တောင်တန်းဒေသ ချင်းပြည်နယ်မြောက်ပိုင်း တီးတိန်မြို့နယ်အတွင်းရှိ ချင်းအမျိုးသားတပ်မတော် (CNA) တပ်မဟာ (၄) အခြေစိုက်စခန်းတစ်ခုကို ယနေ့ (ဧပြီ ၂၁) နံနက် ၁၁ နာရီတွင် စစ်ကောင်စီ လေတပ်က သွားရောက် တိုက်ခိုက်ခဲ့သည်။
တီးတိန်မြို့ အနောက်ဘက် အိန္ဒိယ-မြန်မာနယ်စပ်အနီးရှိ ၎င်းတို့ စခန်းတိုက်ခိုက်ခံရသဖြင့် တပ်ဖွဲ့ဝင် ၁ ဦး သေဆုံးပြီး၊ ဒဏ်ရာအနည်းငယ်ရသွားသူ ၅ ဦး ရှိသည်ဟု CNA ပြောခွင့်ရသူ ဆလိုင်းထက်နီက ပြောသည်။
“ဂျက်ဖိုက်တာ တစ်စီးလာသွားတယ်။ ဗုံးနှစ်လုံး ကြဲသွားတယ်” ဟု သူက ပြောသည်။
စခန်းအတွင်း ထိခိုက်ပျက်စီးမှု အသေးစိတ်ကိုမူ မသိရပေ။ စစ်ကောင်စီကလည်း တိုက်ခိုက်မှုနှင့် ပတ်သက်ပြီး နှုတ်ဆိတ်နေဆဲဖြစ်သည်။
အတာသင်္ကြန်ကာလအပြီး ဧပြီ ၁၇ နောက်ပိုင်းမှစ၍ ချင်းနှင့် နယ်နိမိတ်ချင်း ဆက်စပ်နေသည့် စစ်ကိုင်းတိုင်း ကလေးမြို့မှ အင်အား ၁၀၀ နီးပါးပါ စစ်ကောင်စီ စစ်ကြောင်းက စစ်သုံးမော်တော်ယာဉ် ၄ စီးဖြင့် တီးတိန်မြို့ဘက်သို့ တက်လာသည်။
ထိုစစ်ကြောင်း ဖြတ်သန်းရာ လမ်းတစ်လျှောက်တွင် ဒေသအခြေစိုက် တော်လှန်ရေးအဖွဲ့များက စောင့်ကြိုတိုက်ခိုက်နေသဖြင့် တိုက်ပွဲဆက်တိုက်ဖြစ်နေချိန်တွင် CNA တပ်မဟာ (၄) ၏ စခန်းတစ်ခုကို စစ်ကောင်စီက လေကြောင်းမှ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
လေကြောင်းတိုက်ခိုက်သည့် နေရာအနီးကို စစ်ကောင်စီ စစ်ကြောင်း ရောက်မလာသေးကြောင်း ဆလိုင်းထက်နီကပြောသည်။
“အဲဒီအင်အားက တပ်မဟာ (၄) ခွင်ထဲကို မရောက်သေးဘူး။ တိုက်ပွဲဖြစ်တဲ့နေရာက အိန္ဒိယ-မြန်မာနယ်စပ်ကြား တီးတိန်မြို့နယ်ခွင်ထဲမှာပဲ ဖြစ်တယ်” ဟု သူက ပြောသည်။
ပြီးခဲ့သည့် မတ်လဆန်းကလည်း စစ်ကိုင်းတိုင်း ကလေးမြို့မှတစ်ဆင့် ချင်းပြည်နယ်မြို့တော် ဟားခါးသို့ ဦးတည်သည့် သံချပ်ကာ ယာဉ်နှစ်စီး၊ ကားအစီး ၃၀ ပါ စစ်ယာဉ်တန်းတစ်ခုလုံးကို CNA နှင့် ဒေသအခြေစိုက်တော်လှန်ရေးအဖွဲ့များက လမ်းတွင် တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့သည်။
ထိုသို့ မြေပြင်စစ်ရေးတွင် အရေးနိမ့်နေသဖြင့် စစ်ကောင်စီက လေတပ်ကို သုံးနေသည်ဟု ဆလိုင်းထက်နီက ယူဆသည်။
“စစ်ကောင်စီကတော့ နယ်မြေစိုးမိုးရေး အတွက် ကျွန်တော်တို့ကို ချေမှုန်းဖို့ဆိုပြီးတော့ လေကြောင်းကနေ ဖိပြီးတော့ လာတိုက်ခိုက်တာဖြစ်တယ်” ဟု သူက ပြောသည်။
ဇန်နဝါရီ ၁၀ တွင်လည်း CNA ဌာနချုပ်တည်ရှိရာ အိန္ဒိယ-မြန်မာနယ်စပ် ဝိတိုရိယစခန်းကို လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ဖူးသည်။ ထိုဖြစ်စဉ်တွင် CNA တပ်ဖွဲ့ဝင် ၅ ဦး သေဆုံးပြီး ဆေးခန်းအပါအဝင် အဆောက်အအုံအချို့ ပျက်စီးခဲ့သည်။
အာဏာသိမ်းပြီး နှစ်နှစ်ကျော်အတွင်း ဆန္ဒပြလျှင်ပင် သေနတ်ဖြင့် ပစ်သည့် စစ်ကောင်စီကို နိုင်ငံအနှံ့ ခုခံနေကြရာ ချင်းပြည်နယ်သည်လည်း အထင်အရှားပါဝင်သည်။
အမျိုးသားညီညွတ်ရေးအစိုးရနှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF တို့ကို ပံ့ပိုးနေသည့် တိုင်းရင်းသားအဖွဲ့အစည်းများကို ပြတ်ပြတ်သားသားအရေးယူသွားမည်ဟု စစ်ခေါင်းဆောင်က မတ် ၂၇ မိန့်ခွန်းတွင် ပြောထားသည်။
ထိုသို့ပြောကြားပြီးနောက် ချင်းပြည်နယ်တွင် လေကြောင်းတိုက်ခိုက်မှုများ ခပ်စိပ်စိပ်ပြုလုပ်ခဲ့ရာ မတ်လကုန်မှ ဧပြီလ တတိယပတ်အထိ သုံးပတ်တာကာလအတွင်း အရပ်သားနေထိုင်ရာ ကျေးရွာ ၃ ခုကို ပစ်မှတ်ထားလေကြောင်းတိုက်ခိုက်မှုအတွင်း ကလေးငယ် ၄ ဦးအပါအဝင် အရပ်သား ၂၁ ဦး သေဆုံးခဲ့သည်။
စစ်ကောင်စီက စစ်ကိုင်းတိုင်းကဲ့သို့ နိုင်ငံအလယ်ပိုင်းမှ ဒေသများကိုပင် လေကြောင်းမှ အဆက်မပြတ် တိုက်ခိုက်နေသည်။ စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် ပဇီကြီးကျေးရွာကို ဧပြီ ၁၁ ရက်က တိုက်လေယာဉ်၊ ရဟတ်ယာဉ်တို့ဖြင့် တိုက်ခိုက်ခဲ့ရာ ကလေး ၄၀ နီးပါး အပါအဝင် လူပေါင်း ၁၇၀ ဝန်းကျင် သေဆုံးခဲ့ရဖူးသည်။