
မြန်မာနိုင်ငံသို့ အီရန်လေယာဉ်များ ဆင်းသက်နေခြင်းမှာ လူ့အခွင့်အရေးချိုးဖောက်မှုများကြောင့် နိုင်ငံတကာက လက်နက်ရောင်းချမှု ပိတ်ပင်ခံထားသည့် မြန်မာစစ်တပ်ကို အီရန်လက်နက်များ ရောင်းချခြင်းအပါအဝင် စစ်တပ်ချင်း လျှို့ဝှက်ပူးပေါင်းဆောင်ရွက်နေသည်ဟူသော ထင်ကြေးများ မြင့်တက်နေသည်ဟု Asia Times မဂ္ဂဇင်း၏ သတင်းက ဆိုသည်။
အီရန်ကိုယ်စားလှယ်အဖွဲ့ မြန်မာနိုင်ငံသို့ ဇန်နဝါရီ ၁၃ တွင် ရောက်ရှိခဲ့ရာ စစ်အာဏာသိမ်းပြီးနောက် ဒုတိယ သို့မဟုတ် တတိယအကြိမ်မြောက်ဖြစ်ကြောင်း ဒေသတွင်းသံတမန်များကို ကိုးကား၍ Asia Times မဂ္ဂဇင်းက ယနေ့ (ဇန်နဝါရီ ၂၀) တွင် ရေးသားသည်။
အီရန်က အာဏာရှင်နိုင်ငံအချို့ကို စစ်လက်နက်ပစ္စည်းများ ထောက်ပံ့ပေးနေသည်ဟူသော စွပ်စွဲချက်များ ရှိလင့်ကစား မြန်မာနိုင်ငံနှင့် ဆက်ဆံရေး ရှိမရှိကိုမူ မသိရပေ။ မြန်မာစစ်တပ်အနေဖြင့် အိန္ဒိယအပါအဝင် ရုရှား၊ တရုတ်နိုင်ငံတို့ထံမှ လက်နက်များကို အဓိက အားထားနေရသည်။
ထို့ပြင် မြန်မာစစ်တပ်က ရိုဟင်ဂျာလူနည်းစုအပေါ် အကြမ်းဖက်မှုများ ရပ်တန့်နိုင်ရေးအတွက် မွတ်စလင်နိုင်ငံများမှ စစ်တပ်များ ပူးပေါင်းဆောင်ရွက်ရန် ၂၀၁၇ ခုနှစ်အတွင်း အီရန်လွှတ်တော် ဒုတိယအကြီးအကဲက တောင်းဆိုခဲ့ဖူးသည်။
လေကြောင်းပျံသန်းမှု မှတ်တမ်းများအရ အီရန်ပိုင် Qeshm Fars ကုန်တင်လေကြောင်းလိုင်းမှ လေယာဉ်တစ်စီး နေပြည်တော်သို့ လွန်ခဲ့သည့် ကြာသပတေးနေ့ (ဇန်နဝါရီ ၁၃) က ပျံသန်းခဲ့ပြီး နောက်တစ်ရက်တွင် အီရန်သို့ ပြန်လည်ထွက်ခွာသွားခဲ့သည်။
“ဒါက အီရန်လေယာဉ်ပျံသန်းမှုကို ဒုတိယအကြိမ်မြောက် သတိထားမိတာပါ။။ စစ်ဘက်နည်းပညာနဲ့ ပတ်သက်တဲ့ ဆက်သွယ်မှုလို့ပဲ နားလည်ပါတယ်” ဟု အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က Asia Times မဂ္ဂဇင်းကို ပြောသည်။
“မြန်မာစစ်တပ်နဲ့ အီရန်နိုင်ငံလို နိုင်ငံကြား စစ်ဘက်ဆိုင်ရာ ပတ်သက်ဆက်နွှယ်နေတာဟာ မြန်မာလူထုအပေါ် ရက်စက်ကြမ်းကြုတ်မှုအတွက်သာမက လုံခြုံရေးရှုထောင့်အရ ဒေသတွင်းနဲ့ နိုင်ငံတကာအတွက်ပါ စိုးရိမ်စရာအခြေအနေ ဖြစ်ပါတယ်” ဟု ဒေါ်ဇင်မာအောင်က ဆိုသည်။
ဆီးရီးယားပြည်တွင်းစစ်တွင် အီရန်က ၎င်းတို့ကျောထောက်နောက်ခံပေးထားသော စစ်သွေးကြွအုပ်စုများထံ လက်နက်များ တင်ပို့ပေးနေသည်ဟူသော စွပ်စွဲချက်ချက်ဖြင့် အမေရိကန်က Qeshm Fars လေကြောင်းလိုင်းကို ၂၀၁၉ ခုနှစ်တွင် ဒဏ်ခတ်အရေးယူခဲ့သည်။
လေကြောင်းပျံသန်းမှု မှတ်တမ်းများအရ အီရန်နိုင်ငံမှ Qeshm Fars လေကြောင်းလိုင်းပိုင် ‘EP-FAA’ ဟု မှတ်ပုံတင်ထားသည့် လေယာဉ်တစ်စင်းသည် ပြီးခဲ့သည့်သီတင်းပတ်က မြန်မာနိုင်ငံသို့ ပျံသန်းခဲ့သည်။
နေပြည်တော်သို့ အီရန်လေယာဉ်များ ဆိုက်ရောက်နေခြင်းနှင့် ပတ်သက်၍ အာဏာသိမ်းစစ်ကောင်စီနှင့် အီရန်အာဏာပိုင်များက တစ်စုံတစ်ရာ သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။ ထို့အတူ အီရန်မီဒီယာများတွင်လည်း မတွေ့ရှိရပေ။
သို့သော် မြန်မာနိုင်ငံသို့ လအတန်ကြာက သွားရောက်ခဲ့သူများအပါအဝင် ပြီးခဲ့သည့်သီတင်းပတ်က သွားရောက်သည့် အီရန်ကိုယ်စားလှယ်အဖွဲ့၏ အမည်စာရင်းကို တွေ့ရှိထားသည်ဟု Asia Times က ရေးသားသည်။
အမည်မဖော်လိုသူ အီရန်ရေးရာ ကျွမ်းကျင်သူတစ်ဦး၏ အဆိုအရ အဆိုပါစာရင်းတွင် ပါဝင်သူများမှာ အီရန်တော်လှန်ရေးအစောင့်တပ်အပါအဝင် စစ်တပ်နှင့် ဆက်နွှယ်သူများဖြစ်သည်ဟု ဆိုသည်။
နေပြည်တော်သို့ ပျံသန်းနေသည့် အီရန်လေယာဉ်များနှင့် ပတ်သက်၍ စောင့်ကြည့်လေ့လာသူများ၏ အဆိုအရ တီဟီရန်အနေဖြင့် မြန်မာစစ်အုပ်စုကို ပဲ့ထိန်းဒုံးများရောင်းချရေး ကမ်းလှမ်းနေခြင်းဖြစ်နိုင်ပြီး ထိုသို့ဆိုပါက အိမ်နီးချင်းနိုင်ငံများဖြစ်သည့် ထိုင်းနှင့် အိန္ဒိယတို့ကို မျက်ခုံးလှုပ်စေမည်ဟု ဆိုသည်။
လတ်တလောတွင် အာဏာသိမ်းစစ်ကောင်စီက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းအချို့အပါအဝင် ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ် (PDF) များကို လေကြောင်းတိုက်ခိုက်မှုများဖြင့်ပါ အပြင်းအထန် နှိမ်နင်းလျက်ရှိသည်။
တိုင်းရင်းသားလက်နက်ကိုင်များကိုသာ အားကိုးနေရသည့် တော်လှန်ရေးအဖွဲ့များကို အနောက်နိုင်ငံများက လက်နက်ထောက်ပံ့ပေးသင့်ကြောင်း တောင်းဆိုမှုများလည်း ရှိနေသည်ဟု Asia Times သတင်းက ဆိုသည်။
(ကိုးကား – Asia Times)
(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။