
ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် ဝါလုရွာနေ အမျိုးသားသုံးဦးနှင့် အမျိုးသမီးတစ်ဦးကို အဆိုပါ ဒေသတွင်းအခြေစိုက်သည့် တိုင်းရင်းသားလက်နက်ကိုင်တစ်ဖွဲ့က ဖေဖော်ဝါရီ ၂၄ ရက်နေ့တွင် ဖမ်းဆီး ခေါ်ဆောင်သွားသည်ဟု သတင်းရရှိသည်။
ဖမ်းဆီးခံရသူများမှာ ဦးအုတ်ရှီလင် (အသက် ၇၆ နှစ်)၊ ဦးကျင်ယိုးပေါင်း (၇၄ နှစ်)၊ ဦးကျုံမင်ဖူ (၄၁ နှစ်) နှင့် ဒေါ်ကျင်လိုင်ရွှင် (၃၁ နှစ်) တို့ဖြစ်ပြီး ၎င်းတို့ကို ဖေဖော်ဝါရီ ၂၄ ရက် ည ၁၂ နာရီခန့်က လက်နက်ကိုင်တပ်ဖွဲ့ဝင် တချို့က တစ်စုံတစ်ရာအကြောင်းပြချက်မပေးဘဲ ဖမ်းဆီးသွားခြင်းဖြစ်သည်ဟု နမ့်ခမ်းမြို့နယ် ပန်ဆေးဒေသအခြေစိုက် ‘ခိုလုံလီရှောလူငယ်အဖွဲ့’က ပြောသည်။
ဖမ်းဆီးခေါ်ဆောင်သွားသူများမှာ ရှမ်းမြောက်ဒေသတွင် စစ်ရေးလှုပ်ရှားနေသည့် တအားင် လွတ်မြောက်ရေးတပ် (TNLA) တပ်ဖွဲ့ဝင်များဖြစ်သည်ဟု အဆိုပါအဖွဲ့က ဆိုသော်လည်း Myanmar Now အနေဖြင့် သီးခြားအတည်မပြုနိုင်ပါ။ TNLA အဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ မိုင်းအိုက်ကျော်ကမူ ဖြစ်စဉ်အတိအကျကို မသိသေးဟုသာ ပြောသည်။
“သူတို့ (TNLA) က လယ်ကွက်ထဲကနေ တက်လာပြီး ရွာနားက နီးစပ်တဲ့ အိမ်သုံးအိမ်ကိုဝင်လိုက်ပြီး တွေ့တဲ့သူကိုခေါ်သွားတာ” ဟု မျက်မြင်သက်သေများနှင့် အဆက်အသွယ်ရခဲ့သည့် အဆိုပါအဖွဲ့၏ ပြန်ကြားရေးတာဝန်ခံ မသိမ့်က ပြောသည်။
ထို့အပြင် အဆိုပါအိမ်များမှ ငွေကြေးတချို့နှင့် ရွာထဲမှ ကြက်များကိုလည်း TNLA က ယူဆောင်သွားသည့်အတွက် ရွာခံများက မကျေမနပ်ဖြစ်နေကြသည်ဟုလည်း ၎င်းက ဆက်လက်ပြောသည်။
ဝါလုရွာမှာ အိမ်ခြေ ၂၀ နှင့် လူဦးရေ ၅၀ ခန့်ရှိကာ ခိုလုံလီရှောတိုင်းရင်းသားများသာ နေထိုင်သည့်ရွာဖြစ်သည်ဟု မသိမ့်ကပြောသည်။
မိုင်းအိုက်ကျော်ကမူ အဆိုပါဒေသ၌ မူးယစ်ဆေးဝါးနှင့်ပတ်သက်ပြီး ဖမ်းဆီးခဲ့သည့် ဖြစ်စဉ်များရှိပြီး အပြစ်ပေးအရေးယူပြီးပါက ပြန်လွှတ်ပေးလေ့ရှိသည်ဟု Myanmar Now ကိုပြောသည်။
“အဲဒီဒေသက မူးယစ်ဆေးဝါရောင်းဝယ်မှုတွေရှိတယ်၊ မူးယစ်ဆေးဝါးနဲ့ ဆက်နွှယ်ပြီး ဖမ်းဆီးထားတာတော့ ရှိရင်ရှိမယ်။ သေချာတော့မသိသေးဘူး” ဟု ၎င်းက ပြောသည်။
သို့သော် မိုင်းအိုက်ကျော်၏ အဆိုနှင့်ပတ်သက်၍ ယခု ဖမ်းဆီးခံရသူ ဝါလုရွာသား လေးဦးမှာ မူးယစ်ဆေးဝါးနှင့် ဆက်စပ်မှုမရှိဘဲ သာမန်ရွာသားများသာဖြစ်ကြောင်း ခိုလုံလီရှောလူငယ်အဖွဲ့က တုံ့ပြန်သည်။
“မူးယစ်ဆေးဝါးနဲ့ ဖမ်းတယ်ဆိုရင်လည်း မူးယစ်ဆေးဝါး ဘယ်မှာဖမ်းသလဲ၊ အခင်း (ဘိန်းစိုက်ခင်း) ဘယ်မှာလဲ၊ အိမ်ထဲမှာလည်း ဘာမှမရှိဘူး အပြစ်မရှိဘဲနဲ့ ဖမ်းတာ” ဟု မသိမ့်က ပြောသည်။
ဒေသခံ ၄ ဦးဖမ်းဆီးခံရသည့် ဖြစ်စဉ်နှင့်ပတ်သက်ပြီး နမ့်ခမ်းမြို့နယ်ရဲစခန်းသို့ တိုင်ကြားထားသလို၊ မြို့နယ်အုပ်ချုပ်ရေးမှူးထံလည်း အကြောင်းကြားထားသည်ဟု ၎င်းက ဆိုသည်။
၂၀၁၉ မတ်လအတွင်းမှာ ဝါလုရွာသား ၈ ဦးကို TNLA က ဖမ်းဆီးသွားခဲ့ပြီး ဖမ်းဆီးခံရပြီး သီတင်းနှစ်ပတ်ခန့်အကြာတွင် ပြန်လည်လွတ်မြောက်လာခဲ့သည်။ TNLA ကလည်း ၎င်းတို့ ဖမ်းဆီးခဲ့သည်မှာ မှန်ကြောင်းဝန်ခံခဲ့သည်။
ရှမ်းပြည်နယ်မြောက်ပိုင်းတွင် တပ်မတော်အပြင် တိုင်းရင်းသားလက်နက်ကိုင် ၄ ဖွဲ့ထက်မနည်း လှုပ်ရှားနေပြီး၊ တိုက်ပွဲများမကြာခဏဖြစ်ပွားနေသလို ဒေသခံများကို လက်နက်ကိုင်အဖွဲ့များက ဖမ်းဆီးခြင်းသည့်ဖြစ်စဉ်များလည်း မကြာခဏ ကြားရလေ့ရှိသည်။