
ကိုဗစ်နိုင်တင်း (Coronavirus Disease 2019) ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားနိုင်ရန် ကနဦးမတည်ငွေ ကျပ်ဘီလျံ ၁၀၀ (နိုင်ငံတော်လှည့်ပတ်ရန်ပုံငွေမှ ကျပ် ၅၀ ဘီလျံနှင့် လူမှုဖူလုံရေးရန်ပုံငွေမှ ကျပ် ၅၀ ဘီလျံ) ဖြင့် ကြိုးပမ်းမည်ဟု မတ် ၁၈ ရက်တွင် အစိုးရက ကြေညာလိုက်သည်။
အတိုးနှုန်း ၁ ရာခိုင်နှုန်းဖြင့် ချေးငွေကာလ ၁ နှစ်သတ်မှတ်ထားသည့် ယင်းချေးငွေနှင့်ပတ်သက်၍ စီမံရန် ‘COVID-19 ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားရေး လုပ်ငန်းကော်မတီ’ကို ဖွဲ့စည်းလိုက်ပြီး မတ် ၃၀ မှ ဧပြီ ၉ အတွင်းချေးငွေများ လျှောက်ထားကြရန်လည်း ကြေညာထားသည်။
ကိုဗစ်နိုင်တင်းကြောင့် လတ်တလော စီးပွားရေးထိခိုက်မှု အများဆုံး ခံစားရသည့် လုပ်ငန်းကဏ္ဍများအဖြစ် CMP (ကုန်ကြမ်းယူ၊ကုန်ချောပို့၊ ဥပမာ – အထည်ချုပ်) လုပ်ငန်းများ၊ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းများနှင့် အသေးစား အလတ်စား စီးပွားရေးလုပ်ငန်းများကို ဦးစားပေး ကုစားရမည့် ကဏ္ဍအဖြစ် သတ်မှတ်ထားသည်။
အဆိုပါကိစ္စများနှင့် ပတ်သက်သည့် လတ်တလော အခြေအနေများကို သိရှိနိုင်ရန် ယင်းကော်မတီအတွင်းရေးမှူးအဖြစ် တာဝန်ယူထားသူ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးအောင်နိုင်ဦးကို Myanmar Now က ဆက်သွယ်မေးမြန်းထားပါသည်။
Myanmar Now – မူဝါဒ၊ သုံးစွဲမယ့်ငွေကြေးပမာဏနဲ့ ဦးတည်ထားတဲ့လုပ်ငန်းကဏ္ဍတွေ အကြောင်းအရင်ဆုံးရှင်း ပြပေးပါ။
ဦးအောင်နိုင်ဦး။ ။ ကနဦးကတော့ ကြေညာထားသလို ကျပ်ဘီလျံ ၁၀၀ နိုင်ငံတော်ကလျာထားတယ်။ ကြေညာ ချက်မှာပါသလိုပဲ။ မြန်မာနိုင်ငံသားပိုင် CMP တွေရယ်၊ ဟိုတယ် နှင့်ခရီးသွားလုပ်ငန်းရယ်၊ အသေးစား အလတ်စား စီးပွားရေးလုပ်ငန်းများ(SMEs)ပေါ့၊ အဲဒီကဏ္ဍကြီးသုံးခုမှာရှိတဲ့ ထိခိုက်မှုရှိနေတဲ့လုပ်ငန်းတွေအတွက် ငွေချေးဖို့လျှောက်လွှာတွေ ကျွန်တော်တို့လက်ခံနေပါတယ်။
Myanmar Now- လျှောက်ထားမှုအခြေအနေကရော ဘယ်လိုရှိပါသလဲ။ ဘယ်လိုရွေးချယ်မလဲ။
ဦးအောင်နိုင်ဦး။ ။ မနေ့ကလည်း ၅၀ လောက်နီးနီးရတယ်။ ဒီနေ့(ဧပြီ၂)လည်း ၁၀၂ စောင်လောက်ရတယ်။ အဲဒီ တော့လျှောက်လွှာစလက်ခံနေပြီ။ လျှောက်လွှာတွေကိုစပြီးစိစစ်တဲ့ လုပ်ငန်းလုပ်နေပြီ။ ပထမအဆင့်ကတော့ ပဏာမပေါ့၊ တင်လာတဲ့လျှောက်လွှာတွေကသတ်မှတ်ကာလထဲမှာ အကျုံးဝင်မဝင်၊ တကယ်ကိုထိခိုက်တဲ့ လုပ်ငန်းတွေဟုတ်မဟုတ်၊ သတ်မှတ်ထားတဲ့စည်းကမ်းချက်တွေနဲ့ကိုက်မကိုက် အဲဒါကိုပဏာမစစ်တဲ့အဖွဲ့က စစ်မယ်။ အဲဒီကနေစိစစ်အတည်ပြု၊ရွေးချယ်လိုက်တဲ့ လျှောက်လွှာတွေကို အသေးစိတ်စစ်တဲ့အဖွဲ့တစ်ဖွဲ့ရှိမယ်။ အသေးစိတ်စစ်တာကတော့ မြန်မာနိုင်ငံလက်မှတ်ရစာရင်းကိုင်များအသင်းက အဓိကဦးဆောင်ပြီးစစ်ပေးမယ်။ သူတို့ဆီကလုပ်အားပေးတွေနဲ့ပေါ့။
ပဏာမအဖွဲ့ကတော့ ဘယ်လောက်ငွေကြေးပေးမယ်ဆိုတဲ့ဟာကို အဓိက မထားဘူး။ သူတို့ကဒီဟာကို ခွင့်ပြုသင့်တယ်၊ ခွင့်မပြုသင့်ဘူးစစ်ပေးတာပေါ့။ အဲဒါကိုမှ အသေးစိတ်စစ်တဲ့အဖွဲ့က သူ့ရဲ့လုပ်ငန်းတင်ပြ လာတဲ့စာရွက်စာတမ်း၊ အချက်အလက်တွေပေါ်မူတည်ပြီး ဘယ်လုပ်ငန်းကို ဘယ်လောက်ခွင့်ပြုသင့်တယ် ဆိုတာ ကိုသူတို့က ထောက်ခံပြီးတင်ပြမှာပေါ့။ အဲဒီလိုထောက်ခံတင်ပြတာကို ကျွန်တော်တို့လုပ်ငန်းကော်မတီက အတည်ပြုလိုက်လို့ရှိရင် ဒါကိုချေးငွေစထုတ်ပေးမှာပေါ့။ အဲဒီလိုလုပ်ပါမယ်။
Myanmar Now- လတ်တလောမှာ ဘယ်လုပ်ငန်းတွေက အများဆုံးလျှောက်ထားကြပါသလဲ။
ဦးအောင်နိုင်ဦး။ ။ လောလောဆယ်ကတော့ CMP တင်တာများပါတယ်။ အများဆုံးကတော့SMEs (အသေးစား၊ အလတ်စားလုပ်ငန်းများ)ဗျ။ သူကတော့ ကဏ္ဍပေါင်းစုံတင်တယ်။ လုပ်ငန်းအနေနဲ့သီးသန့်ကြည့်ရင်တော့ CMP ကဒုတိယလိုက်တာပေါ့နော်။
Myanmar Now- လုပ်ငန်းတစ်ခုအတွက် ချေးငွေပမာဏကို ဘယ်လိုသတ်မှတ်ချက်တွေနဲ့ ခွဲဝေဖို့ရှိပါသလဲ။
ဦးအောင်နိုင်ဦး။ ။ မရှိဘူးဗျ။ ချေးငွေကိုဘယ်လောက်ထိပေးမယ်ဆိုတာ သတ်မှတ်ထားတာမရှိဘူးဗျ။ တင်ပြလာ တဲ့အပေါ်မှာ ပမာဏစစ်တဲ့အဖွဲ့က စစ်ဆေးတွေ့ရှိချက်ရယ်၊ အသေးစိတ်စစ်တဲ့အဖွဲ့ကလုပ်ငန်းအနေအထား လည်ပတ်ငွေ၊ လိုအပ်ငွေကိုတွက်ချက်ပြီးတော့မှ ကျွန်တော်တို့က ခွင့်ပြုသင့်တဲ့အတိုင်းအတာကို ပေးသွားမှာပေါ့။ ပမာဏအမြင့်ဆုံး သတ်မှတ်ချက်မရှိပါဘူး။
Myanmar Now- ချေးငွေပေးမယ့်ကိစ္စမှာ အခုပေါ်ပေါက်နေတဲ့ အလုပ်ရှင် အလုပ်သမားပြဿနာတွေအတွက်ကို ရော ထည့်သွင်းစဉ်းစားမှာလား။ စီးပွားရေးသမားတွေအတွက်ပဲလား။
ဦးအောင်နိုင်ဦး။ ။ ကျွန်တော်တို့ချေးမှာကတော့ စီးပွားရေးလုပ်ငန်းတွေကိုပဲချေးမှာပါ။ ပုဂ္ဂိုလ်ကိုချေးတာမဟုတ် ဘူး၊ လုပ်ငန်းကိုချေးတာပေါ့နော်။ အဲဒီလုပ်ငန်းမှာ ဒီချေးငွေကို အဓိကသုံးရမယ့်နေရာနှစ်ခုပဲရှိတယ်။ နံပါတ်တစ် ကတော့ အလုပ်သမားတွေကိုလစာပေးဖို့၊ နံပါတ်နှစ်ကတော့သူ့ရဲ့လုပ်ငန်းလည်ပတ်ဖို့အတွက် လိုအပ်တဲ့စရိတ် တွေသုံးနိုင်အောင်ပေါ့။ အဲဒီတော့ကျွန်တော်တို့အဓိကပေးတာသည် ဝန်ထမ်းတွေလစာပေးဖို့နဲ့ ကုမ္ပဏီလည်ပတ် ဖို့ လုပ်ငန်းဆက်လုပ်လို့ရအောင် ကျွန်တော်တို့က ဖြည့်စွက်ပေးတာပေါ့။ အဲဒီနှစ်ခုပဲသုံးရမှာ။
Myanmar Now- ချေးငွေချပေးပြီးရင် လုပ်ငန်းအကောင်အထည်ဖော်မှုကိုရော စိစစ်ဖို့ စီစဉ်ထားတာရှိလား။ ဘယ်လိုစဉ်းစားထားလဲ။
ဦးအောင်နိုင်ဦး။ ။ မရှိပါဘူး။ လတ်တလောတော့ ချေးငွေထုတ်ပေးပြီးရင် ဒီငွေကဆပ်ကိုဆပ်ရမှာ။ ပြီးတော့ ချေးမယ့်ကာလကလည်း တစ်နှစ်ပဲရှိတယ်။ အတိုးကလည်း ၁ ရာခိုင်နှုန်းပဲ။ ဒီဟာနဲ့ပတ်သက်ပြီး အာမခံယူတာ တွေ ဘာမှမလုပ်ဘူး။ လုပ်ငန်း ရှင်တွေမြန်မြန်ထက်ထက်နဲ့ရအောင်၊ လွယ်လွယ်ကူကူရအောင်ပေါ့။ အဓိကက တော့ သူတို့ကတိခံဝန်ချက် ပေးရမယ်။ အဲဒီကတိခံဝန်ချက်အတိုင်းပဲ နိုင်ငံတော်ကိုသတ်မှတ်ကာလပြည့် တဲ့အခါပြန်ဆပ်ရမယ်။ ဒီဟာနဲ့ ပတ်သက်ပြီးတော့ ချေးငွေအပေါ်မှာ လိုက်စစ်တာတို့ဘာတို့လုပ်ဖို့ လတ်တလောတော့ စဉ်းစားထားတာမရှိ သေးဘူး။ လုပ်ငန်းတွေလည်း တော်တော်ရပ်နေကြတာ၊ အခက်အခဲပေါ်နေတာတွေ အဆင်ပြေသွားအောင် နိုင်ငံတော်ဘက်က စဉ်းစားပြီးဝင်ကူပေးတာ၊ အဲဒီသဘောပါပဲ။
Myanmar Now- အခုလျာထားငွေ ကျပ်ဘီလျံ ၁၀၀ နဲ့လောက်မယ်လို့ထင်လား။ မလောက်ရင်ရောဘယ်လို လုပ်ဖို့ရှိပါသလဲ။
ဦးအောင်နိုင်ဦး။ ။ စကြေညာတာကိုက ကနဦးအဖြစ် ကျပ်ဘီလျံ ၁၀၀ မတည်တယ်လို့ ဖော်ပြထားပါတယ်။ အကယ်၍ ဒီဟာနဲ့လောက်ရင်လည်းလောက်မယ်၊ မလောက်ဘူးဆိုရင်လည်း ဖြစ်လာနိုင်သမျှကို စဉ်းစားပြီး လုပ်ပေးသွားမှာပေါ့။
Myanmar Now- အခုတင်လာတဲ့လုပ်ငန်းတွေမှာ ချေးငွေပမာဏအများဆုံးနဲ့အနည်းဆုံးက ဘယ်လောက်ရှိပါသလဲ၊
ဦးအောင်နိုင်ဦး။ ။ အဲဒါကရန်ကုန်ကစစ်နေတာဗျ။ ကျွန်တော်ကနေပြည်တော်ဆိုတော့ ပမာဏစစ်တဲ့အဖွဲ့ဆီက အစီရင်ခံစာမရသေးဘူးဗျ။ ပမာဏစစ်တဲ့အဖွဲ့ကလည်း ချေးငွေအနည်းဆုံး၊ အများဆုံးဆိုတာထက်ကို ဒီလုပ်ငန်း ကိုပေးသင့်မပေးသင့် အဓိကကြည့်ကြတာပေါ့။ လတ်တလောတော့ ပြောလို့မရသေးဘူးပေါ့။
Myanmar Now- ဒီချေးငွေက အသေးစားအလတ်စား လုပ်ငန်းတွေအထိပါတယ်ဆိုတော့ အချို့သောလုပ်ငန်းတွေက ဒီထဲမှာမပါဘူး။ (ဥပမာ – အရောင်းဆိုင်လေးတွေ၊ လက်ဖက်ရည်ဆိုင်တွေ၊ တစ်ပိုင်တစ်နိုင် အိမ်တွင်းမှုလုပ်ငန်းလေးတွေ စသဖြင့်) အခုအချိန်မှာ တချို့ဆို ဆိုင်တွေပိတ်ထားရတယ်။ ဖွင့်နေတဲ့သူတွေကလည်း အရင်ထက်တစ်ဝက်လောက်ပဲ ဝင်ငွေရှိတယ်ပေါ့။ နေ့ပြန်တိုးတွေနဲ့လည်း ဒုက္ခရောက်နေကြတယ်လို့လည်း ပြောကြပါတယ်။ အဲဒီလိုလုပ်ငန်းငယ်လေးတွေအတွက်ရော ကော်မတီက စီမံနေတာမျိုးများရှိပါသလား။
ဦးအောင်နိုင်ဦး။ ။ အဲဒါတော့မရှိသေးဘူး။ မရှိသေးဘူးဆိုတာက လတ်တလောကြည့်တာကတော့ ခုနပြောတဲ့ ကဏ္ဍသုံးခုကတော့ အဓိကကိုကြီးကြီးမားမား ထိနေတယ်ပေါ့နော်။ ဥပမာ အထည်ချုပ်စက်ရုံတစ်ရုံပိတ်လိုက်ရင် လူတစ်ထောင်လောက် အလုပ် အကိုင်အခွင့်အလမ်းဆုံးရှုံးသွားနိုင်တာကိုး။ အဲဒီတော့ကျွန်တော်တို့က နိုင်ငံတော်က ကနဦးပေးနိုင်တဲ့ ခွင့်ပြုထား တဲ့ငွေပေါ်မှာ တကယ့်ကို Input ပေးလိုက်ရင် Output ထွက်နိုင်တဲ့ ထိထိရောက်ရောက် ဖြစ်မယ့်ဟာမျိုးတွေကို ဦးစားပေးပြီးတော့ တကယ်လည်းထိခိုက်နေတယ်၊ တကယ်ထိခိုက်နေတဲ့အတွက် တကယ်လည်း ငွေလိုနေတယ်။ လိုအပ်တဲ့ငွေကိုဖြည့်ပေးလိုက်ရင် လုပ်ငန်းကိုဆက်ပြီး မယိမ်းမယိုင်ဖြစ်အောင် ထိန်းသွားနိုင်မယ်။ ဒါမျိုးတွေကို ဦးစားပေးပြီးပေးတာပေါ့နော်။ ကျွန်တော်တို့က သိပ်အောက်ခြေအထိဆင်းပြီး လုပ်ပေးနိုင်မယ့် အဆင့်တော့လောလောဆယ် မရောက်သေးဘူး၊ တဖြည်းဖြည်းနဲ့တစ်ဆင့်ပြီး တစ်ဆင့်သွားရမယ့်အနေအထားမျိုးရှိပါတယ်။ လတ်တလောတော့ ထိခိုက်မှုကြီးကြီး မားမားဖြစ်နေတာတွေကို ဦးစားပေးပြီး ကျွန်တော်တို့လုပ်ပေးနေပါတယ်။