လာမည့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲအတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက အမတ်လောင်းများ ရွေးချယ်ရာတွင် မြို့မိမြို့ဖများ၏ ထောက်ခံမှုအပေါ်အခြေခံ ရွေးချယ်မည်ဟု NLD ပါတီဗဟိုအလုပ်အမှုဆောင် ဒေါက်တာမေဝင်းမြင့်က ပါတီဝင်များကို ယနေ့ အသိပေးလိုက်သည်။
“မြို့မိမြို့ဖဆိုတာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဒီမိုကရေစီခရီးကြမ်းကို ဖြတ်သန်းတဲ့နေရာမှာ အတူပါဝင်ခဲ့ကြတဲ့ အားပေးဝန်းရံခဲ့ကြပြီး ယခုအခါမှာလည်း အဖွဲ့ချုပ်ကိုဝန်းရံတဲ့သူတွေကို မြို့မိမြို့ဖလို့ သတ်မှတ်ထားပါတယ်” ဟု ၎င်းကဆိုသည်။
ပြည်ထောင်စုနယ်မြေ(နေပြည်တော်)အတွင်းရှိ ဗဟို၊တိုင်း၊ခရိုင်၊မြို့နယ်၊ ရပ်ကျေးပါတီဝင်များနှင့် တွေ့ဆုံပွဲကို မတ် ၅ နံနက်ပိုင်းမှစ၍ နေပြည်တော် မင်္ဂလာဗျူဟာသာသနာ့ဗိမာန်၌ ကျင်းပနေစဉ် ဒေါက်တာမေဝင်းမြင့်၏ အဖွင့်အမှာစကား၌ ယင်းသို့ ထည့်သွင်းပြောကြားခြင်းဖြစ်သည်။
မြို့မိမြို့ဖတို့ ထောက်ခံသူများကို ဗဟိုအလုပ်အမှုဆောင်များနှင့် ညှိနှိုင်းတိုင်ပင်ပြီး သက်ဆိုင်ရာမြို့နယ်များအလိုက် အမှန်တကယ်ဖြစ်ထိုက်သော၊ အရည်အချင်းရှိသော ကိုယ်စားလှယ်လောင်းများကို သေချာစွာရွေးချယ်မည်ဟုလည်း ၎င်းကဆက်ပြောသည်။
ထို့အတူ ဒီမိုကရေစီအခြေခိုင်အောင် တည်ဆောက်ရန်၊ ဖက်ဒရယ်ပြည်ထောင်စု ထူထောင်ရန် လိုအပ်နေသေးသည့် လက်ရှိအချိန်တွင် ရွေးကောက်ပွဲ၌ ပါတီအောင်နိုင်ရေး များစွာအရေးကြီးကြောင်း ဒေါက်တာမေဝင်းမြင့် က ပါတီဝင်များကို သတိပေးသည်။
“ဒီအခြေအနေမျိုးဟာ နောက်တစ်ကြိမ်ပြန်အမှားမခံဘဲ တစ်ကနေပြန်မစဖို့ အင်မတန်မှအရေးကြီးတဲ့ အချိန် ဖြစ်ပါတယ်” ဟု ၎င်းကပြောသည်။
ထို့ကြောင့် ပြည်သူ့ထောက်ခံမှု အစဉ်မပြတ်ရရှိရေး ကြိုးပမ်းကြစေလိုသည်ဟုလည်း ဒေါက်တာမေဝင်းမြင့် က တိုက်တွန်းသည်။
တွေ့ဆုံပွဲကို ညနေပိုင်းအထိ ပြုလုပ်မည်ဟုသိရပြီး နိုင်ငံရေး၊ တောင်သူလယ်သမား၊ လူငယ်နှင့် မြို့နယ်များအလိုက် အစီရင်ခံစာများ တင်သွင်းခြင်း၊ ဗဟိုအလုပ်အမှု ဆောင်နှင့်ဗဟိုကော်မတီဝင်များက တင်ပြချက်များအပေါ် အကြံပြုဆွေးနွေးခြင်း၊ ပြန်လည်ရှင်းလင်းခြင်းတို့ ဆောင်ရွက်ကြမည်ဖြစ်သည်။
NLD ပါတီဦးဆောင်နေသည့် လက်ရှိအစိုးရလက်ထက်တွင် အစိုးရအဖွဲ့ဝင်အချို့၏ ပြောဆိုချက်များအပေါ် လူထုဝေဖန်မှုများ မကြာခဏဖြစ်ပေါ်နေပြီး ပြီးခဲ့သည့် မတ် ၇ တွင်လည်း ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ် သရက်စိန်ကျေးရွာ ဓမ္မသိဒ္ဓိဘုန်းတော်ကြီးကျောင်း ဓမ္မာရုံတွင်ပြုလုပ်ခဲ့သော လူထုတွေ့ဆုံပွဲတွင် ပဲခူးတိုင်းဝန်ကြီးချုပ်၏ ပြောဆိုချက်အပေါ် ဝေဖန်မှုများ ရှိခဲ့သည်။
ယင်းလူထုတွေ့ဆုံပွဲတွင် ပဲခူးတိုင်းဝန်ကြီးချုပ်က တိုင်းပြည်ဗရုတ်ဗရက်ဖြစ်ပြီး တပ်မတော်အာဏာသိမ်းစေရန် ပြည်သူများက ဖန်တီးခဲ့ကြသည်ဟု ထည့်သွင်းပြောဆိုခဲ့ပြီး ယင်းသို့ပြောဆိုမှုအပေါ် လူထုက ဝေဖန်နေကြခြင်းဖြစ်သည်။