
စစ်အစိုးရလက်ထက်က လူအုပ်စုကြီးဖြင့် ရိုက်နှက်ခဲ့သည့် ဖြစ်စဉ်တစ်ခုကြောင့် နာမည်ဆိုးဖြင့်ကျော်ကြားခဲ့သည့် ‘ဒီပဲယင်း’ မြို့ကို ဒေါ်အောင်ဆန်းစုကြည်က ၁၇ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ယနေ့ (မတ် ၁၁) တွင် ပြန်လည်ခြေချခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်သည် မတ် ၁၀ ရက်က လားရှိုးနှင့် ပြင်ဦးလွင် တို့တွင် လူထုတွေ့ဆုံပွဲ ပြုလုပ်ရာသို့ ကားဖြင့်ဝင်ရောက်လာစဥ် သူ၏ထုံးစံအတိုင်း ကားအတွင်းမှသာ လက်ပြ၊ ထိတွေ့နှုတ်ဆက်ခဲ့သော်လည်း ယနေ့ ဒီပဲယင်းတွင်မူ တွေ့ဆုံပွဲကွင်းအတွင်းသို့ အဝင်ရော၊ အထွက်ပါ ကားခေါင်းမိုးပေါက်မှ ကိုယ်တစ်ပိုင်းထွက်၍ လက်ပြနှုတ်ဆက်ခဲ့သည်ကို တွေ့ရသည်။
ဒေါ်အောင်ဆန်းစုကြည်က “မနေ့တုန်းက ကျွန်မ စပြီးတော့ လားရှိုးကနေလာခဲ့တဲ့ ခရီးတလျှောက်မှာ ပြည်သူတွေကို တောက်လျှောက် တောင်းပန်ခဲ့ရပါတယ်။ ကျွန်မအနေနဲ့ လက်ဆွဲနှုတ်ဆက်ခြင်း မလုပ်နိုင်တာကို သည်းခံပါလို့” ဟု ဆိုသည်။
“ဘာဖြစ်လို့လဲဆိုတော့ ကျွန်မတို့ရဲ့ ကျန်းမာရေးဝန်ကြီးက ညွှန်ကြားချက်တွေ ထုတ်ထားပါတယ်။ ပြည်သူတွေ အသိဆုံးဖြစ်ပါလိမ့်မယ်၊ ရောဂါမပြန့်ပွားရေးအတွက် ကိုဗစ်နိုင်တင်း (COVID-19) ရောဂါမပြန့်ပွားရေးအတွက် လက်ဆွဲတာ မလုပ်ပါနဲ့တဲ့” ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

ဒီပဲယင်းမြို့နယ် ‘ကြည်ရွာ’ အနီးတွင် ဒေါ်အောင်ဆန်းစုကြည်ပါဝင်သည့် ယာဉ်တန်းကို လူအုပ်စုကြီးဖြင့် ရိုက်နှက်ခဲ့သည့်ဖြစ်စဉ်မှာ လာမည့် မေ ၃၀ တွင် ၁၇ နှစ်တင်းတင်းပြည့်မည်ဖြစ်သည်။
ထို ရိုက်ပွဲကြီးမှ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ခဲ့သော်လည်း ဖမ်းဆီး၍ အကျယ်ချုပ်ချခံခဲ့ရသည်။
ယနေ့ တွေ့ဆုံပွဲတွင် ခရီးရောက်မဆိုက် ချက်ချင်းပင် “ဒီပဲယင်းက ပြည်သူလူထုက လှိုက်လှိုက်လှဲလှဲကြိုဆိုတဲ့အတွက် ကျေးဇူးတင်ပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။
ယနေ့ ဒေါ်အောင်ဆန်းစုကြည်မိန့်ခွန်းပြောရာ ကွင်းပြင်နှင့် ၂၀၀၃ ခုနှစ်က သူပါသည့် ယာဉ်တန်းကို ဝိုင်းရိုက်နှက်ခဲ့ရာ ‘ကြည်ရွာ’ မှာ ၃ မိုင်ခန့် ကွာဝေးသည်။ လူထုတွေ့ဆုံပွဲအတွင်း မိန့်ခွန်းပြောဆိုရာတွင် အတိတ်အကြောင်းများနှင့်ပတ်သက်၍ ပြောဆိုမှု မရှိခဲ့ပေ။

ဒေသခံတစ်ဦးဖြစ်သည့် ဒီပဲယင်း မြို့မရပ်ကွက်မှ ဦးဝင်းဇော်က “ကျွန်တော်တို့ ဒီပဲယင်း မြို့သူမြို့သားတွေ ဘာမဆိုင်ညာမဆိုင် နာမည်ပျက်ခဲ့ရတယ်။ ဒီပဲယင်းမြို့သူမြို့သားတွေ ဘာမှမသိဘဲ လုပ်သွားတဲ့ကိစ္စကြီးကို အမည်းပေါ်အဖြူ လာတင်ပေးတာပေါ့။ နဂိုက ပျက်ပြီးသား နာမည်အတွက် အဖတ်ဆယ်တဲ့သဘောမျိုး လာတာလို့ထင်တယ်” ဟု ဆိုသည်။
ထို့ပြင် ဒီပဲယင်း ကြည်ရွာ အရေးအခင်းကိစ္စများနှင့်ပတ်သက်ပြီး ၎င်းတို့အနေဖြင့်သိသော်လည်း ပြန်လည်၍မပြောလိုဟု ဆိုသည်။
ဒေါ်အောင်ဆန်းစုကြည်၏ ယနေ့ တွေ့ဆုံပွဲတွင် ဒေသခံများက လျှပ်စစ်မီးရရှိရေး၊ တိုက်နယ်ဆေးရုံ ဆောက်လုပ်ပေးရေးနှင့် မြေယာအရှုပ်အထွေးကိစ္စများကို အဓိကထား မေးမြန်းတိုင်တန်းခဲ့ကြသည်ကို တွေ့ရသည်။