သတင်း

သန်လျင်ပစ်ခတ်မှုတွင် ဒုဗိုလ်မှူးကြီးဟောင်း သေဆုံး၊ ညီဖြစ်သူ လေတပ်အရာရှိ လွတ်မြောက်

ရန်ကုန်တိုင်း၊ သန်လျင်မြို့တွင် ယနေ့ (ဧပြီ ၁၈) နံနက်ပိုင်းက ဖြစ်ပွားသည့် ပစ်ခတ်မှုအတွင်း လူသုံးဦး သေဆုံးရာ၌ ဒုတိယဗိုလ်မှူးကြီးအဆင့်ရှိ အငြိမ်းစားစစ်တပ်အရာရှိလည်း ပါဝင်ပြီး ၎င်း၏ ညီဖြစ်သူ လေတပ်အရာရှိ လွတ်မြောက်သွားသည်။

သန်လျင်မြို့၊ ထန်းပင်ကုန်းရပ်ကွက်ရှိ အိမ်နံပတ် (၃၆) တွင် ရှိနေစဉ် သေနတ်ဖြင့် ပစ်ခတ်လုပ်ကြံခံရသူ သုံးဦးမှာ အသက် ၄၈ နှစ်အရွယ် ဦးအောင်ညီထွန်း၊ ၅၃ နှစ်အရွယ် ဦးအောင်မျိုးဆွေနှင့် ၅၈ နှစ်အရွယ် ဦးခင်မောင်သိန်းတို့ဖြစ်ကြောင်း၊ ၎င်းတို့သုံးဦးလုံးမှာ ဆွေမျိုးတော်စပ်သူများဖြစ်ကြောင်း သိရသည်။ 

ဦးအောင်ညီထွန်းသည် ဒုတိယဗိုလ်မှူးကြီးအဆင့်ဖြင့် ကြည်းတပ်မှ အငြိမ်းစားယူထားသူဖြစ်ကာ ၎င်း၏ ညီအရင်းဖြစ်သူ ကျော်စွာထွန်းသည် လေတပ်တွင် လက်ရှိတာဝန်ထမ်းဆောင်ဆဲ အရာရှိတစ်ဦး ဖြစ်သည်ဟု သိရှိရသည်။ 

ကျော်စွာထွန်းမှာ ၎င်း၏ အစ်ကိုဖြစ်သူနှင့်အတူ ခြံဝင်းတစ်ဝင်းထဲတွင် အတူနေထိုင်သော်လည်း လုပ်ကြံခံရသည့်အချိန်တွင် အိမ်တွင်မရှိကြောင်း လုပ်ကြံခံရသူ ဦးအောင်မျိုးဆွေ၏ သားတစ်ဦးက Myanmar Now ကို ပြောဆိုသည်။ 

အမည်မဖော်လိုသူ ထိုသားဖြစ်သူက ဒုဗိုလ်မှူးကြီးဟောင်း အောင်ညီထွန်းမှာ ကျန်းမာရေးမကောင်းသဖြင့် တပ်မှ အငြိမ်းစားယူထားသည်မှာ ၇ နှစ်ရှိပြီဖြစ်ကြောင်း၊ ၎င်း၏ ဖခင်သည် ဆောက်လုပ်ရေးကန်ထရိုက်တာတစ်ဦးဖြစ်ပြီး ဦးခင်မောင်သိန်းမှာမူ အထက်တန်းကျောင်းတစ်ခုမှ သာမန်ဝန်ထမ်းတစ်ဦးဖြစ်ကြောင်း ပြောဆိုသည်။ 

“သူတို့သုံးယောက်က အဲဒီခြံရှေ့မှာပဲ နေ့တိုင်းညတိုင်း အမျိုးတွေဆုံပြီး စကားပြောနေကျ။ အခုဖြစ်သွားတဲ့ကိစ္စက လူမှားပြီးဖြစ်သွားတာပါဗျ။ သူတို့မှာ ဘာအပြစ်မှ မရှိပါဘူး” ဟု အထက်ပါ မိသားစုဝင်က ပြောသည်။ ပစ်ခတ်မှုဖြစ်သည့်အချိန်တွင် ၎င်းသည် အခင်းဖြစ်ရာအနီးတွင် ရှိနေသော်လည်း သေနတ်သံကြားသဖြင့် ထွက်ကြည့်ရာ ၎င်း၏ ဖခင်အပါအဝင် သုံးဦးလုံး လဲကျနေပြီဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။ 

ဒုဗိုလ်မှူးကြီးဟောင်း ဦးအောင်ညီထွန်းနှင့် လေတပ်အရာရှိ ကျော်စွာထွန်းတို့သည် ညီအစ်ကိုအရင်းဖြစ်ကာ ဦးအောင်မျိုးဆွေနှင့် ဦးအောင်ညီထွန်းသည် သမီးယောက်ဖတော်စပ်ကြသည်။ 

လုပ်ကြံတိုက်ခိုက်မှုကို ရန်ကုန်ရှိ မြို့ပြပြောက်ကျားအဖွဲ့တစ်ခုက လုပ်ဆောင်ခဲ့ကြောင်း​၊ ကျော်စွာထွန်းမှာ ရန်ကုန်ရှိ မင်္ဂလာဒုံလေတပ်မှ စစ်လက်နက်ပစ္စည်းထောက်ပံ့ရေးတပ် (လပစ) မှ တပ်မှူးအဆင့်ရှိ ဌာနခွဲမှူးဖြစ်ကြောင်း မြို့ပြပြောက်ကျားအဖွဲ့နှင့် နီးစပ်သူတစ်ဦးက ပြောသည်။

“ကျော်စွာထွန်းက လေယာဉ်မောင်းတဲ့အရာရှိတော့ မဟုတ်ဘူးဗျ။ သူလည်း နေမကောင်းဘူး။ တပ်က ပေးမထွက်လို့သာ မထွက်ရတာ။ ကျွန်တော်တို့က တပ်မိသားစုဆိုပေမဲ့ဗျာ တပ်ကို လုံးဝကြီး ထောက်ခံနေတာမျိုးလည်း မရှိဘူးဗျာ။ သတင်းပေးတွေ ဘာတွေလည်း ကျွန်တော်တို့ မလုပ်ပါဘူး” ဟု သေဆုံးသူ ဦးအောင်မျိုးဆွေ၏ သားဖြစ်သူက ဆိုသည်။ 

“စကားပြောနေတုန်း ရောက်လာပြီး သေနတ်နဲ့ အချက်ပေါင်းများစွာ ပစ်သွားတာ၊ ဆိုင်ကယ်နဲ့ ထွက်သွားတယ်လို့ ကြားတယ်။ သေချာတော့ မသိဘူးဗျ။ ကျွန်တော်က ခြံဝိုင်းထဲမှာ ရှိနေတယ်။ ဒါပေမဲ့ ပစ်သွားတဲ့လူကိုကျတော့ မမြင်လိုက်ဘူး” ဟု အထက်ပါ မိသားစုဝင်က ပြောသည်။  

အခြားသတင်းရင်းမြစ်တစ်ခုကမူ ဆိုင်ကယ်ဖြင့် ရောက်လာသည့် လူနှစ်ဦးက ပစ္စတိုသေနတ်ဖြင့် ပစ်ခတ်ခြင်းဖြစ်ကြောင်း၊ သုံးဦးစလုံး ဒဏ်ရာအပြင်းအထန်ရရှိပြီးနောက် သန်လျင်ပြည်သူ့ဆေးရုံအရောက် သေဆုံးသွားကြောင်း ဆိုသည်။ 

ယနေ့ပစ်ခတ်မှုဖြစ်ပြီးနောက် စစ်ကောင်စီတပ်က သန်လျင်မြို့ကို ပိတ်ဆို့စစ်ဆေးနေသည်ဟု သိရသည်။ လုပ်ကြံခံရသူ သုံးဦး၏ ရုပ်အလောင်းများကို ရင်ခွဲရုံသို့ သယ်ဆောင်သွားပြီး ဧပြီ ၂၀ ရက်တွင် နာရေးပြုလုပ်ရန် ခန့်မှန်းထားသည်ဟု ဦးအောင်မျိုးဆွေ၏ မိသားစုဝင်က ဆိုသည်။

အငြိမ်းစားစစ်တပ်အရာရှိများ နေထိုင်လေ့ရှိရာ မြို့နယ်တစ်ခုဖြစ်သော ရန်ကုန်နှင့် အနီးဆုံး သန်လျင်မြို့တွင် ပြီးခဲ့သည့် မတ်လအတွင်းကလည်း စစ်ကောင်စီအတွက် အလုပ်လုပ်ပေးနေသူ အကျိုးဆောင်ရှေ့နေတစ်ဦးဖြစ်သည့် မင်းတေဇညွန့်တင်ဆိုသူ လုပ်ကြံသတ်ဖြတ်ခံရသည်။

သန်လျင်မြို့တွင် ယနေ့ပစ်ခတ်လုပ်ကြံမှုနှင့် ပတ်သက်၍ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးသည့်နည်းတူ စစ်ကောင်စီကလည်း တစ်စုံတစ်ရာ ထုတ်ဖော်ပြောဆိုခြင်း မရှိသေးပေ။

စစ်ကောင်စီက လေကြောင်းအသုံးပြု၍ လက်နက်ကိုင်ခုခံတော်လှန်သူများကို ဖြိုခွင်းနေပြီး အရပ်သားများကိုပါ ပစ်ခတ်သတ်ဖြတ်နေရာ လေတပ်အရာရှိများနှင့် လေတပ်အခြေခံအဆောက်အအုံများကို ပစ်မှတ်ထားတိုက်ခိုက်ရန် လှုံ့ဆော်မှုများလည်း ကျယ်ကျယ်ပြန့်ပြန့်ရှိနေသည်။

ယခုလဆန်းပိုင်းက စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် ပဇီကြီးရွာ၌ လူစုလူဝေးပြုလုပ်နေစဉ် စစ်ကောင်စီက တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်သည့်အပြင် ရဟတ်ယာဉ်ဖြင့်ပါ အနီးကပ် ပစ်ခတ်ခဲ့သည်။ ထို့ပြင် ညနေပိုင်းတွင် အလောင်းကောက်နေသူများကို ထပ်မံဗုံးကြဲတိုက်ခိုက်သည်။ 

ထိုသို့တိုက်ခိုက်ခံရသဖြင့် ပဇီကြီးရွာဖြစ်စဉ်၌ ကလေးငယ်များအပါအဝင် လူပေါင်း ၁၇၀ ကျော် သေဆုံးခဲ့ရပြီး စစ်ကောင်စီ၏ လူမဆန်သော ထိုလုပ်ရပ်အပေါ် နိုင်ငံတကာအသိုင်းအဝိုင်းက အပြင်းအထန်ရှုတ်ချထားသည်။ စစ်ကောင်စီသည် ယခင်ကလည်း အရပ်သားပြည်သူများကို လေကြောင်းအသုံးပြု တိုက်ခိုက်မှုများ ပြုလုပ်ဖူးသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Related Articles

Back to top button