇော်ဝင်းနိုင် (ခ) စိန်ဘ၊ ၂၂ နှစ်ရွယ် မြတ်သူရ (ခ) သူရနှင့် ၂၁ နှစ်အရွယ် ကိုနောင် (ခ) နောင်နောင် တို့ဖြစ်သည်။

ချောင်းဦးမြို့နယ် PDF ခေါင်းဆောင်၏ ပြောဆိုချက်

ဆက်လက်ထိန်းသိမ်းထားရန် မှာကြားထားချိန်တွင် သတ်ဖြတ်ခဲ့ခြင်းဖြစ်သည်ဟု ချောင်းဦးမြို့နယ် PDF ခေါင်းဆောင် ကိုဇာနည်သိန်းက ပြောသည်။

“စစချင်းမှာ ဒလန်ဆိုတာ သံသယပဲ ရှိသေးတယ်။ မသေချာသေးလို့ ဘာမှ လုပ်လို့မရသေးဘူး။ ဆက်ထိန်းထားလိုက်ပါဦးလို့ ကျွန်တော်ပြောထားတာ။ နောက်နေ့ကျတော့ ပြန်လွှတ်လိုက်ပါပြီဆိုပြီး သတင်းပို့လာတယ်။ စစ်ဆေးကြည့်လိုက်တော့ အကုန်လုံးကို သတ်ပစ်လိုက်တာ ဖြစ်နေတာဗျ” ဟု သူက ပြောသည်။

ထိုသို့သိရသည်နှင့် ချောင်းဦး PDF အဖွဲ့က အခင်းဖြစ်ရာသို့ လိုက်သွားကာ ပြစ်မှုကျူးလွန်သူလေးဦးကို ဖမ်းဆီးခဲ့သည်၊ ရွာတောင်ဘက်တွင် မြှုပ်နှံထားသည့် အလောင်းများကို မြို့နယ်ကျန်းမာရေးအဖွဲ့နှင့်အတူ ပြန်လည်တူးဖော်စစ်ဆေးစဉ် ၇ ဦးလုံးမှာ ဓားဒဏ်ရာဖြင့် သေဆုံးခြင်းဖြစ်ကြောင်း တွေ့ရှိခဲ့သည်ဟု ကိုဇာနည်သိန်းက ပြောသည်။ 

လေးရက်ကြာ စစ်ဆေးပြီးနောက် ရွာ PDF အဖွဲ့ဝင်လေးဦးက ၎င်းတို့ ကျူးလွန်ကြောင်း ဝန်ခံထွက်ဆိုခဲ့ကာ သတ်ဖြတ်မှုတွင် လေးဦးစလုံး ပါဝင်ခဲ့ပြီး သုံးဦးက မုဒိမ်းမှု ကျူးလွန်ကြောင်း ပေါ်ပေါက်ခဲ့သည်။

“သူတို့တွေ ဝန်ခံလာကြတယ်။ သုံးယောက်က မုဒိမ်းကျင့်တယ်။ သတ်တာကတော့ လေးယောက်လုံး သတ်လိုက်တာ” ဟု ကိုဇာနည်သိန်းက ပြောသည်။

ဖမ်းဆီးသတ်ဖြတ်ခံရသည့် လူငယ်နှစ်ဦး၏ ရုပ်အလောင်းများ။

ပြစ်မှုကျူးလွန်သူများအနက် ရွာ PDF ခေါင်းဆောင်ဖြစ်သူ နိုင်မျိုးဇော်က ၎င်းအနေဖြင့် ဖမ်းထားသူများကို စစ်ဆေးစဉ် စစ်ကောင်စီအတွက် သတင်းထောက်လှမ်းပေးသူများဖြစ်သည်ဟု သိခဲ့သည်ဟု မြို့နယ် PDF တာဝန်ရှိသူများထံ ဝန်ခံပြောကြားခဲ့သည်။

ဖမ်းဆီးထားသူများအနက် စစ်သားများ၏ သားသမီး ၃ ဦး ပါဝင်ကြောင်း၊ ၂၁ နှစ်အရွယ် အမျိုးသားက ဖုန်းတစ်လုံးစီ ဝယ်ပေးမည်ဟု စည်းရုံးသဖြင့် ကျန် ၆ ဦးက လိုက်ပါလာခြင်းဖြစ်ကြောင်း အဖမ်းခံရသူအားလုံးက ထွက်ဆိုသည်ဟုလည်း နိုင်မျိုးဇော်ကို မြို့နယ် PDF က စစ်ဆေးစဉ် သိရှိခဲ့ရသည်။

ထို့ကြောင့် ဖမ်းဆီးထားသူများကို သတ်မည်ဟု ဆုံးဖြတ်ကာ ရွာတောင်ဘက်သို့ ခေါ်ဆောင်သွားစဉ် ရွာရှိ အခြား PDF အဖွဲ့ဝင်တစ်ဦးက ချောင်းဦးမြို့နယ် PDF ထံ သတင်းပို့ရန် ပြောဆိုခဲ့သော်လည်း ၎င်း တာဝန်ယူမည်ဟု ဆိုကာ သတင်းမပို့ဘဲ သတ်ဖြတ်ခဲ့ကြောင်းလည်း နိုင်မျိုးဇော်က ထွက်ဆိုသည်။

ထို့ပြင် ဖမ်းဆီးထားသူအားလုံးကို ဓားဖြင့် လှီး၍ သတ်ဖြတ်သည်၊ အမျိုးသမီးငယ်များကို မုဒိမ်းကျင့်ပြီးမှ သတ်ဖြတ်ခြင်းဖြစ်သည်ဟုလည်း ခေါင်းဆောင်ဖြစ်သူ နိုင်မျိုးဇော် အပါအဝင် ရွာ PDF အဖွဲ့ဝင်တို့က ဝန်ခံထွက်ဆိုကြသည်။ 

ပြစ်မှုကျူးလွန်သည့် ရွာ PDF အဖွဲ့ဝင်လေးဦးကို သီးတင်းသုံးပတ်အကြာတွင် ခရိုင် PDF ၏ ညွှန်ကြားချက်အရ ချောင်းဦးမြို့နယ် ပအဖနှင့် ပလဖတို့ထံ လွှဲပြောင်းပေးခဲ့သည်ဟုလည်း ကိုဇာနည်သိန်းက ဆိုသည်။ မည်သို့ လွှဲပြောင်းအပ်နှံခဲ့သည်ကိုမူ အသေးစိတ် မသိရပေ။

ကိုးလတိုင်သည့်တိုင် အပြစ်ပေးအရေးယူခြင်းမရှိ

မုဒိမ်းကျင့်သတ်ဖြတ်ခံရသည့် အမျိုးသမီးလေးဦးအနက် သုံးဦးမှာ ၁၅ နှစ်အရွယ်များဖြစ်ကာ ကျူးလွန်သူများကို မြို့နယ် ပအဖနှင့် ပလဖထံ အပ်နှံခဲ့သော်လည်း အရေးယူခြင်းမရှိဟု ထိုဒေသရှိ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသပိတ်ကော်မတီဝင်တစ်ဦးက ဆိုသည်။

“ပအဖလက်ထဲကို အပ်လိုက်ပေမဲ့ ဘာမှ အရေးယူ ဆောင်ရွက်တာမရှိဘဲ လွတ်လွတ်လပ်လပ် လက်နက်ကိုင်နေတယ်” ဟု ၎င်းက ပြောသည်။

ဖမ်းဆီးသတ်ဖြတ်ခံရသည့် အမျိုးသမီးတစ်ဦး၏ ရုပ်အလောင်း။

စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်နေသည့် နိုင်ငံရေးပါတီတစ်ခုဖြစ်သော လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီက ထိုဖြစ်စဉ်အပေါ် ကန့်ကွက်ရှုတ်ချထားပြီး အဆိုပါလုပ်ရပ်သည် ပြည်သူလူထုလုံခြုံရေးကို ထိပါးခြင်း၊ လူထုယုံကြည်မှု ပျက်ပြားစေခြင်းနှင့် တော်လှန်ရေးတစ်ခုလုံးကို အကျည်းတန်စေသဖြင့် အသေအချာ စိစစ်အရေးယူပေးရန် ဧပြီ ၂၄ တွင် ထုတ်ပြန်ချက်ဖြင့် တောင်းဆိုထားသည်။

လက်ရှိတွင် ကျူးလွန်သူတချို့ကို ဖမ်းဆီးစစ်ဆေးနေသည်ဟု NUG ၏ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ဆိုင်ရာဝန်ကြီး နော်ဆူဇန်နာလှလှစိုးက ဧပြီ ၂၈ ရက်တွင် Myanmar Now ကို ပြောသော်လည်း အသေးစိတ်အခြေအနေကိုမူ မသိရပေ။

စစ်ကောင်စီကို ခုခံတော်လှန်နေသည့် ဒေသများ၌ NUG အနေဖြင့် ဖိဖိစီးစီးအုပ်ချုပ်နိုင်ရန် လိုအပ်နေဆဲဖြစ်ကြောင်း၊ လက်နက်ကိုင်ထားသူများ ပြစ်မှုကျူးလွန်သဖြင့် အရေးယူနိုင်ရေး သက်ဆိုင်ရာအဖွဲ့ထံ လွှဲပြောင်းပေးလိုက်သည့်တိုင် စီရင်ဆုံးဖြတ်နိုင်ခြင်း မရှိသေးကြောင်း အမည်မဖော်လိုသည့် ဒေသခံတစ်ဦးက မှတ်ချက်ပြုသည်။

ချောင်းဦးမြို့နယ် ပအဖနှင့် ပလဖအဖွဲ့က အပြစ်ပေးအရေးယူခြင်း မရှိသဖြင့် ပြစ်မှုကျူးလွန်သူများသည် ယနေ့ထက်တိုင် လွတ်လပ်စွာ သွားလာနေဆဲဖြစ်သည်ဟုလည်း ထိုဒေသခံက ဆိုသည်။

“ဖမ်းထားဆိုလည်း အချုပ်တစ်ခုထဲ ထည့်ထားတာပဲ ရှိတာ။ စီရင်ဆုံးဖြတ်တာတို့ ဘာမှမရှိဘူး။ အဲဒီလိုနဲ့ပဲ အဖမ်းခံထားရတာသာ ပြောတာ ရွာရိုးကိုးပေါက် လျှောက်သွားနေတာ” 

ချောင်းဦး PDF ခေါင်းဆောင် ကိုဇာနည်သိန်းကလည်း မြို့နယ် ပအဖ၊ ပလဖ အဖွဲ့များအနေဖြင့် အရေးယူ ဆောင်ရွက်မှု အားနည်းနေသည်ဟု ပြောသည်။

၎င်းတို့ PDF အဖွဲ့အနေဖြင့် ပြစ်မှုကျူးလွန်သူ လေးဦး၏ ထွက်ဆိုချက်များ၊ သက်သေခံများနှင့်အတူ အမှုဖြစ်စဉ်အစီရင်ခံစာကို ပြီးခဲ့သည့်နှစ် စက်တင်ဘာ ၆ ရက်တွင် ခရိုင် PDF ထံ ပေးပို့ကာ ညွှန်ကြားချက် တောင်းခဲ့သည်၊ ထို့နောက် စက်တင်ဘာ ၂၂ တွင် သက်သေများနှင့်အတူ ကျူးလွန်သူ လေးဦးကို မြို့နယ်ပအဖနှင့် ပလဖထံ လွှဲပြောင်းပေးခဲ့သည် ၎င်းက ဆက်လက်ပြောဆိုသည်။

“ကျွန်တော်တို့ပကဖဟာ တရားခံတွေကို ကိုယ့်ရဲဘော်တွေမို့ လွှတ်ထားတယ်ဆိုတဲ့ ပုံစံမျိုးဖြစ်နေတာ။ တကယ်တမ်းက ကျွန်တော်တို့မြို့နယ်ကနေ ဖြစ်စဉ်ဖြစ်ပွားတာနဲ့ ချက်ချင်းအရေးယူဆောင်ရွက်တဲ့အနေနဲ့ ဖမ်းဆီးခဲ့တယ်။ မူဘောင်အရ အရေးယူဆောင်ရွက်နိုင်အောင် ပအဖ၊ ပလဖကို လွှဲတယ်။ သူတို့အနေနဲ့က အရေးယူဆောင်ရွက်မှု အားနည်းတယ်” ဟု ၎င်းက ပြောသည်။

“ဒီကိစ္စက တော်လှန်ရေးသမားမို့လို့ တော်လှန်ရေးသမားကျူးလွန်တာကို လွှတ်ပေးလို့မရဘူး။ ကျွန်တော်မှားရင် ကျွန်တော့်ကို ကြိတ်ရမှာ။ လွှတ်ပေးထားတာမျိုးက အဆင်မပြေဘူး။ လက်နက်ကိုင်ထားလို့ ထင်ရာလုပ်နေတဲ့ အတိုင်းအတာမျိုးကတော့ လုံးဝသင့်မခံနိုင်ပါဘူး”

Show More

Related Articles

Back to top button