နိုင်ငံရေးသတင်း

အီရန်အထူးတပ်ဖွဲ့ဝင်များ နေပြည်တော်ကို သုံးကြိမ်လာပြီး လျှို့ဝှက်တွေ့ဆုံခဲ့  

ချွေးထုတ်ခန်းနှင့် အရက်ဘားများရှိသော နေပြည်တော်ရှိ ဇိမ်ခံဟိုတယ်ကြီးတစ်ခုတွင် Pasdaran ခေါ် အီရန်တော်လှန်ရေးအစောင့်တပ်မှ ဒါဇင်နှင့်ချီသော အထူးတပ်ဖွဲ့များ ခြေရှုပ်ခဲ့ကာ စစ်ကောင်စီနှင့် လျှို့ဝှက်တွေ့ဆုံခဲ့သည်ဟု Intelligence Online ဆိုသောအဖွဲ့က ယနေ့ (ဧပြီ ၂၁) ထုတ်ပြန်သည်။

အီရန်အထူးတပ်ဖွဲ့ဝင်များ ရက်ပေါင်းများစွာ နေထိုင်ခဲ့သည့်နေရာမှာ ကြယ်ငါးပွင့်အဆင့်ရှိ Kempinski ဟိုတယ်ဖြစ်ပြီး အာဏာသိမ်းပြီးနောက် Jasmine ဟု အမည်ပြောင်းကာ ကမ္ဘောဇလုပ်ငန်းစုပိုင်ရှင် ဦးအောင်ကိုဝင်းနှင့် နီးစပ်သည့် လုပ်ငန်းရှင်တစ်ဦးက ဦးစီးလုပ်ကိုင်နေခြင်းဖြစ်သည်။

နေပြည်တော်ရှိ Jasmine ဟိုတယ်၌ စစ်ကောင်စီနှင့် အီရန်အထူးတပ်ဖွဲ့ဝင်များ လျှို့ဝှက်တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း ပေါက်ကြားလာသည့် စာရွက်စာတမ်းအထောက်အထားများကို အခြေခံ၍ Intelligence Online အဖွဲ့က ထုတ်ဖော်ပြောဆိုခြင်းဖြစ်သည်။​

စစ်ထောက်လှမ်းရေးနှင့် သမားရိုးကျမဟုတ်သော စစ်ဆင်ရေးများကို တာဝန်ယူထားသည့် အီရန်မှ Quds Force အဖွဲ့ဝင်များသည် ဟိုတယ်အတွင်း ဇိမ်ခံအနားယူရင်း ရက်ပေါင်းများစွာ နေထိုင်ခဲ့သည်ဟု ဆိုသည်။

အစ္စမေးလ်ကာနီ (Ismail Qaani) ဆိုသူ ဦးဆောင်နေသည့် အီရန်အထူးတပ်ဖွဲ့မှ ကိုယ်စားလှယ်များသည် နေပြည်တော်ရှိ  Jasmine ဟိုတယ်၌ ၂၀၂၂ ခုနှစ် အစောပိုင်းက ရက်သတ္တပတ် ၆ ပတ်ကြာ နေထိုင်ခဲ့သည်။ Ismail Qaani သည် အမေရီကန်၏ လုပ်ကြံသတ်ဖြတ်ခဲ့သော အီရန်ထိပ်တန်းစစ်ဗိုလ်ချုပ် Qassem Suleimani ၏နေရာကို ဆက်ခံခဲ့သူဖြစ်သည်။ 

Ismail Qaani တပည့်များ နေပြည်တော်တွင် ခြေရှုပ်နေချိန်သည် အာဏာရှင်စနစ်အောက် တစ်ကျော့ပြန် သက်ဆင်းသွားသော မြန်မာပြည်သည် နိုင်ငံတကာစီးပွားရေးပိတ်ဆို့မှုများခံထားရသည့် အီရန်ကဲ့သို့သော နိုင်ငံများ အာရှတွင် ခြေကုပ်ယူရန် နောက်ဖေးတစ်ခါးပေါက် နိုင်ငံတကာဖြစ်လာမည်လားဟု ကမ္ဘာ့အသိုင်းအဝန်းတွင် စိုးရိမ်ပူပန်မှုများဖြစ်နေချိန်ဖြစ်သည်။

အီရန်လေယာဉ်များ နေပြည်တော်ဆိုက်ရောက်

နေပြည်တော်သို့ အီရန်အထူးတပ်ဖွဲ့ဝင်များ သုံးကြိမ်တိုင် လျှို့ဝှက်လာရောက်တွေ့ဆုံခဲ့သည်ဟု Intelligence Online အဖွဲ့က ထုတ်ပြန်သည်။​

အီရန်နိုင်ငံမှ ကုန်တင်လေယာဉ်တစ်စင်းသည် မြန်မာနိုင်ငံသို့ ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၃၀ ရက်နေ့တွင် ဆိုက်ရောက်ခဲ့သည်။ ထိုလေယာဉ်ပေါ်တွင် အီရန်အထူးတပ်ဖွဲ့မှ အင်တာနက်ဖောက်ထွင်းဝိဇ္ဇာနှင့် ထောက်လှမ်းရေးလုပ်ငန်းများအတွက် အထူးလေ့ကျင့်ထားသူ Ahmad Pakdaman ဆိုသူလည်း ပါရှိခဲ့သည်။ 

၎င်းနှင့်အတူ အီရန်နိုင်ငံ ထိပ်တန်းအင်တာနက်ဆော့ဝဲလ်ကုမ္ပဏီ System Group ကို ယခင်ဦးဆောင်နေသူတစ်ဦးနှင့် စက်မှုပိုင်းဆိုင်ရာကျွမ်းကျင်သူ အင်ဂျင်နီယာတစ်ဦးလည်း လိုက်ပါလာသည်။ ၎င်းတို့သည် Jasmine ဟိုတယ်တွင် တည်းခဲ့ကြပြီး တွဲလျက်ရှိ Yangon Kitchen စားသောက်ဆိုင်တွင် ညစာစားကြသည်ဟု သိရသည်။

၂၀၂၂ ဇန်နဝါရီ ၁၂ ရက်တွင် အီရန်မှ ဒုတိယကုန်တင်လေယာဉ်တစ်စင်း ဆိုက်လာပြန်သည်။ ထိုလေယာဉ်ပေါ်တွင် အီရန်နိုင်ငံ၏ ကုန်တင်လေကြောင်းလိုင်းဖြစ်သော Fars Air Qeshm လေကြောင်းလိုင်း၏ အမှုဆောင်အကြီးအကဲ Gholamreza Ghasemi လည်း ပါရှိသည်။ ထို့ပြင် ထိုလေကြောင်းလိုင်း၏ ဒုတိယအကြီးအကဲ Saeid Valizadeh၊ အီရန်ငွေကြေးကုမ္ပဏီ Mofid Securities မှ ကိုယ်စားလှယ်တစ်ဦး၊ စွမ်းအင်ဆိုင်ရာ ဆောက်လုပ်ရေးလုပ်ငန်းများတွင် ကျွမ်းကျင်သူတစ်ဦး၊ မိုက်ကရိုအီလက်ထရောနစ် အင်ဂျင်နီယာတစ်ဦးလည်း ထိုအဖွဲ့တွင် ပါရှိသည်။

ထိုအဖွဲ့တစ်ခုလုံးသည် Jasmine ဟိုတယ်၌ပင် တည်းခိုခဲ့ကြသည်။ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလအတွင်း အီရန်မှ တတိယအဖွဲ့တစ်ခု လာရောက်ခဲ့ပြန်သည်။ နေပြည်တော်ရောက်လာသည့် တတိယမြောက် ထိုအဖွဲ့တွင် ၁၂ ဦးအထိ ပါဝင်ပြီး အီလက်ထရောနစ်နည်းပညာအင်ဂျင်နီယာတစ်ဦး၊ စက်ရုပ်တီထွင်သူပညာရှင်တစ်ဦးလည်း ပါရှိသည်။ 

နေပြည်တော်သို့ အီရန်လေယာဉ်များ အကြိမ်ကြိမ် ဆိုက်ရောက်နေခြင်းအပေါ် အာဏာသိမ်းစစ်ကောင်စီနှင့် အီရန်အာဏာပိုင်များက တစ်စွန်းတစ်စပင် ထုတ်ဖော်ပြောဆိုခြင်း မရှိပေ။​

အီရန်မှ အထူးဧည့်သည်များ လျှို့ဝှက်တည်းခိုခဲ့ခြင်းအပေါ် နေပြည်တော်ရှိ Jasmine ဟိုတယ်ကို ဆက်သွယ်မေးမြန်းရာတွင် နိုင်ငံခြားဧည့်သည်များနှင့် ပတ်သက်၍ ထုတ်ဖော်ပြောဆိုနိုင်ခြင်း မရှိကြောင်း၊ နိုင်ငံတော်အဆင့် သို့မဟုတ် ရဲတပ်ဖွဲ့က တောင်းဆိုလျှင်ပင် စာထွက်ပေးရသည်ဟု ဟိုတယ်မန်နေဂျာဖြစ်သူက ဖြေဆိုသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက် ဆွစ်ဇာလန်နိုင်ငံအခြေစိုက် ကမ္ဘာ့ထိပ်တန်း ဟိုတယ်လုပ်ငန်းစုဖြစ်သော Kempinski မြန်မာနိုင်ငံမှ ထွက်ခွာမည်ဖြစ်ကြောင်း ကြေညာကာ ၂၀၂၁ ခုနှစ် အောက်တိုဘာလတွင် နေပြည်တော်ရှိ ကြယ်ငါးပွင့်အဆင့်ရှိ ဟိုတယ်လုပ်ငန်းကို ရပ်ဆိုင်းခဲ့သည်။

ထို့နောက် ၂၀၂၂ ခုနှစ် ဒီဇင်ဘာလတွင် Jasmine ဟိုတယ်ဟု အမည်ပြောင်းခဲ့ခြင်းဖြစ်ကြောင်း၊ လက်ရှိတွင် ဟိုတယ်၌ နိုင်ငံခြားဧည့်သည်အချို့ရှိနေပြီး ဟိုတယ်တည်းခိုခဈေးမှုန်း အနိမ့်ဆုံး အမေရိကန်ဒေါ်လာ ၆၈ မှ ဒေါ်လာ ၈၅၀ အထိရှိသည်ဟု အခြားဟိုတယ်ဝန်ထမ်းတစ်ဦးထံမှ သိရသည်။ 

ကမ္ဘောဇလုပ်ငန်းစုနှင့် နီးစပ်သူတစ်ဦး ဦးစီးလုပ်ကိုင်နေခြင်းဖြစ်ကာ နေပြည်တော်ရှိ Jasmine ဟိုတယ်အပြင် ရန်ကုန်၊ တောင်ကြီးနှင့် ရခိုင်ပြည်နယ်တောင်ပိုင်းရှိ နာမည်ကျော် ငပလီကမ်းခြေ၌လည်း Jasmine အမည်ဖြင့် ဟိုတယ်များရှိသည်ဟု ထိုဝန်ထမ်းထံမှ သိရသည်။ 

ယခုနှစ် ဇန်နဝါရီလအတွင်း ရခိုင်ပြည်နယ်တောင်ပိုင်းသို့ ရောက်လာသည့် ထိုင်းစစ်ဦးစီးချုပ်ကို အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်က ငပလီကမ်းခြေရှိ Jasmine ဟိုတယ်၌ လက်ခံတွေ့ဆုံခဲ့ကာ နှစ်ဖက်တွေ့ဆုံပွဲများကိုလည်း ထိုနေရာ၌ပင် ပြုလုပ်ခဲ့သည်။

Show More

Related Articles

Back to top button