သတင်း

ထိုင်းပြန်ဦးလေးရှိသည့် စက်ရုံအလုပ်သမားကို မင်္ဂလာဒုံပုလဲဆေးရုံတွင်စောင့်ကြည့်နေ

ရန်ကုန် မင်္ဂလာဒုံစက်မှုဇုန်အတွင်းရှိ EMC လက်ကိုင်အိတ်စက်ရုံတွင် စက်ရုံအလုပ်သမ တစ်ဦးမူးလဲသဖြင့် ပုလဲပြည်သူ့ဆေးရုံကြီးတွင် ကိုဗစ်နိုင်တင်း (COVID-19) စောင့်ကြည့်လူနာအဖြစ် တင်ပို့ကုသထားကြောင်း ယင်းမြို့နယ် အမျိုးသားလွှတ်တော် မဲဆန္ဒနယ်အမှတ် (၁) လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်းဝင်း က ပြောသည်။

ဧပြီ ၂ နေ့လယ်ပိုင်းတွင် စက်ရုံအတွင်း ဖျားကာ မူးလဲသဖြင့် စက်ရုံဆေးပေးခန်းမှ တစ်ဆင့် ဆေးရုံသို့ တင်ပို့လိုက်ရခြင်းဖြစ်ကြောင်း ၎င်းကပြောသည်။

“သူ့ဦးလေးက ထိုင်းကပြန်လာပြီး အဲ့ဒီမှာအိပ်တာ အဆောင်မှာနှစ်ညနေတယ်။ အခု သူ့ကို စောင့်ကြည့်လောလောဆယ်ထားထားတယ်” ဟု Myanmar Now ကို သောကြာနေ့တွင် ပြောသည်။

အသက် ၂၁ နှစ်အရွယ်ရှိ အဆိုပါအလုပ်သမသည် ရခိုင်ပြည်နယ်ဇာတိ ရွှေ့ပြောင်းအလုပ်သမားတစ်ဦးဖြစ်ပြီး မင်္ဂလာဒုံမြို့နယ် အမှတ် (၃) လမ်းမကြီးရှိ ကုန်းတလဘောင်ကျေးရွာတွင် အဆောင်ငှားရမ်းနေထိုင်သည်မှာ တစ်နှစ်ခန့်ရှိပြီ ဖြစ်ကြောင်း အဆိုပါကျေးရွာမှ ရာအိမ်မှူး ဦးကျော်လင်းဦး က ပြောသည်။

အိမ်ခြေ ၅,၀၀၀ ခန့်ရှိပြီး လူဦးရေသောင်းချီရှိသည့် ကုန်းတလဘောင်ကျေးရွာတွင် လတ်တလော ထိုင်း၊ အမေရိကန် နှင့် စင်ကာပူတို့မှပြန်ရောက်လာသည့် ပြည်တော်ပြန် ၂၈၁ ဦးရောက်ရှိနေသည်ဟု ဦးကျော်လင်းဦးက ပြောသည်။

လတ်တလောတွင် စောင့်ကြည့်လူနာ နေထိုင်သည့် အဆောင်ကို လုံးဝပိတ်ချထားသော်လည်း ပိုးသတ်ဆေးဝယ်ယူရန် အခက်အခဲရှိသဖြင့် အဆောင်နှင့်အနီးတစ်ဝိုက်ကို ဆေးအခက်အခဲရှိ၍ ဆေးမဖျန်းရသေးကြောင်း ဦးကျော်လင်းက ယနေ့ မွန်းလွဲပိုင်းတွင် ပြောသည်။

ကုန်းတလဘောင်ကျေးရွာသည် မင်္ဂလာဒုံမြို့နယ်ရှိ ရွှေ့ပြောင်းလုပ်သားအများဆုံး နေရာဖြစ်ပြီး လူနာ၏ ကိုယ်ရေးရာဇဝင်ကို အသေးစိတ်မသိရှိရသေးကြောင်း လူနာနှင့်ပတ်သက်သည့် စက်ရုံ၊ နေထိုင်ရာကျေးရွာတို့ကို ကန့်သတ်စောင့်ကြည့်မှု လုပ်မလုပ် ဆက်လက်ဆွေးနွေးနေကြောင်း အမျိုးသားလွှတ်တော် မဲဆန္ဒနယ်အမှတ် (၂) လွှတ်တော်ကိုယ်စားလှယ် ဒေါ်သန္တာမိုး က ပြောသည်။

ထိုဖြစ်စဉ်နှင့်ပတ်သက်ပြီး EMC လက်ကိုင်အိတ်ချုပ်စက်ရုံနှင့် ပုလဲပြည်သူ့ဆေးရုံ တို့ကို ဖုန်းဖြင့် ဆက်သွယ်ခဲ့သော်လည်း ယခုသတင်းရေးနေသည့် အချိန်အထိ ပြန်လည်ဖြေဆိုခြင်း မရှိသေးပေ။

မတ်လအတွင်းကလည်း မင်္ဂလာဒုံမြို့နယ်အတွင်း ထိုင်းမှပြန်လာသည့် အသက် ၄၄ နှစ်အရွယ် အမျိုးသားတွင် ကိုရိုနာဗိုင်းရပ်စ်ပိုးတွေ့ရှိခဲ့ပြီး အဆိုပါ အမျိုးသား၏ဇနီးဖြစ်သူကိုလည်း မင်္ဂလာဒုံမြို့နယ် ပုလဲပြည်သူ့ဆေးရုံတွင် စောင့်ကြည့်လူနာအဖြစ် တင်ပို့ကုသထားသည်။

မြဝတီ-မဲဆောက်တံတားမှ တစ်ဆင့် မတ် ၁၉ မှ ၂၃ အထိ တရားဝင်ပြန်လည်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားဦးရေမှာ ၂၃,၀၀၀ ကျော်ရှိပြီး အဆိုပါဝင်ရောက်လာသူများမှာ မြန်မာနိုင်ငံအနှံ့အပြားသို့ ရောက်ရှိနေကြောင်း ကျန်းမာရေးဝန်ကြီးဌာန က ထုတ်ပြန်ထားသည်။

ဧပြီ ၃ ရက်နေ့ ညအထိ ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ကြေညာချက်အရ မြန်မာနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၂၀ ဦးရှိပြီဖြစ်သည်။

Show More

Related Articles

Back to top button