
ရန်ကုန်မြို့တွင်း ပြေးဆွဲလျက်ရှိသည့် YBS ပုဂ္ဂလိကယာဉ်လိုင်းကုမ္ပဏီ တစ်ခုဖြစ်သည့် Omni Focus General Services Public Co., ltd ပိုင်ယာဉ်လိုင်းများတွင် လုပ်ကိုင်လျက်ရှိသည့် ယာဉ်မောင်းသုံးရာကျော်ကို လခစားဝန်ထမ်းများအဖြစ်မှ ယနေ့ (ဧပြီ ၁)စတင်ရပ်နားလိုက်ကြောင်း ယင်းကုမ္ပဏီထံမှသိရသည်။
အဆိုပါယာဉ်မောင်းသုံးရာကျော်နှင့်အတူ ကုမ္ပဏီပိုင် YBS (Yangon Bus Service) ယာဉ်လိုင်း ၉ လိုင်းကို ရပ်နားသွားမည့်ဖြစ်ပြီး ယခုလိုလုပ်ခြင်းသည် အစိုးရ၏ ညွှန်ကြားချက်တစ်စုံတစ်ရာ မပါဝင်ကြောင်း Omni Focus ကုမ္ပဏီ၏ မန်နေဂျင်းဒါရိုက်တာ ဦးထွန်းတောက်ဝင်းကဆိုသည်။
ကိုဗစ်နိုင်တင်းကာကွယ်ရန် ယာဉ်လိုင်းများရပ်နားခဲ့သည့်အတွက် လျော်ကြေးယူလိုသော ယာဉ်မောင်းများကို အစိုးရထုတ်ပြန်ထားသော အခြေခံလစာ တစ်သိန်းခွဲကို လျော်ကြေးအဖြစ် ပေးအပ်သွားမည်ဖြစ်ကြောင်း၊ လျော်ကြေးမယူဘဲ ဆက်မောင်းလိုပါကလည်း ကော်မရှင်စားပုံစံဖြင့် ဆက်မောင်းခွင့်ပြုသွားမည်ဖြစ်ပြီး ကုမ္ပဏီကထမင်းကျွေးမည်ဖြစ်ကြောင်း ၎င်းကပြောသည်။
“ဒီကိစ္စ(ကိုဗစ်နိုင်တင်းရောဂါ)ကြီးက ဘယ်လောက်အထိ ရေရှည်သွားမလဲဆိုတာ ကျွန်တော်တို့ခန့်မှန်းလို့မရဘူး။ ကျွန်တော်တို့က ရှင်းရှင်းပြောရင် ရပ်ကိုရပ်ပစ်လိုက်ချင်တာ”ဟု ၎င်းကပြောသည်။
ယာဉ်မောင်းများကို လခစားအဖြစ်မှ ရက်အကန့်အသတ်မရှိ ရပ်နားရခြင်းသည် ဝန်ထမ်းအဖြစ်မှ အပြီးတိုင်ထုတ်ပယ်ခြင်းမဟုတ်ဘဲ ၎င်းတို့၏ ကျန်းမာရေးကို အာမခံမှုမပေးနိုင်ခြင်း၊ ကိုဗစ်နိုင်တင်းကြောင့် ခရီးသွားလျော့နည်းခဲ့သဖြင့် ကုမ္ပဏီဝင်ငွေလျော့လာခြင်းတို့ကြောင့်ဟု ဦးထွန်းတောက်ဝင်းကဆိုသည်။
မတ်လကုန်ပိုင်းတွင်လည်း လေဆိပ်မှခရီးသည်ဝင်ရောက်မှုကို အစိုးရက ကန့်သတ်ခဲ့သည့်အတွက် ရန်ကုန်လေဆိပ်နှင့် ဘူတာကြီးသို့ပြေးဆွဲလျက်ရှိသည့် Airport Shuttle YBS ယာဉ်လိုင်းနှင့် ၁၀၁ ယာဉ်လိုင်းကို ခရီးသည်စီးနင်းမှုနည်းလာသဖြင့် Omni Focus ကုမ္ပဏီက ရပ်နားခဲ့သည်။
ရပ်နားခဲ့သည့် ယာဉ်လိုင်းနှစ်ခုမှ ဝန်ထမ်းများနှင့် လက်ရှိဝန်ထမ်းများပေါင်းပါက ယာဉ်မောင်းဦးရေ သုံးရာကျော်ရှိပြီး လုပ်သက်သုံးလပြည့်ပြီးသည့် ဝန်ထမ်းဖြစ်ပါက နစ်နာကြေးပေးမည်ဖြစ်ကြောင်း ဦးထွန်းတောက်ဝင်းက ပြောသည်။
ယင်းသို့ရပ်နားမည့် အကြောင်းကို ကြိုတင်ပြောကြားခြင်းမရှိဘဲ ယနေ့ (ဧပြီ ၁)မှသာ စတင်ရပ်နားလိုက်ကြောင်း ပြောဆိုခဲ့ခြင်းဖြစ်သည်ဟု ယာဉ်မောင်းများက ဆိုသည်။
ကုမ္ပဏီကဆိုသည့် ကော်မရှင်စားမောင်းရမည့်စနစ်တွင် တစ်ရက်တာ ရသည့်ငွေပမာဏထဲမှ ဆီဖိုးနုတ်ပြီး ကျန်သည့်ငွေကို ကုမ္ပဏီက ၆၅ ရာခိုင်နှုန်း၊ ယာဉ်မောင်းက ၃၅ ရာခိုင်နှုန်းရမည်ဖြစ်၍ ခရီးသည်မရှိပါက ဆီဖိုးပင်ပြန်စိုက်ပေးရမည့် အခြေအနေဖြစ်ကြောင်း Omni Focus ယာဉ်မောင်းများကဆိုသည်။
ယင်းနှင့်ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့ (YRTA) အတွင်းရေးမှူး ဒေါက်တာမောင်အောင်ကို ဆက်သွယ်မေးမြန်းရာတွင် သက်ဆိုင်ရာကုမ္ပဏီ၏ လုပ်ငန်းစည်းမျဉ်း၊ ဝန်ထမ်းစည်းမျဉ်းနှင့်သာ သက်ဆိုင်ပြီး ယင်းကုမ္ပဏီ၏ ဖြေရှင်းဆောင်ရွက်မှုသာဖြစ်ကြောင်း ပြောဆိုသည်။
“အခက်အခဲရှိတဲ့ ယာဉ်လိုင်းက မိမိရဲ့ ယာဉ်လိုင်းပြေးဆွဲမှုကို ညီညွတ်မျှတအောင် စီမံပြေးဆွဲဖို့တော့ ကျွန်တော်တို့ အသိပေးထားပါတယ်။ တချို့ သူတို့ဘက်က ရပ်ဆိုင်းတာရှိရင် ကျန်တဲ့လိုင်းတွေက အဲ့ဒီလိုင်းတွေမှာ လိုင်းပူးပြေးဆွဲပေးနေပါတယ်” ဟု ၎င်းကဆိုသည်။
Omni Focus ဘက်က ပေးအပ်မည့် လျော်ကြေး(နစ်နာကြေး)တွင် လုပ်သက်သုံးလပြည့်ပြီးမှစ၍ လုပ်သက် ၂ နှစ်ခွဲအထိ ဝန်ထမ်းများကို အခြေခံလစာ တစ်သိန်းခွဲကျပ်နှင့် နို့တစ်ကြေး ငါးသောင်းသတ်မှတ်ထားရာ နှစ်ခုပေါင်း နှစ်သိန်းကျပ်သာရရှိမည်ဖြစ်သည်။
Omni Focus ကုမ္ပဏီပိုင် YBS 99 တွင် လွန်ခဲ့သည့် တစ်နှစ်ခွဲခန့်မှစ၍ လုပ်ကိုင်ခဲ့သည့် ယာဉ်မောင်း ကိုဇော်ဖုန်းကိုက လက်ရှိအချိန်တွင် ရန်ကုန်မြို့တွင် လူစီးအများဆုံးယာဉ်လိုင်းများပင် တစ်ရက်တာဝင်ငွေသည် အများဆုံး ကျပ်ငါးသောင်းခန့်သာရရှိနေသဖြင့် ထွက်မောင်းလျှင်လည်း အဆင်မပြေသည့်အပြင် ယာဉ်များတွင် ကျန်းမာရေးအတွက် ကာကွယ်သည့်စီစဉ်မှုများ ယနေ့အထိမရှိသေးကြောင်း Facebook Messenger မှတစ်ဆင့်ဖြေကြားသည်။
ရန်ကုန်မြို့တွင်း သယ်ယူပို့ဆောင်ရေးကဏ္ဍတွင် နာမည်ဆိုးဖြင့် ကျော်ကြားသော မော်တော်ယာဉ်လိုင်းပေါင်းစုံ ထိန်းသိမ်းရေးအဖွဲ့(မထသ) ကို ၂၀၁၇ ခုနှစ် နှစ်ဦးပိုင်းတွင် ဖျက်သိမ်းကာ ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့ (YRTA) ကို ဖွဲ့စည်းပြီး YBS စနစ်ကို ပြောင်းလဲကျင့်သုံးခဲ့သည်။
ယင်းသို့ YBS အမည်ဖြင့် ယာဉ်လိုင်းများ ပြန်လည်ပြေးဆွဲရာတွင် ဝင်ရောက်ပြေးဆွဲခဲ့ကြသည့် ကုမ္ပဏီများအနက်မှ Omni Focus General Services Public Co., ltd လည်းပါဝင်ပြီး ယင်းကုမ္ပဏီပိုင်ရှင်မှာ ဦးကျော်နေဝင်းဖြစ်သည်။