သတင်း

ဒေါ်အောင်ဆန်းစုကြည် ပြင်ဦးလွင်တွင် လူထုတွေ့ဆုံပွဲလုပ်မည်

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် လာမည့်သီတင်းပတ်တွင် ပြင်ဦးလွင်မြို့၌ လူထုတွေ့ဆုံပွဲ ကျင်းပမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးအောင်မင်းကပြောသည်။

 

အဆိုပါတွေ့ဆုံပွဲကို ပြင်ဦးလွင်ခရိုင်အားကစားကွင်း၌ အင်္ဂါနေ့တွင် ကျင်းပမည်ဖြစ်ပြီး လူအင်အားသောင်းချီ လာရောက်ရန်စီစဉ်နေကြောင်း ဒေသခံများ မေးခွန်းမေးနိုင်ရန်လည်း ဆောင်ရွက်ထားကြောင်း ၎င်းကဆိုသည်။

 

တစ်မြို့နယ်လုံး ဘယ်သူ့မှကန့်သတ်မထားဘဲ Open လုပ်မှာပါ။ ပြည်သူ့အသံနားထောင်မယ်။ သက်ဆိုင်တဲ့ဝန်ကြီးဌာနတွေက ဖြေသင့်တာတိုက်ရိုက်ဖြေမယ်။ မဖြေနိုင်တာ စာတင်ပြီး စာနဲ့ ဖြေမယ်ဟု ၎င်းကဆိုသည်။

 

တွေ့ဆုံပွဲတွင်မေးမြန်းရန်အတွက် လျှောက်လွှာပုံစံတင်ရမည်ဖြစ်ပြီး လျှောက်လွှာတင်သူများကို နံပါတ်များပေးလိုက်ကာ အဆိုပါနံပါတ်များကို နိုင်ငံတော်အတိုင်ပင်ခံက မဲနှိုက်ပြီးဖြေရန် စီစဉ်ထားသည်ဟု ၎င်းကဆိုသည်။

 

အဆိုပါတွေ့ဆုံပွဲ ပြီးဆုံးချိန်တွင် ပြင်ဦးလွင်မြို့ရှိ အထင်ကရနေရာများဖြစ်သော ကန်တော်ကြီး၊ မဟာအံ့ထူးကံသာ (ပြည်ချစ်ဘုရား) အစရှိသည့် အထင်ကရနေရာများသို့ အတိုင်ပင်ခံပုဂ္ဂိုလ် လည်ပတ်နိုင်ရန် စီစဉ်ထားရှိကြောင်း လုံခြုံရေးပိုင်းနှင့် ပွဲအစီအစဉ်များကိုလည်း အဖွဲ့များဖွဲ့ကာ စီစဉ်လျက်ရှိကြောင်း ၎င်းကဆိုသည်။

 

အဆိုပါခရီးစဉ်နှင့်ပတ်သက်ပြီး မန္တလေးတိုင်းအစိုးရအဖွဲ့အား မေးမြန်းခွင့်မရရှိသေးပေ။

 

ဖေဖော်ဝါရီ ၂၅ တွင်လည်း မြဝတီမြို့၌ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က လူထုတွေ့ဆုံပွဲ ကျင်းပခဲ့ပြီး မြဝတီမြို့ရှိကျောင်းပေါင်းစုံမှ ကျောင်းသူကျောင်းသားများက ကင်းထောက်ဝတ်စုံ၊ တိုင်းရင်းသားဝတ်စုံတို့ဖြင့် နံနက် နာရီဝန်းကျင်တွင် ရောက်ရှိကြိုဆိုခဲ့ကြကာ လူဦးရေတစ်သောင်းကျော် တက်ရောက်ခဲ့သည်။

Show More

Related Articles

Back to top button