သတင်း

ရန်ကုန်အမျိုးသားသွေးဌာန သွေးရရှိမှု လကုန်လျှင် တစ်ဝက်နီးပါးကျဆင်းနိုင်

ကိုရိုနာဗိုင်းရပ်ပျံ့နှံ့မှုကို ကာကွယ်သည့်အနေဖြင့် လူစုလူဝေးဖြင့် အဖွဲ့လိုက်သွေးလှူဒါန်းမှုများ ရပ်ဆိုင်း သွားသဖြင့် ယခုလကုန်လျှင် သွေးလှူရှင် ၄၀ ရာခိုင်နှုန်းအထိ လျော့ကျသွားနိုင်သည်ဟု ရန်ကုန်အမျိုးသား သွေးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသီတာအောင်က မတ် ၂၇ တွင် Myanmar Now ကိုပြောသည်။

ရန်ကုန်ရှိ အစိုးရဆေးရုံ ၁၄ ရုံသို့ သွေးထောက်ပံ့ပေးနေသည့် အမျိုးသားသွေးဌာနသည် နှစ်ဦးပိုင်းမှစ၍ သွေးလှူရှင် တဖြည်းဖြည်း လျော့ကျလာခဲ့ရာ ဇန်နဝါရီတွင် ၉ ရာခိုင်နှုန်း၊ ဖေဖော်ဝါရီတွင် ၁၃ ရာခိုင်နှုန်း လျော့ကျခဲ့ပြီး မတ်လကုန်လျှင် ၃၇ ရာခိုင်နှုန်းအထိ ကျဆင်းသွားနိုင်ကြောင်း ၎င်းကပြောသည်။

ကမ္ဘာတစ်ဝန်း ပျံ့နှံ့ဖြစ်ပွားနေသော ကိုရိုနာဗိုင်းရပ်ရောဂါ (VOVID-19) ကြောင့် လူအများစုဝေးခြင်းနှင့် အိမ်အပြင်ထွက်ခြင်းတို့ကို တတ်နိုင်သမျှရှောင်ကြဉ်ရန် သက်ဆိုင်ရာအစိုးရများက ညွှန်ကြားထားသည်။ မြန်မာနိုင်ငံတွင်လည်း မတ် ၂၈ အထိ ကိုရိုနာဗိုင်းရပ်ပိုးတွေ့ရှိသူ ၈ ဦးအထိရှိပြီဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ကြေညာထားသည်။

ပုံမှန်အားဖြင့် တစ်လလျှင် သွေးလှူရှင် ၈,၅၀၀ မှ ၉,၀၀၀ အထိရှိပြီး အဖွဲ့လိုက်လှူဒါန်းမှုမှာ လူဦးရေ ၄,၅၀၀ ရှိသောကြောင့် သွေးလိုအပ်ချက်၏ ၅၅ ရာခိုင်နှုန်းကို အဖွဲ့လိုက်လှူဒါန်းသူများက ထောက်ပံ့ပေးနေသည်ဟု ဒေါက်တာသီတာအောင်က ဆက်ပြောသည်။

“အဓိက ကျသွားတာက လူတွေစုလို့ မသင့်တော်လို့ပေါ့နော်။ အဲဒီမသင့်တော်တဲ့အတွက်ကြောင့် အုပ်စုလိုက် လှူဒါန်းမှုတွေ ရပ်ဆိုင်းသွားတယ်။ အခုလဆိုရင်တော့ သေချာတာကတော့ ၃,၅၀၀ လောက်လျော့သွားတော့မယ်” ဟု ၎င်းကပြောသည်။

လက်ရှိတွင် Call Center ကို ရုံးချိန်ပြင်ပတွင်ပါ ဖွင့်လှစ်ပြီး အဖွဲ့လိုက်လှူဒါန်းခဲ့သူများကို တစ်ဦးချင်း ဖုန်းဆက်အကူအညီတောင်းကာ သွေးလိုအပ်ချက်ပြည့်မီအောင် လုပ်နေကြောင်း ၎င်းကဆိုသည်။

လက်ရှိ သိုလှောင်ထားသည့်သွေးများကို အရေးပေါ် သွေးသွင်းရန် လိုအပ်သူများ၊ ကင်ဆာ‌ဝေဒနာသည်များ၊ သွေးရောဂါသည်များနှင့် ဦးနှောက်နှင့်အာရုံကြော ခွဲစိတ်မှုခံယူသူများအတွက် ဦးစားပေး ထောက်ပံ့နေသည်ဟု ဒေါက်တာသီတာအောင်ကဆိုသည်။

“အဓိကကတော့ ပြန်လာလှူနေတဲ့ စေတနာရှင် သွေးလှူရှင်များ ပြန်လည်ထောက်ပံ့ခြင်းသည် အကောင်းဆုံးပဲ။ လှူဒါန်းနေကျဖြစ်တဲ့အတွက် ပိုးတွေကလည်းကင်းတယ်။ အဲဒီလူတွေက ထောက်ပံ့မယ်ဆိုရင် သွေးလိုအပ်ချက် ကောင်းကောင်း ပြည့်မီသွားမှာပါ” ဟု ဒေါက်တာသီတာအောင်ကပြောသည်။

ရန်ကုန်ရှိ စေတနာရှင်သွေးပရဟိတအဖွဲ့မှ ကိုမင်းသော်တာကလည်း ၎င်းတို့အနေဖြင့် အရေးပေါ်သွေးလိုအပ်သူများကို လှူဒါန်းသည့်အဖွဲ့ဖြစ်သောကြောင့် သွေးဘဏ်တွင် လှူဒါန်းလေ့မရှိဘဲ ဆေးရုံသွား၍ လူနာထံသို့ တိုက်ရိုက်လှူဒါန်းသည်ဟု ဆိုသည်။

“အခုဆိုရင် ကိုဗစ်နိုင်တင်း ဖြစ်တဲ့အတွက်ကြောင့်မို့လို့ ဆေးရုံဆိုရင် တော်ရုံတန်ရုံ မလိုက်ချင်ကြတော့ဘူး။ သွေးလှူရှင်တွေက မလှူချင်ကြတော့တာများတယ်။ အိမ်ကပေးမထွက်တာလည်းပါတယ်။ ကိုယ့်စိတ်ကြောင့် မထွက်တာလည်းပါတယ်” ဟု ပြောသည်။

သွေးလှူရှင်များအတွက်လည်း နှာခေါင်းစည်း၊ လက်သန့်ဆေးရည်စသဖြင့် စီစဉ်ပေးရကြောင်း၊ အလှူရှင်နည်းသွားသည့်အတွက် အချို့ပရဟိတအဖွဲ့များမှာ ရပ်နားထားရကြောင်းပြောသည်။

သွေးလှူရန်အတွက် စုံစမ်းလိုပါက www.donatebloodmyanmar.org သို့ ဝင်ရောက်ကြည့်ရှုနိုင်ပြီး အမျိုးသားသွေးဌာနကို နံနက် ၈ နာရီမှ ညနေ ၇ နာရီအထိ ပိတ်ရက်မရှိ ဖွင့်လှစ်ထားကြောင်း အဆိုပါ ဌာနကထုတ်ပြန်ထားသည်။

ကိုဗစ်နိုင်တင်းကို ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါအဖြစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့က မတ် ၁၁ တွင် ကြေညာခဲ့ပြီး မတ် ၂၈ နေ့လယ်အထိ တစ်ကမ္ဘာလုံးတွင် ရောဂါပိုးတွေ့ရှိသူ ၅၉၇,၄၅၈ ဦး၊ သေဆုံးသူ ၂၇,၃၇၀ အထိရှိနေကာ အီတလီနိုင်ငံက သေဆုံးသူ ၉၁၀၀ ကျော်ဖြင့် အများဆုံးဖြစ်သည်။

Show More

Related Articles

Back to top button