
ရန်ကုန် အင်းစိန်မြို့နယ်နေ ကိုရိုနာဗိုင်းရပ်ပိုးတွေ့ရှိသူ၏ မိသားစုဝင်ရှစ်ဦးနှင့် ဆံပင်ညှပ်ဆိုင်မှ ၂ ဦးတို့ကို ၁၄ ရက်ကြာ အသွားအလာကန့်သတ် စောင့်ကြည့်နေကြောင်း အဆိုပါ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးရန်နိုင်က ပြောသည်။
ပိုးတွေ့ရှိသူအား အနီးကပ်ပြုစုခဲ့သည့် လူနာ၏အစ်ကိုကို မတ် ၂၅ တွင် ဝေဘာဂီဆေးရုံသို့ ပို့ဆောင်လိုက်ပြီး၊ ကျန်ကိုးဦးကို နေအိမ်တွင်စောင့်ကြည့်ကာ အသွားအလာကန့်သတ်ထားကြောင်း ၎င်းကပြောသည်။
ယင်းအပြင် ရောဂါပိုးတွေ့ရှိသူ သွားရောက်ဆံပင်ညှပ်ခဲ့သည့် ဆံသဆိုင်ကိုလည်းပိတ်ထားပြီး ဆံသဆရာနှင့် ယင်းအချိန်တွင် ဆံပင်လာညှပ်သူတစ်ဦးတို့ကိုလည်း နေအိမ်တွင် အသွားအလာ ကန့်သတ်စောင့်ကြည့်ထားကြောင်း အင်းစိန်မြို့နယ် မဲဆန္ဒနယ်အမှတ် (၂) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဝေဖြိုးဟန်ကဆိုသည်။
ထိန်းသိမ်းစောင့်ကြည့်ခံရသည့် မိသားစုတွင် ၁၁ နှစ်အရွယ်ကလေးတစ်ဦးနှင့် ငါးနှစ်အောက်အရွယ် ကလေးငယ်တစ်ဦး ပါဝင်ကြောင်း ရောဂါပိုးတွေ့ရှိသူ အမျိုးသားနေထိုင်သည့် တောင်သူကုန်းရပ်ကွက်ရှိ ကွင်းမွှေး (၃) လမ်းကို ယခုအခါ ဝင်ထွက်သွားလာခွင့် ပိတ်ထားပြီဖြစ်ကြောင်း ဦးရန်နိုင်ကပြောသည်။
“ဖြစ်တဲ့လမ်းထဲမှာက အိမ်ခြေ ၅၀ လောက်ရှိတယ်။ အခုတော့ အဝင်အထွက်တွေ အကုန်လုံးကျွန်တော်တို့ ပိတ်ထားတယ်။ ကျန်းမာရေးဝန်ကြီးဌာနကပြောတဲ့အတိုင်း ကျွန်တော်တို့ ဆောင်ရွက်သွားမှာပါ” ဟု ၎င်းက ပြောသည်။
တောင်သူကုန်းရပ်ကွက်တွင် နေထိုင်သူ ကိုရဲထွန်းက သက်ဆိုင်ရာမှ ဝင်ထွက်သွားလာခွင့် ပိတ်ထားပြီဖြစ်သော်လည်း ရပ်ကွက်နေသူများက ကြောက်ရွံ့ထိတ်လန့်နေကြောင်း ပြောသည်။
“ကျွန်တော်တို့နဲ့က နီးတယ်။ ဖြစ်ခါစဆိုတော့ အကုန်လုံးက ထိတ်လန့်နေကြတယ်။ လမ်းပိတ်တာကလည်း ကြိုးလေးတစ်ချောင်းတည်းနဲ့ ပိတ်ထားတယ်။ နောက်ပြီးသူက ဘယ်တွေသွားထားတယ် ဆိုတာလည်းမသိဘူး။ လွယ်လွယ်ကူကူပဲ သူတို့ကတော့ ပြောနေပေမယ့် ကျွန်တော်တို့ကတော့ စိတ်ပူတယ်” ဟု သူက ပြောသည်။
အဆိုပါ ကွင်းမွှေး (၃) လမ်းထိပ်တွင် “လမ်းခေတ္တပိတ်ထားပါသည်” ဆိုသောစာရေးထားသော သင်ပုန်းတစ်ချပ်ကို ပလက်စတစ်ကြိုးအနီရောင်ဖြင့် ချိတ်ဆွဲကာ ကြိုးတားထားသည်ကို အဆိုပါရပ်ကွက်မှ ဒေသခံတစ်ဦးပေးပို့သည့် ပုံတွင်တွေ့ရသည်။
ယင်းအပြင် အဆိုပါရပ်ကွက်အနီးရှိ ပျံကျဈေးကို ပိတ်မည်ဟုလည်း သတင်းများထွက်ပေါ်နေသည်။
သို့သော် အင်းစိန်မြို့နယ် တောင်သူကုန်းရပ်ကွက် စောလေးကျင်ကုန်းလမ်းမပေါ်ရှိ ပျံကျဈေး ပိတ်သိမ်းမည်ဆိုသည့် သတင်းမှာ မမှန်ကန်ကြောင်း၊ ရောဂါပိုးတွေ့ရှိသူမှာ ရပ်ကွက်ဝန်းကျင်အပြင် တခြားနေရာများသို့ မသွားရောက်ခဲ့ဟု လတ်တလောရရှိသော အချက်အလက်အရ သိရှိထားကြောင်း တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဝေဖြိုးဟန်က ပြောသည်။
“လောလောဆယ်တော့ သူမသွားဘူးလို့ပဲ ကျွန်တော်တို့သိထားသေးတယ်။ ဒီနေ့ဒီအချိန်ထိတော့ ဘယ်မှမသွားရသေးပါဘူး။ ရပ်ကွက်အနားမှာပဲ ကျင်လည်တာပေါ့။ လူနာတွေက အသက်လတ်ပိုင်းတွေ ဖြစ်တယ် အရမ်းကြီးစိုးရိမ်ရတဲ့ အနေအထားမဟုတ်ဘူး” ဟု ၎င်းက ဖုန်းဖြင့်ပြောသည်။
ရောဂါပိုးတွေ့ရှိခဲ့သူသည် အင်္ဂလန်မှ မတ် ၂၁ တွင် မြန်မာနိုင်ငံသို့ ရောက်ရှိခဲ့ခြင်းဖြစ်ပြီး နှစ်ရက်အကြာတွင် ဖျားနာခြင်း ချောင်းဆိုးခြင်းတို့ စတင်ဖြစ်လာ၍ အင်းစိန်ပြည်သူ့ဆေးရုံတွင် စောင့်ကြည့်လူနာအဖြစ် ထားရှိခဲ့ခြင်းဖြစ်သည်။
ထို့နောက် ဓာတ်ခွဲနမူနာကို အမျိုးသားကျန်းမာရေးဓာတ်ခွဲခန်းသို့ နောက်တစ်နေ့တွင် ပေးပို့စစ်ဆေးခဲ့ပြီးနောက် ကိုရိုနာဗိုင်းရပ်ပိုးတွေ့ရှိခဲ့ခြင်းဖြစ်သည်။
မတ် ၂၅ အထိ ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ကြေညာချက်အရ မြန်မာနိုင်ငံတွင် စောင့်ကြည့်လူနာ ၂၃၆ ဦး၊ သံသယလူနာ နှစ်ဦးနှင့် ရောဂါပိုးတွေ့ရှိသူ သုံးဦးရှိပြီဖြစ်သည်။