
ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု အန္တရာယ်ကြောင့် ဧပြီလကို လစာအပြည့်ဖြင့် တစ်လပိတ်ပေးရန် အလုပ်သမားအရေး ဆောင်ရွက်နေသည့် အဖွဲ့အစည်းများက တောင်းဆိုထားပြီး ရန်ကုန်မြို့ရှိ စက်ရုံအလုပ်သမားများကလည်း ဆန္ဒပြတောင်းဆိုနေကြသည်။
ဧပြီတစ်လလုံး လုပ်ငန်းခွင်များရပ်ဆိုင်းပေးရန် ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ စက်ရုံ ၄ ရုံမှ အလုပ်သမားများက သပိတ်စခန်းဖွင့် ဆန္ဒပြတောင်းဆိုနေကြကြောင်း ဒဂုံဆိပ်ကမ်းမြို့နယ် အလုပ်သမားညွှန်ကြားရေးဦးစီးဌာန ဦးစီးမှူး ဦးအောင်ဇော်မိုးက Myanmar Now ကိုပြောသည်။
ဧပြီလ လစာကို ကြိုတင် ထုတ်ပေးရန်နှင့်ဧပြီလ တစ်လလုံး စက်ရုံရပ်နားပေးရန် သပိတ်စခန်းဖွင့် ဆန္ဒပြတောင်းဆိုနေသည့် သပိတ်မှောက်အလုပ်သမားများက တောင်းဆိုနေပြီး မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၏ ဦးဆောင်မှုဖြင့် မြို့နယ် အလုပ်သမား၊ အလုပ်ရှင် ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့က ညှိနှိုင်းပေးသွားရန် စီစဉ်နေကြောင်း ၎င်းကပြောသည်။
ဒဂုံဆိပ်ကမ်း စက်မှုဇုန်တွင် သပိတ်စခန်းဖွင့် ဆန္ဒပြတောင်းဆိုနေသည့် စက်ရုံများမှာ Brightberg Enterprises Myanmar Co., Ltd ကျောပိုးအိတ်စက်ရုံ၊ Blue Diamond World ပိုက်ဆံအိတ်စက်ရုံ၊ မေရှားမြန်မာ လက်အိတ်စက်ရုံနှင့် Rainwear House (Myanmar) မိုးကာ အင်္ကျီ စက်ရုံတို့ဖြစ်သည်။
Rainwear House (Myanmar) စက်ရုံ ဝန်ထမ်းများမှာ မြန်မာပြည် အနှံ့အပြားမှ လာရောက် လုပ်ကိုင်ကြသူများဖြစ်ပြီး ကိုဗစ်နိုင်တင်းရောဂါကြောင့် ကားလမ်းများ ပိတ်ခြင်း၊ ကျေးရွာပြင်ပတွင် ၁၄ ရက်ကြာအောင် နေထိုင်ရခြင်းတို့ ကြုံရမည်ကို စက်ရုံဝန်ထမ်းအများစုက စိုးရိမ်နေကြကြောင်း ထို့ကြောင့် ဧပြီလကို စက်ရုံပိတ်ပေးစေလိုခြင်း ဖြစ်ကြောင်း သပိတ်မှောက်ခေါင်းဆောင် ကိုချစ်ပိုင်ပိုင်က ပြောသည်။
“အခုဆို ကျွန်တော်တို့က လူစုလူဝေးနဲ့ ပြနေရပေမယ့်။ ကိုဗစ်နိုင်တင်းရောဂါကို ကြောက်ကြတယ်လေ။ ပြတော့ ပြနေကြတယ် လိုချင်လို့သာ တောင်းနေရတယ်။ ဒီရောဂါကြီးကို ကြောက်ကြတယ်” ဟု ၎င်းက ပြောသည်။
ကိုချစ်ပိုင်ပိုင်မှာ ဧရာဝတီတိုင်း အိမ်မဲ မြို့နယ်တွင် နေထိုင်ပြီး ၎င်း နေထိုင်သည့် ရွာတွင်လည်း ပြင်ပမှ ပြန်လာသူများကို ၁၄ ရက်ကြာအောင် စောင့်ကြည့်မည်ဟု ကြားသိရ၍ ရွာကို စောစောပြန်လိုခြင်း ဖြစ်ကြောင်း ပြောသည်။
“ကျွန်တော်တို့ ရပ်ကွက်တွေကဆိုရင် အိမ်မှာ မနေရဘူးပေါ့လေ။ ၁၄ ရက်ပေါ့။ ထိန်းသိမ်းစောင့်ရှောက်တဲ့ နေရာမှာ သွားနေရမယ်ဆိုတော့ သင်္ကြန်ပိတ်ရက်က ၁၀ ရက်လေ။ ၁၄ ရက် သွားနေရမယ်ဆိုတော့ ဘယ်လိုလုပ်မလဲ” ဟု၎င်းက ပြောသည်။
၎င်းတို့စက်ရုံတွင် အော်ဒါများရှိနေသည့် အတွက် ဧပြီလကို ပိတ်ပေးရန် မဖြစ်နိုင်ကြောင်း အလုပ်သမားများ အနေဖြင့် ကိုဗစ်နိုင်တင်း ရောဂါကို ကြောက်၍ ပြန်ချင်သည်ဆိုပါက လစာမဲ့ခွင့်ပေးထားပြီး ကိုဗစ်နိုင်တင်း ရောဂါကြောင့် လူစုလူဝေး မလုပ်ရန်လည်း ပြောထားကြောင်း ရိန်းဝဲဟောက်(မြန်မာ)၏ ဝန်ထမ်းရေးရာမန်နေဂျာ ဒေါ်လဲ့လဲ့ဝင်းအောင်က ဆိုသည်။
ထို့ပြင်စက်ရုံ ပိတ်ခြင်းမပိတ်ခြင်းမှာ အစိုးရ၏ ညွှန်ကြားချက်အပေါ်တွင်သာ မူတည်ပြီး ထိုညွှန်ကြားချက် အတိုင်းသာလိုက်နာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းကပြောသည်။
“အစိုးရရဲ့ ဆုံးဖြတ်ချက်အတိုင်းလိုက်မှာပေါ့။ အစိုးရက ပိတ်ဖို့ တရားဝင် ပြောလာပြီဆိုတာနဲ့ ကျွန်မတို့က ပိတ်ဖို့ အဆင်သင့်ပဲ။ အစိုးရက ပိတ်ဖို့ တင်ပြထားတာမရှိဘူးဆိုရင်တော့ ကျွန်မတို့က ပုံမှန်အတိုင်းပဲ လုပ်မှာပေါ့” ဟု ၎င်းက ပြောသည်။
ဧပြီလကို ပိတ်ပေးရန် စက်ရုံအတွင်းတွင် သုံးကြိမ်တိုင်တိုင် ညှိနှိုင်းတောင်းဆိုပြီး မရရှိသည့်အတွက် သပိတ်စခန်း ဖွင့်တောင်းဆိုရခြင်း ဖြစ်ကြောင်း ဘလူးဒိုင်းမွန်းစက်ရုံမှ သပိတ်မှောက် အလုပ်သမ မဇာဇာထွန်းက ပြောသည်။
“စက်ရုံထဲမှာနေလည်း ဘာကာကွယ်မှုမှ မရှိဘူး။ ကိုယ့်ကိုယ်ကို လုံခြုံတယ်လို့ မခံစားရဘူး။ ဒါကြောင့် စက်ရုံကို ၄ လပိုင်းမှာ ပိတ်ပေးပါဆိုပြီး တောင်းဆိုတာပါ” ဟု ၎င်းကပြောသည်။
ကိုရိုနာဗိုင်းရပ်စ်ရောဂါကြောင့် လုပ်ငန်းခွင်များ ရပ်ဆိုင်းပေးရန် ဒဂုံဆိပ်ကမ်း စက်မှုဇုန်တွင်သာမကဘဲ လှိုင်သာယာ၊ ရွှေပြည်သာ၊ တောင်ဒဂုံစသည့် စက်မှုဇုန်များမှာပါ ဆန္ဒပြ တောင်းဆိုနေကြသည်။
ရန်ကုန်မြို့ ဝန်းကျင်ရှိ စက်မှုဇုန်ကြီးများရှိ အထည်ချုပ်စက်ရုံများဖြစ်သည့် ကြယ်နဂါး သတို့သမီး ဝတ်စုံ အထည်ချုပ်စက်ရုံ၊ Running Tex အထည်ချုပ် စက်ရုံ၊ မြန်ရိအထည်ချုပ်စက်ရုံ စသည့် စက်ရုံကြီးများတွင်လည်း “ဧပြီ အလုပ်ပိတ် လစာပေး ကိုဗစ်နိုင်တင်း ကာကွယ်ရေး” ဟူသည့် ခေါင်းစဉ်ဖြင့် ဧပြီလကို လစာဖြင့် အလုပ်ပိတ်ရက် သတ်မှတ်ပေးရန် တောင်းဆိုနေကြသည်။
အလုပ်ရှင်၊ အလုပ်သမား၊ အစိုးရ သုံးပွင့်ဆိုင်တွေ့ဆုံရာတွင်သာမက မတ်လ ၃၀ ရက်နေ့က ရန်ကုန်တိုင်းအစိုးရ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် အလုပ်သမားရေး ဆောင်ရွက်သည့် အဖွဲ့ ၁၄ ဖွဲ့နှင့် တွေ့ဆုံရာတွင်လည်း ဧပြီတစ်လလုံး လုပ်ငန်းခွင် ရပ်နားပေးရန် တောင်းဆိုထားကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (CTUM) လက်ထောက် အထွေထွေအတွင်းရေးမှူး ဒေါ်ဖြိုးစန္ဒာစိုးက ပြောသည်။