မေးမြန်းခန်းရွေးကောက်ပွဲ

အင်တာဗျူး | NLD က တိုင်းရင်းသားပါတီများကို တံခါးဖွင့်သင့်သည်ဟု ကချင်ပါတီပြော

၂၀၁၆ မှစ၍ ဒေသတွင်းပါတီများ ပေါင်းစည်းရေးကို တစိုက်မတ်မတ် ဆောင်ရွက်ခဲ့သည့် ကချင်နိုင်ငံရေးပါတီများသည် ၂၀၁၈ ဇန်နဝါရီတွင် လက်တွေ့ပေါင်းစည်းနိုင်ခဲ့သည်။ ကချင်နိုင်ငံရေးပါတီများ ဖြစ်သည့် ကချင်ဒီမိုကရက်တစ်ပါတီ (KDP) ကချင်ပြည်နယ်ဒီမိုကရေစီပါတီ (KSDP) နှင့် စည်းလုံးညီညွတ်ရေးနှင့် ဒီမိုကရေစီပါတီကချင်ပြည်နယ် (UDPKS) တို့ ပူးပေါင်းပြီး ၂၀၁၈ နိုဝင်ဘာတွင် ကချင်ပြည်နယ် ပြည်သူ့ပါတီ (KSPP) အဖြစ် ပါတီသစ်မှတ်ပုံတင် လျှောက်ထားခဲ့သည်။ ၂၀၁၉ ဇွန်တွင် ပါတီသစ်မှတ်ပုံတင်ခွင့်ရခဲ့ပြီး ၆ လ အကြာတွင် အခြားဒေသတွင်း ကချင်ပါတီတစ်ခုဖြစ်သည့် ပြည်ထောင်စုတိုင်းရင်းသားများ ဖက်ဒရယ်ဒီမိုကရေစီပါတီ (UNFDP) ကလည်း ထပ်မံပူးပေါင်းခဲ့သည်။ လက်ရှိတွင် ပါတီဝင်အင်အား ၂၀,၀၀၀ အထက်ရှိသည်ဟုလည်း ပါတီခေါင်းဆောင်ပိုင်းက ပြောသည်။

KSPP ၏ ခေါင်းဆောင်များက ဒေသတွင်း စည်းရုံးမှုများမြှင့်တင်ပြီး အင်အားတောင့်တင်းသည့် ပါတီဖြစ်လာရန် လိုလားလျက်ရှိသည်။ ဒေသခံတိုင်းရင်းသားများ၏ အခွင့်အရေးအတွက် လွှတ်တော်တွင်း ဆောင်ရွက်နိုင်မည့် အခွင့်အာဏာ ပိုမိုရရှိလာရန် ပြည်ထောင်စုအဆင့်နှင့် ပြည်နယ်အဆင့် လွှတ်တော်အသီးသီးတွင် ကိုယ်စားလှယ်နေရာများ အနိုင်ရရှိအောင် KSPP က ကြိုးပမ်းနေသည်။

လာမည့် ၂၀၂၀ ရွေးကောက်ပွဲတွင် ကိုယ်စားလှယ်နေရာများ အနိုင်ရရှိရေးအတွက် ဒေသတွင်း စည်းရုံးမှုဗျူဟာများပြင်ဆင်နေမှုများနှင့် ပါတီ၏ မျှော်မှန်းချက်များကို ပါတီ၏ ဒုဥက္ကဋ္ဌ (၂) ကွမ်ဂေါင်အောင်ခမ်းနှင့် Myanmar Now က တွေ့ဆုံမေးမြန်းထားသည်။

မေး။ ။ မတ်လဆန်းပိုင်းမှာ ကျင်းပခဲ့တဲ့ ပါတီညီလာခံမှာ လာမယ့် ၂၀၂၀ ရွေးကောက်ပွဲအတွက် ဘယ်လိုဆုံးဖြတ်ချက်တွေ၊ ဘာအစီအစဉ်တွေ ချမှတ်ခဲ့လဲ။

ဖြေ ။ ။ ကျွန်တော်တို့ KSPP က မတ်လ ၃၊ ၄ နှစ်ရက် ညီလာခံ ကျင်းပခဲ့ပါတယ်။ (ကချင်ပြည်နယ်) မြို့နယ် ၁၈ မြို့နယ်က လူပေါင်း ၃၀၀ ကျော် တက်ရောက်ပါတယ်။ ၂၀၂၀ က တိုင်းရင်းသားတွေအတွက် အလွန်တရာ အရေးကြီးသလို ဗမာပြည်အတွက်လည်း အလွန်တရာမှ အရေးကြီးတဲ့ကိစ္စ ဖြစ်ပါတယ်။

ဆွေးနွေးချက်တွေကတော့ ၂၀၂၀ ရွေးကောက်ပွဲအောင်နိုင်ရေးကော်မတီ အမြန်ဆုံးဖွဲ့စည်းဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ နောက်တစ်ချက်ကတော့ ၂၀၂၀မှာ ရွေးကောက်ပွဲဝင်ပြိုင်မယ့် ကိုယ်စားလှယ်လောင်းတွေကိုလည်း အမြန်ဆုံးရွေးချယ်ဖို့ ဖြစ်ပါတယ်။ တတိယတစ်ချက်ကတော့ ဘဏ္ဍာရေးနဲ့ဆိုင်တဲ့ကိစ္စပါ။ ဘဏ္ဍာရေးကို စနစ်တကျရှာဖွေပြီး ငွေရေးကြေးရေးရှာဖွေဖို့က မြို့နယ်တွေကအစ ဌာနချုပ်အထိ အလွန်တရာမှ လိုအပ်နေတဲ့ အခြေနေ ဖြစ်ပါတယ်။ ပါတီအောင်နိုင်ရေးကလည်း ငွေရေးကြေးရေးက အဓိကဖြစ်ပါတယ်။ ဘတ်ဂျက်နဲ့ပတ်သက်ပြီး အမြန်ဆုံး ရန်ပုံငွေရှာဖွေဖို့ ဖြစ်ပါတယ်။

မေး။ ။ ပါတီတွေပေါင်းဖို့ ဆွေးနွေးကြတုန်းက ကွဲပြားနေတဲ့ မဲတွေကို စုစည်းဖို့ဆိုတဲ့ ရည်မှန်းချက်နဲ့လို့ ထုတ်ဖော်ပြောထားတယ်။ အခုဆိုရင်လည်း ကချင်နိုင်ငံရေးပါတီလေးခုက ပေါင်းနိုင်ခဲ့ပြီ။ ရည်မှန်းထားတဲ့အတိုင်း ဖြစ်နေပြီလား။

ဖြေ။ စုစည်းမှုတော့ အပြည့်အဝ မရသေးဘူး။ ဒါပေမယ့် ကျွန်တော်တို့ပါတီ အားရှိဖို့တော့ ရှိသွားပြီ။ ဒီမှာ အသွင်မတူတဲ့ ပါတီက လူတွေရော၊ အသွင်တူတဲ့ ပါတီကလူတွေရော အကုန်လုံး စုပေါင်းလာတဲ့ အနေအထား ဖြစ်တယ်။ နားလည်မှုတစ်စုံတစ်ရာ ရလာတယ်။ လောလောဆယ် တွေ့မြင်နေရတာက စိတ်ရှည်သည်းခံပြီး အတူတကွ သွားနေတာကို တွေ့ရတယ်။ ပြန့်ကျဲနေတဲ့ ပြည်သူလူထုတွေကလည်း တစ်စုတစ်စည်းတည်း ဖြစ်လာပြီး မဲတွေကလည်း များလာမယ်လို့ မြင်ပါတယ်။

၂၀၁၅ (မတိုင်ခင်နဲ့) ယှဉ်ကြည့်ရင် ကျွန်တော်တို့ ရုံးပဲဖွင့်ဖွင့်၊ ဆိုင်းဘုတ်ပဲတင်တင် သိပ်မခက်တော့ဘူး။ လူထုက တစ်ခဲနက် ပါဝင်လာတယ်။ နေရာတိုင်းမှာ ပါဝင်လာတာ တွေ့ရပါတယ်။ ကျွန်တော်ထင်တယ် သူတို့ကလည်း စုစည်းမှုကို လိုလားနေတယ်။ စုစည်းမှု ရှိသွားတဲ့အခါကျတော့ စိတ်တွေလည်း မပျံ့တော့ဘူး။ အကုန်လုံး စုစုစည်းစည်းနဲ့ လုပ်လာတယ်လို့ မြင်တယ်။ ဘာပဲလုပ်လုပ် သိပ်မခက်တော့ဘူးဆိုတာတော့ တွေ့ရပါတယ်။

မေး။ ။ ၂၀၂၀ ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် ဘာတွေ အဓိက လုပ်ဆောင်သွားမလဲ။

ဖြေ။ ။ ကျွန်တော်တို့ဒေသဟာ ကချင်ပြည်နယ် ပြည်သူ၊ ပြည်သားတွေ၊ တိုင်းရင်းသားပေါင်းစုံ ရှိပါတယ်။ ရွေးကောက်ပွဲမှာ အောင်နိုင်ဖို့ ဆိုတာဟာ သက်ဆိုင်ရာမြို့နယ်တွေနဲ့ ကိုက်ညီမယ့်သူတွေကို ရွေးချယ်ဖို့လိုပါတယ်။ ဒါ့ကြောင့်လည်း ဝင်ပြိုင်မယ့်သူတွေကို စိစစ်သွားမှာဖြစ်ပါတယ်။ (ဥပမာ) မိုးညှင်းမှာဆိုရင် မိုးညှင်းဒေသခံတွေ ကြိုက်နှစ်သက်တဲ့သူကို ရွေးချယ်သွားဖို့လိုပါတယ်။ ရွေးကောက်ပွဲအောင်နိုင်ရေးမှာလည်း ဗဟိုနဲ့ ဒေသခံကော်မတီတွေနဲ့ လက်တွဲဆောင်ရွက်ဖို့လည်း ရှိပါတယ်။

၂၀၂၀ ဟာ အလွန်တရာမှ အရေးကြီးတယ်ဆိုတာ ဘာကြောင့်လဲဆိုတော့ NLD (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်) ပဲဖြစ်ဖြစ်၊ ကြံ့ခိုင်ရေး (ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ) ပဲဖြစ်ဖြစ် လွန်ခဲ့တဲ့ အခြေအနေတွေကလိုမျိုး နိုင်ဖို့ မလွယ်တော့ဘူး။ ပြည်ထောင်စုကြီးကို အတူတကွ တည်ဆောက်ဖို့ အခွင့်အရေးတွေ ရှိလာတယ်။

နောက်တစ်ချက်က ကျွန်တော်တို့ နိုင်ဖို့အရေးကြီးတယ်။ နိုင်ဖို့ဆိုတာကတော့ အမျိုးသားလွှတ်တော်၊ ပြည်သူ့လွှတ်တော်၊ ပြည်နယ်လွှတ်တော်နဲ့ ပြည်နယ်အစိုးရကိုရော ဖွဲ့စည်းနိုင်ဖို့ လိုပါတယ်။ လွှတ်တော်အသီးသီးမှာ ဝင်ရောက်ရရှိဖို့လိုတယ်။ ဘာကြောင့်လဲဆိုတော့ လွှတ်တော်ကို ရောက်ရှိမှပဲ ဒေသခံတွေရဲ့ စကားတွေ ထိုးဖောက်နိုင်မှာဖြစ်ပါတယ်။

မဟာဗျူဟာကတော့ ဒေသခံတစ်ခုချင်း ဆိုတာထက် ပြည်နယ်အချင်းချင်း ဆက်ဆံပြီးမှ အတူတကွလုပ်ဆောင်ဖို့ လိုအပ်တယ် ဆိုတာကိုလည်း ဆုံးဖြတ်ထားပါတယ်။ ကျန်တဲ့ပြည်နယ်တွေနဲ့အတူ လက်တွဲပြီး စနစ်တကျ ဆောင်ရွက်သွားဖို့ ဆုံးဖြတ်ထားပါတယ်။

ကချင်ပြည်နယ် ပြည်သူ့ပါတီ၏ ခေါင်းဆောင်များကို ပထမအကြိမ်ပါတီညီလာခံ၌ တွေ့ရစဥ် (ဓာတ်ပုံ- ချမ်းသာ/ Myanmar Now)

မေး။ ။ ၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲမှာ ဦးကွမ်ဂေါင်အောင်ခမ်းက NLD ထက် မဲပိုများရခဲ့ပေမယ့် ပြည်ခိုင်ဖြိုးကိုယ်စားလှယ်က (မဲအများဆုံးရပြီး) အနိုင်ရသွားတယ်။ ဆိုတော့ ဒီလိုဖြစ်စဉ်မျိုးနဲ့ ပတ်သက်ပြီး ၂၀၂၀ အတွက် ဘယ်လိုစဉ်းစားထားလဲ။

ဖြေ။ ။ ကချင်ပြည်နယ် ပြည်သူ့ပါတီ (KSPP) ဟာ ကချင်ပြည်နယ်တွင်းမှာ မှီတင်းနေထိုင်တဲ့ တိုင်းရင်းသား ပြည်သူလူထုအကျိုးအတွက် လုပ်မယ်ဆိုတာ ချမှတ်ထားပါတယ်။ ဒါမှလည်း ပြည်သူလုထုက ထောက်ခံမှာဖြစ်ပါတယ်။ နောက်တစ်ခုက ဒီလို (လူထုထောက်ခံအောင်) မလုပ်နိုင်ရင်လည်း ကျွန်တော်တို့နိုင်ဖို့ ခက်ပါတယ်။ တပ်မဲတွေလည်း ရှိနေတယ်။ ဒါကလည်း အလွန်တရာ စိုးရိမ်စရာဖြစ်ပါတယ်။ ဒါက ရှေ့ဆက်ပြီးတော့လည်း ကြုံနေဦးမှာဖြစ်ပါတယ်။ တပ်မဲတွေကို ကျော်ဖြတ်ဖို့ဆိုရင် ပြည်သူလူထုရဲ့ တစ်ခဲနက် ထောက်ခံမှုရှိဖို့လိုပါတယ်။ ဒီတစ်ကြိမ်မှာ ပြည်သူလူထုကို စည်းရုံးနိုင်ဖို့ အခွင့်အရေးတော့ ရှိလာပါပြီ။

မေး။ ။ လာမယ့် ၂၀၂၀ ရွေးကောက်ပွဲအပေါ် ဘယ်လိုစိုးရိမ်မှုမျိုးတွေ ရှိနေလဲ။

ဖြေ။ ကျွန်တော်က ပြီးခဲ့တဲ့ရွေးကောက်ပွဲ ဖြစ်စဉ်မျိုးလည်း စိုးရိမ်တယ်။ NLD (ကချင်ပြည်နယ် NLD တာဝန်ရှိသူများ) ကိုလည်း ပြောပါတယ်။ ဒီလိုဖြစ်မယ်၊ မဖြစ်ဘူးဆိုတာက မင်းတို့ပေါ်မှာ မူတည်တယ်လို့။ ၂၀၁၈ တုန်းက ကျွန်တော် နမူနာပြပြီးပြီ။ NLDက ဒေသခံပါတီကို ရှုံးတယ်ဆိုတာ ပြပြီးပြီ။ (၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲတွင် ကြံ့ခိုင်ရေးပါတီက ပထမ၊ ကချင်ပါတီက ဒုတိယ၊ NLD က တတိယမဲအများဆုံး ရခဲ့သည်) အခုလည်း ကျွန်တော်တို့နှစ်ယောက် ယှဉ်မယ်ဆိုရင် ကြံ့ခိုင်ရေးက နိုင်သွားနိုင်တယ်။ ဒါမျိုးမထပ်ဖြစ်အောင် ကျွန်တော်တို့နှစ်ယောက် ဘယ်လိုလုပ်မလဲဆိုတာ ခင်ဗျားတို့မစဉ်းစားဘူးလား။ ဒါပေမယ့် သူတို့ကတော့ NLD ရဲ့ မူဝါဒအတိုင်း တိုင်းရင်းသားတွေနဲ့ ညှိနှိုင်းဆောင်ရွက်ဖို့ သူတို့ဆီမှာ တခြားမရှိဘူး။ NLD က နှစ်ခေါက်တောင်မှ ကြေညာထားတော့ ကျွန်တော်တို့ ဘယ်လိုချဉ်းကပ်မလဲ။

ကျွန်တော်တို့က သူတို့နဲ့ ၈၈ ကတည်းက အတူတကွ ဒီမိုကရေစီ လိုလားသူဖြစ်တဲ့အတွက် သူတို့နဲ့ လက်တွဲဆောင်ရွက်ဖို့က ဘာမှမခက်ဘူး။ ဒါပေမယ့် သူတို့ (NLD) က မူ၊ ပေါ်လစီ မရှိတဲ့အခါကျတော့ ဘာမှလုပ်မရဘူး။ ကျွန်တော်တို့က အတူတကွ လုပ်ချင်ပါတယ်ဆိုတာတော့ အမြဲတမ်းပြောပြနေတာ။ သူတို့ (NLD) ဆီမှာ ပေါ်လစီမရှိတော့ ပြီးနေပြီလေ။ ကျွန်တော် စိုးရိမ်တာက ၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲတုန်းကလို ကြံ့ခိုင်ရေး နိုင်သွားမှာပဲ။

ဒါပေမယ့် NLD နဲ့ ကျွန်တော်တို့က တွေ့နေပြီလေ။ ဘာဖြစ်ဖြစ် ညှိနှိုင်းလုပ်ရမှာ။ ဒီမှာတော့ ကျွန်တော်တို့ ပြိုင်မယ်။ ဒီမှာတော့ မင်းတို့ ပြိုင်ဆိုရင် ပြီးပြီပဲ။ အစိုးရအဖွဲ့မှာလည်း ဝန်ကြီးချုပ်ကအစ ဝန်ကြီးတွေ အတူလုပ်ဆိုရင် ဘာမှ မခက်ဘူး။ ဒီအခြေအနေမှာ ဒေသခံပါတီကို မဲပေးကြမယ်ဆိုရင်တော့ ဒီအခြေအနေကို ပြောင်းလဲနိုင်မယ်။ NLD က ၁၉၉၀ ကတည်းက အားကောင်းခဲ့သလို ကြံ့ခိုင်ရေးကလည်း သူ့ (NLD) အတိုင်းပဲ အားကောင်းတယ်။ နှစ်ပါတီစလုံး အားကောင်းတယ်။ ကျွန်တော်တို့ ပါတီကလည်း အားကောင်းလာပြီ။ လေး၊ ငါးလ အတွင်းမှာ စနစ်တကျ စည်းရုံးနိုင်ရင် အလားအလာ ကောင်းပါတယ်။

ဒါကို ကချင်ပြည်နယ်က NLDထောက်ခံသူတွေကလည်း ပြောတော့ ပြောနေကြပေမယ့် ဘယ်လောက်ထိရောက်မလဲတော့ မသိသေးဘူး။ သေချာတာကတော့ သူတို့ (NLD) လည်း ပြိုင်မယ်ဆိုတာပဲ။ ဆိုတော့ ကျွန်တော်တို့လည်း ဝင်ပြီး ပြိုင်ရုံမှတစ်ပါး မရှိတော့ဘူး။ ကျွန်တော်တို့ နိုင်ဖို့ပဲ ကြိုးစားတော့မယ်။

NLD က တံခါး မပိတ်သင့်ဘူး။ ဖွင့်ပြီးမှ ကစားရမှာ။ ကျွန်တော်တို့က နေရာလိုချင်လို့ ပြောနေတာမဟုတ်ဘူး။ မြန်မာပြည်ရဲ့ တကယ့်အခြေခံမူဝါဒကို ပြင်ချင်လို့ ဖြစ်ပါတယ်။

မေး။ ။ လာမယ့်ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် ဘယ်အပိုင်းတွေကို အဓိကထားလုပ်သွားမလဲ။

ဖြေ။ ။ ၂၀၂၀ရွေးကောက်ပွဲအောင်နိုင်ရေးကော်မတီဖွဲ့ဖို့နဲ့ ရွေးချယ်ခံမယ့် လွှတ်တော်ကိုယ်စားလှယ်တွေကို အမြန်ဆုံးရွေးချယ်သွားဖို့ ရှိပါတယ်။ ဒီကြားထဲမှာ ဗဟိုအလုပ်အမှုဆောင်ကော်မတီအစည်းအဝေးခေါ်ပြီး ဆုံးဖြတ်သွားမှာပါ။ အောင်နိုင်ရေးကော်မတီက ဘယ်လိုလုပ်ရမလဲ။ ဘယ်ကဏ္ဍတွေ ကိုင်မလဲဆိုတာကတော့ ဖွဲ့ပြီးမှ ဆွေးနွေးဆုံးဖြတ်ရမယ့်အပိုင်းတွေ ဖြစ်ပါတယ်။

(ဤအင်တာဗျူးကို ကျစ်လျစ်မှုနှင့် ရှင်းလင်းမှု ရှိစေရန် အဓိပ္ပာယ်တစ်စုံတစ်ရာ ပြောင်းလဲမှုမရှိစေဘဲ တည်းဖြတ်ထားပါသည်)

 

Show More

Related Articles

Back to top button