
နယ်စပ်ကုန်သွယ်ရေး ဂိတ်သုံးခုအပါအဝင် မြန်မာနှင့် နယ်နိမိတ်ချင်းထိစပ်နေသော မဏိပူရပြည်နယ် တစ်လျှောက်ရှိ နယ်စပ်ဝင်ပေါက် ၉၀ နီးပါးခန့်ကို အိန္ဒိယဘက်က ရက်အကန့်အသတ်မရှိ ပိတ်လိုက်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် တမူးနယ်စပ်ကုန်သွယ်ရေးအသင်း တာဝန်ရှိသူများက အတည်ပြုပြောဆိုသည်။
တမူးနယ်စပ် ကုန်သွယ်ရေးဂိတ်နှစ်ခုနှင့် ချင်းပြည်နယ် ရိခေါဒါရ် နယ်စပ်ကုန်သွယ်ရေးဂိတ်များကို ကြိုတင်အကြောင်းကြားခြင်း မရှိဘဲ လက်ရှိဖြစ်ပွားနေသည့် ကိုရိုနာရောဂါကို အကြောင်းပြု၍ အိန္ဒိယဘက်က ပိတ်ခဲ့သည်ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန လက်ထောက်အတွင်းဝန် ဦးခင်မောင်လွင်ကပြောသည်။
“သူတို့ဘက်က Covid-19 ကို စိုးရိမ်လို့ ဒီနယ်စပ်ဂိတ်ကိုပါ ပိတ်လိုက်တဲ့အနေအထားလို့ ပြောလို့ရတာပေါ့။ ဘယ်အချိန်မှာ ပြန်ဖွင့်မလဲဆိုတာတော့ ပြောလို့မရသေးဘူး။ သူတို့ဘက်က ကြေညာတာကိုပဲ စောင့်ရမယ့်ပုံစံမျိုးဖြစ်တာပေါ့”ဟု ၎င်းကပြောသည်။
တမူးနယ်စပ်ကုန်သွယ်ရေးအသင်း ဒုဥက္ကဋ္ဌ ဦးတင်ဆွေက နယ်စပ်ဂိတ်များ ပိတ်လိုက်သည့်အပြင် လုံခြုံရေးအပြည့်ဖြင့် စောင့်ကြည့်နေသည်ဟုဆိုသည်။
“တစ်နိုင်ငံနဲ့ တစ်နိုင်ငံ ပြဿနာရှိတာတို့ တစ်ခုခုဖြစ်တာတို့တောင် အဲ့ဒီလောက် စစ်တပ်ချမထားဘူး။ ခု နယ်စပ်တစ်လျှောက်မှာ အိန္ဒိယစစ်တပ်ကို မည်းနေအောင်ချထားတာ”ဟု ၎င်းကဆိုသည်။
မဏိပူရပြည်နယ်၊ မိုရေးမြို့နယ်စပ်ကုန်သွယ်ရေးဂိတ်အပါအဝင် တမူးမြို့နယ်မှ ခန္တီးမြို့အထိ နယ်စပ်တစ်လျှောက် မိုင်တစ်ထောင်ခန့်အတွင်းရှိ အဝင်အထွက်ဂိတ်များအားလုံးကို အိန္ဒိယစစ်တပ်က စောင့်ကြည့်နေသည်ဟု ၎င်းကဆိုသည်။
ယခုကဲ့သို့ မပိတ်ခင်တွင် တမူးနယ်စပ်ကုန်သွယ်ရေးဂိတ်မှ နေ့စဉ် ကန်ဒေါ်လာ တစ်သိန်းကျော်ခန့် မြန်မာနိုင်ငံဘက်မှ တင်ပို့နေပြီး သွင်းကုန်တန်ဖိုးမှာ ဒေါ်လာထောင်ဂဏန်းဝန်းကျင်ရှိကြောင်း ဦးခင်မောင်လွင်ကပြောသည်။
“လက်ရှိအရောင်းအဝယ်က ဇီးရိုး (သုည) ပေါ့ဗျာ၊ ဘာမှကို သွားလို့မရတော့တာကို။ ကားတွေရော၊ လူတွေရော အကုန်တားထားတယ်လေ၊ ဘယ်သူမှလည်း ပေးမဝင်တော့ဘူး။ တချို့ကုန်သည်တွေလည်း အခုဖွင့်မလား၊ ခဏနေဖွင့်မလားဆိုပြီး ကားပေါ်တင်ပြီး စောင့်နေကြတာပေါ့” ဟု ဦးတင်ဆွေကပြောသည်။
ပြည်တွင်းမှ ကွမ်းသီး၊ မျောက်ငိုသီး၊ ပဲမျိုးစုံနှင့် တရုတ်လူသုံးကုန်ပစ္စည်းများ၊ စားသောက်ကုန်များ အိန္ဒိယသို့ ပို့ဆောင်ပြီး အထည်အလိပ်၊ လူသုံးကုန်ပစ္စည်းများကို ပြည်တွင်းသို့ ပြန်လည်တင်သွင်းကြသည်။
အိန္ဒိယတွင် ကိုရိုနာသံသယဖြင့် စောင့်ကြည့်ခံရသူ ၆၀ ခန့်ရှိသည့်အနက် ၁၆ ဦးတွင် ကိုရိုနာရောဂါဖြစ်ပွားနေပြီး ယခုမတ်လအတွင်း ပိုမိုမြင့်တက်လာကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း(WHO)၏ ယမန်နေ့ ထုတ်ပြန်ချက်အရ သိရသည်။
ကိုဗစ်-၁၉ ရောဂါကို ကမ္ဘာ့ကပ်ရောဂါတစ်ခုအဖြစ် သတ်မှတ်လိုက်ပြီဖြစ်ကြောင်း WHO က ဗုဒ္ဓဟူးနေ့က ကြေညာလိုက်ပြီဖြစ်ပြီး တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် တပ်လှန့်နှိုးဆော်ထားပြီ ဖြစ်သည်။