သတင်း

တောင်ပိုင်းရှမ်းတပ်နှင့် တပ်မတော်တိုက်ပွဲဖြစ်၍ လူ ၂၀၀ ကျော် ထပ်မံစစ်ဘေးရှောင်

တပ်မတော်နှင့် သျှမ်းပြည်တပ်မတော်တောင်ပိုင်း တိုက်ပွဲများကြောင့် လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်မှ ဒေသခံ ၂၆၀ ကျော် နီးစပ်ရာ ဘုန်းကြီးကျောင်းနှစ်ကျောင်းသို့ ထပ်မံထွက်ပြေးတိမ်းနေကြသည်ဟု ၎င်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းပန်ကပြောသည်။

တပ်မတော်နှင့် RCSS/SSA (သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/သျှမ်းပြည်တပ်မတော်) တို့ တိုက်ပွဲများမှာ ဖေဖော်ဝါရီ ၂၇ တွင် စတင်ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း၊ နောက်တစ်နေ့တွင် ဒေသခံများ စစ်ဘေးရှောင်ခဲ့ပြီး မတ် ၁ တွင် နေရပ်ပြန်ခဲ့ကြသော်လည်း တိုက်ပွဲများ ပြန်လည်ဖြစ်ပွား၍ နောက်တစ်နေ့တွင် ထပ်မံစစ်ဘေးရှောင်ခဲ့ကြခြင်းဖြစ်ကြောင်း ဒေသခံများကဆိုသည်။

“ဘယ်သူပစ်တယ်လို့တော့ ပြောရခက်တာပေါ့ဗျာ။ အခုအထိ ရွာတွေထဲမှာ မကွဲဘဲကျန်နေတဲ့ လက်နက်ကြီးကျည်ဆန်တွေ ရှိသေးတယ်။ ပစ်တာက တစ်လုံးတည်းမဟုတ်ဘူးလေ။ အများကြီးဆိုတော့ လက်နက်ကြီးတွေရော လက်နက်ငယ်တွေရော” ဟု ဦးစိုင်းပန်ကပြောသည်။

ယနေ့မနက်ပိုင်း ၁၁ နာရီခန့်တွင်လည်း တပ်မတော်နှင့် RCSSတို့ ဟမ်းငိုင်းကျေးရွာမှ တစ်မိုင်ခန့်အကွာ ကျေးသီး-မိုင်းနောင်သွား ကားလမ်းဘေးရှိ ဟိုဖိုင်ကျေးရွာ အနီးတွင် ၄၅ မိနစ်ခန့်အကြာ တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ၎င်းကဆိုသည်။

တပ်မတော်က နယ်မြေရှင်းလင်းရေးလုပ်ရန်ဆိုကာ မတ် ၁ မှစ၍ ကျေးသီး-မိုင်းနောင်သွား ကားလမ်းကို ကျေးသီးမြို့အထွက် အမှတ် ၁၃၁ ခြေလျင်တပ်ရင်း (ခလရ) အရှေ့မှစ၍ မိုင်းနောင်မြို့အနီးရှိ မိုင်းနောင်-လဲချားလမ်းဆုံ ခလရ-၉ တပ်စခန်းအထိ ပိတ်ထားကြောင်း ဒေသခံများကဆိုသည်။

ဟမ်းငိုင်းကျေးရွာအုပ်စုတွင် ကျေးရွာပေါင်း ၁၉ ရွာရှိပြီး ဖားစာ၊ ကုန်းညောင်၊ စံပေါင်နှင့် ဟိုဖိုင်ကျေးရွာများမှ အသက်ငါးနှစ်အောက် ကလေးအပါအဝင် ဒေသခံရွာသား ၂၆၀ ကျော်သည် ကုံးစုံ နှင့် လွယ်စက်ဘုန်းကြီးကျောင်းတို့တွင် စစ်ဘေးတိမ်းရှောင်နေပြီး စားဝတ်နေရေးအတွက် ဘုန်းကြီးကျောင်းက တာဝန်ယူဖြေရှင်းပေးနေသည်ဟု စစ်ဘေးရှောင်များကို သွားရောက်တွေ့ဆုံခဲ့သည့် ဦးစိုင်းပန်ကပြောသည်။

တိုက်ပွဲဖြစ်ပွားရသည့် အကြောင်းရင်းကို ၂၀၂၀ မတ် ၁ နေ့စွဲဖြင့် တပ်မတော်က သတင်းထုတ်ပြန်ရာ RCSS အနေဖြင့် နယ်မြေကျူးကျော်နေခြင်း၊ ယင်းနယ်မြေအတွင်း မူးယစ်ဆေးဝါးသတင်းအရ တပ်ကဝင်ရှင်းရာ RCSS က စတင်ပစ်ခတ်ခြင်း၊ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး (NCA) စာချုပ်တွင်ပါဝင်သော စစ်ဘက်ဆိုင်ရာ ကျင့်ဝတ်စည်းကမ်းများကို ဖောက်ဖျက်ခြင်း စသည့်အကြောင်းများကြောင့်ဟု ဖော်ပြထားသည်။

သို့သော် RCSS မှ ဒုတိယ ဗိုလ်မှူးကြီး အုမ်ခေးကမူ တပ်မတော်ထုတ်ပြန်ချက်တွင် ပါရှိသော စွပ်စွဲချက်များမှာ မဟုတ်မှန်ကြောင်း ငြင်းပယ်ခဲ့သည်။

“ကျွန်တော်တို့အဖွဲ့က မူးယစ်ဆေးဝါးတိုက်ဖျက်တဲ့အဖွဲ့လေ။ မူးယစ်ဆေးတွေ အခါခါဖမ်းပြီးတော့ တပ်မတော်ကို အကြိမ်ကြိမ်လွှဲအပ်ခဲ့တာ သက်သေအများကြီးရှိတယ်။ အခုဟာက တမင်သက်သက်ဆွဲထည့်တဲ့ပုံစံမျိုး။ အဲ့ဒီလိုမျိုး လုပ်မယ်လို့ လုံးဝမထင်မှတ်ထားဘူး”ဟု ၎င်းကပြောသည်။

ယခုတိုက်ပွဲတွင် တပ်မတော်ရော RCSS ပါ ထိခိုက်ဒဏ်ရာရမှုများ ရှိခဲ့သည်ဟု RCSS ဒုတိယ ဗိုလ်မှူးကြီး အုမ်ခေးကပြောသည်။ တပ်မတော်သတင်းထုတ်ပြန်ချက်တွင်လည်း အရာရှိ၊ စစ်သည်အချို့ ကျဆုံး၊ ဒဏ်ရာရသည်ဟု ဖော်ပြထားပြီး အရေအတွက်ကို မဖော်ပြထားပေ။ 

ယနေ့ဖြစ်ပွားခဲ့သော တိုက်ပွဲနှင့်ပတ်သက်ပြီး တပ်မတော်သတင်းမှန်ပြန်ကြားရေးမှ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းနှင့် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်မှ ဗိုလ်မှူးကြီး ခင်မောင်ဝင်းထံ ဖုန်းဖြင့်ဆယ်ကြိမ်ခန့် ဆက်သွယ်ခဲ့ရာ ဖုန်းဝင်သော်လည်း ဖုန်းလက်ခံဖြေကြားခြင်းမရှိပေ။

Show More

Related Articles

Back to top button