သတင်း

ရဲအင်အားမတောင့်တင်း၍ တရားဥပဒေမစိုးမိုးရခြင်းဟု ဒေါ်အောင်ဆန်းစုကြည်ပြော

ဘဏ္ဍာရေးအခြေအနေအရ မြန်မာနိုင်ငံတွင် တောင့်တင်းသည့် ရဲအင်အားမရှိခြင်းသည် တရားဥပဒေစိုးမိုးရေး၏ အဓိကအားနည်းချက်ဖြစ်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဖေဖော်ဝါရီ ၂၅ ရက် မြဝတီမြို့ လူထုတွေ့ဆုံပွဲတွင် ပြောဆိုသည်။

နိုင်ငံတကာစံနှုန်းဖြင့်တိုင်းတာပါက မြန်မာနိုင်ငံရဲအင်အားမှာ သတ်မှတ်ထားသည့်နှုန်းအောက် ထက်ဝက်ပင် မပြည့်ဘဲ ရခိုင်ပြည်နယ်တွင် မတည်ငြိမ်မှုကြောင့် ထိုရဲအင်အား၏ လေးပုံတစ်ပုံကို ပို့ထားရသည်ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

မြဝတီမြို့တွင် မူးယစ်ဆေးဝါး၊ လောင်းကစား၊ ခိုးဆိုးလုနှိုက်ဖောက်ထွင်းမှု များပြားနေပြီး အဘယ်ကြောင့် နှိမ်နင်းနိုင်ခြင်းမရှိကြောင်း အမှတ် – ၂ ရပ်ကွက်မှ ဦးဝင်းနိုင်ဦး၏ မေးမြန်းမှုကို ဒေါ်အောင်ဆန်းစုကြည်က ပြန်လည်ဖြေဆိုရာတွင် ယင်းသို့ ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်သည်။

“တရားဥပဒေစိုးမိုးရေးရှိစေချင်ရင် ကိုယ်ကလည်း တတ်နိုင်သလောက်လုပ်ပါ။ ဥပဒေကို လိုက်နာပါ။ စည်းကမ်းစည်းမျဉ်းကို လိုက်နာပါ” ဟု နိုင်ငံတော် အတိုင်ပင်ခံက တိုက်တွန်းပြောဆိုသည်။

မြန်မာနိုင်ငံတွင် ရဲအရာရှိနှင့် အခြားအဆင့် ၈၄,၀၀၀ ကျော်သာ ရှိပြီး ဖွဲ့စည်းပုံအရ ရှိသင့်သည့်ရဲအင်အား၏ ၄၈ ခိုင်နှုန်းသာရှိသည်ဟု ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်သူက ပြီးခဲ့သည့်နှစ် နိုဝင်ဘာ ၂၇ ရက် ပြည်သူ့လွှတ်တော်ပုံမှန်အစည်းအဝေးတွင် ‌ပြောခဲ့သည်။

ကုလသမဂ္ဂ၏စံသတ်မှတ်ချက်အရ လူတစ်သိန်းလျှင် ရဲအရာရှိ အနည်းဆုံး ၂၂၂ ဦး (၁ အချိုး ၄၅၀) ရှိရမည်ဟု သတ်မှတ်ထားသည်။

ရဲတပ်ဖွဲ့ဝင်အင်အား မလုံလောက်ခြင်းသည် တရားဥပဒေစိုးမိုးရေးတွင် အားနည်းချက်ဖြစ်သည်မှာ ခိုင်လုံသည့် အကြောင်းပြချက်တစ်ခုဖြစ်သော်လည်း အုပ်ချုပ်ရေးပိုင်းနှင့် အရပ်ဘက်အဖွဲ့အစည်းများက ပူးပေါင်းလျှင် အောင်မြင်နိုင်သည်ဟု မြဝတီအခြေစိုက် ကလေးသူငယ်ပြုစုစောင့်ရှောက်ရေးဖောင်ဒေးရှင်း၊ မန်းနေးဂျင်းဒါရိုက်တာ ဒေါ်ခင်ထားက Myanmar Now ကို ပြောသည်။

မြဝတီမြို့တွင် မူးယစ်ဆေးဝါးပြဿနာများသည် လွန်ခဲ့သည့်ဆယ်နှစ်ကျော်ကတည်းက ရှိနေခဲ့ပြီး လောင်းကစားဝိုင်းများ သိသိသာသာ များပြားလာသည်မှာ ခြောက်နှစ်ခန့်ရှိပြီဖြစ်ကြောင်း၊ အဆိုပါပြဿနာသည် ၁၈ နှစ်မပြည့်သေးသည့် ကလေးများအပေါ်တွင်ပါ ဆိုးကျိုးသက်ရောက်နေပြီး နောက်ဆက်တွဲအနေဖြင့် ခိုးဆိုးလုနှိုက်ပြဿနာများ ပေါ်ပေါက်နေသည်ဟု ၎င်းကဆိုသည်။

“မြဝတီရဲ့ လက်ရှိဖြစ်နေတဲ့ မြေပြင်အခြေအနေပေါ့ အဲဒါကို အမေဒေါ်အောင်ဆန်းစုကြည်ကို ချပြချင်တယ် တိုင်လို့လည်းမရဘူး… (ဒေါ်အောင်ဆန်းစုကြည်ခရီးစဉ်မတိုင်ခင်) မြို့နယ်အာဏာပိုင် ခရိုင်အာဏာပိုင်တွေကို တွေ့ခွင့်တောင်းတယ်။ ဒါတွေကို ဒါတွေကို အကျေအလည် ဆွေးနွေးခွင့်တောင်းတယ် တွေ့ခွင့်မရပါဘူး” ဟု ၎င်းကပြောသည်။

ကလေးသူငယ် ပြုစုစောင့်ရှောက်ရေး ဖောင်ဒေးရှင်း (မြဝတီခရိုင်) ၏ စာရင်းများအရ လေးနှစ်အတွင်း လူ ၁၀၀ ကျော်ကို မူးယစ်ဆေးဝါးဖြတ်တောက်ရန် ကူညီပို့ဆောင်ပေးခဲ့ရပြီး ၅၀ ရာခိုင်နှုန်းမှာ အသက် ၁၂ နှင့် ၁၈ နှစ်ကြား ကလေးများဖြစ်ကြောင်း တွေ့ရသည်။  

မြန်မာ-ထိုင်း နယ်စပ်မြို့တစ်မြို့ဖြစ်သော မြဝတီမြို့သည် တပ်မတော်လက်အောက်ခံ နယ်ခြားစောင့်တပ်အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ လှုပ်ရှားသွားလာနေသော နယ်မြေတစ်ခုဖြစ်သည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ဖေဖော်ဝါရီ ၂၄ ရက်နေ့က ကော့ကရိတ်နှင့် ကြာအင်းဆိပ်ကြီးမြို့နယ်၊ ၂၅ ရက်နေ့တွင် မြဝတီနှင့် လှိုင်းဘွဲ့မြို့နယ်များ၌ လူထုတွေ့ဆုံပွဲများ ပြုလုပ်ခဲ့သည်။

မြဝတီတွေ့ဆုံပွဲတွင် ဆေးရုံ၊ ချစ်ကြည်ရေးတံတား၊ လမ်းဘေးရေနုတ်မြောင်း စသည်တို့နှင့် သက်ဆိုင်သည့် ကြိုတင်မေးခွန်းလေးခုကို သက်ဆိုင်ရာဝန်ကြီးနှင့် ဌာနဆိုင်ရာများက ဖြေဆိုခဲ့သည်။

တွေ့ဆုံပွဲ၏ တင်ပြစာလက်ခံရေးဌာနသို့ ရောက်ရှိလာသော တိုင်စာ ၄၄ စောင်အနက် မြဝတီမြို့နှင့် သက်ဆိုင်သည့် စာ ၃၉ စောင်ကို အတိုင်ပင်ခံပုဂ္ဂိုလ်က မဲနှိုက်ခဲ့ပြီး မဲပေါက်သည့် နံပါတ်ငါးခုမှာ လူကိုယ်တိုင် တင်ပြခွင့်ရခဲ့သည်။

လူကိုယ်တိုင် တင်ပြခွင့်ရသည့် စာငါးစောင်တွင် မြေယာပြဿနာ သုံးခု၊ လူကူးမျဉ်းကျားနှင့် အမှိုက်ပြဿနာ တစ်ခုနှင့် ဦးဝင်းနိုင်ဦးတင်ပြသည့် မူးယစ်ဆေးဝါး၊ လောင်းကစား၊ ခိုးဆိုးလုနှိုက်ဖောက်ထွင်းမှုပြဿနာတို့ ဖြစ်သည်။

နံနက် ၁၁ နာရီတွင် စတင်ခဲ့သည့် လူထုတွေ့ဆုံပွဲသည် ကြာချိန် ၄၅ မိနစ်ခန့်ရှိပြီး မြဝတီမြို့ရှိကျောင်းပေါင်းစုံမှ ကျောင်းသူကျောင်းသားများက ကင်းထောက်ဝတ်စုံ၊ တိုင်းရင်းသားဝတ်စုံတို့ဖြင့် နံနက် ၇ နာရီဝန်းကျင်တွင် ရောက်ရှိကြိုဆိုခဲ့ကြကာ လူဦးရေတစ်သောင်းကျော် တက်ရောက်ခဲ့သည်။

Show More

Related Articles

Back to top button