တရုတ်နိုင်ငံမှစတင်ဖြစ်ပွားခဲ့သော ပြင်းထန်အဆုတ်ရောင်ရောဂါ COVID-19 ကြောင့် ကချင်ပြည်နယ်နှင့် တရုတ်နယ်စပ် ကန်ပိုက်တီး ကုန်သွယ်ရေးဂိတ်မှ တရုတ်ကားများ ဝင်လာခြင်းကို ခေတ္တဆိုင်းငံ့ထားပေးရန် ဒေသခံ ၃၀၀ ကျော်က မြစ်ကြီးနားမြို့တွင် ဖေဖော်ဝါရီလ ၂၄ ရက်နေ့က ဆန္ဒပြတောင်းဆိုလိုက်သည်။
ပြည်နယ်မြို့တော်မှ ၄၅ မိုင်ခန့်အကွာရှိ ကန်ပိုက်တီးဂိတ်မှ တရုတ်ကုန်တင်တွဲကား ၇၀ ခန့်ဝင်လာသည်ကို ကြားသိရကြောင်း၊ လုံလောက်သည့် ကျန်းမာရေးစိစစ်မှုများ မဆောင်ရွက်နိုင်သေးချိန်တွင် တရုတ်ကုန်ကားများ ကချင်ပြည်နယ်အတွင်း ဝင်ရောက်မှုကို ဆိုင်းငံ့ထားပေးရန် တောင်းဆိုခြင်းဖြစ်ကြောင်း ဆန္ဒဖော်ထုတ်ပွဲကို ဦးဆောင်သည့် ဝိုင်းမော်မြို့နယ်နေ ဒေါ်တူးကပြောသည်။
နယ်စပ်ဂိတ်ပေါက်တွင် မော်တော်ယာဉ်နှင့် လူအဝင်/အထွက်များကို သက်ဆိုင်ရာ တာဝန်ရှိသူများမှ တင်းကျပ်စွာ စိစစ်ပေးရေး၊ “ကြိုတင်ကာကွယ်ခြင်းသည် ကုသမှုထက်ပို၍ ထိရောက်သည်”၊ “ပြည်သူလူထုလုံခြုံမှုကာကွယ်ပေးရေးမှာ လက်ရှိအစိုးရ၏တာဝန်ဖြစ်သည်” စသော စာတမ်းများကိုင်ဆောင်၍ မြစ်ကြီးနားမြို့ စိမ်းမြဧရာပန်းခြံရှေ့မှ ပြည်ထောင်စုလမ်းမကြီးအတိုင်း ဗိုလ်ချုပ်ကြေးရုပ်ပန်းခြံသို့ ချီတက်ခဲ့ကြသည်။
“ကန်ပိုက်တီး ဝင်ပေါက်ကြီးက ရောဂါဝင်ပေါက်ကြီး မဖြစ်စေချင်တာပေါ့နော်။ အခုဝင်လာတဲ့ကားရော နောက်ဝင်မယ့်ကားရောက အကုန်ပြည်မကြီးထဲက ကားတွေ။ သူတို့ သာမိုမီတာနဲ့ စစ်နေတယ်ဆိုတာကလည်း ၁၄ ရက်နေမှ သိရမယ့်ဥစ္စာ” ဟု ဒေါ်တူးက ပြောသည်။
ပြီးခဲ့သည့် ရက်ပိုင်းက ဝိုင်းမော်မြို့ထဲ တရုတ်ကုန်ကားများ ဖြတ်သွားသည်ကို တွေ့ခဲ့ရပြီး တရုတ်နိုင်ငံသို့ တစ်ရှူးငှက်ပျောများ သယ်ဆောင်ရန် ဝင်လာခြင်းဖြစ်ကြောင်း ၎င်းကပြောသည်။
သို့သော် ကချင်ပြည်နယ်အစိုးရအဖွဲ့ တာဝန်ရှိသူတစ်ဦးကမူ ဆန္ဒပြသူများ၏ စိုးရိမ်မှုများကို ပယ်ချက်လိုက်ပြီး ၎င်းတို့အနေဖြင့် စိတ်ချရ၍သာ ခွင့်ပြုခဲ့ခြင်းဖြစ်သည်ဟု ပြောသည်။
“သွားလာခွင့်ပြုပေးတယ်ဆိုတာကလည်း တရုတ်နိုင်ငံရဲ့ ကျန်းမာရေး ထောက်ခံချက် ရထားတဲ့သူတွေပဲ။ ကျွန်တော်တို့ဆီကလည်း သေချာစိစစ်ပြီးတော့မှ ခွင့်ပြုတာ” ဟု ကချင်ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးထွန်းဇော်က Myanmar Now ကိုပြောသည်။
တရုတ်နိုင်ငံသားများ ပြည်တွင်းဝင်လာပါက ပဏာမကျန်းမာရေးစိစစ်မှုများ လုပ်ဆောင်ပြီး ၎င်းတို့နေထိုင်ရာ ဒေသများတွင်ပါ ၁၄ ရက် စောင့်ကြည်ထားပြီး စောင့်ကြည့်ကာလအတွင်း ဒေသခံများနှင့် ထိတွေ့ဆက်ဆံမှုကို တားမြစ်ထားသည်ဟု ဦးထွန်းဇော်ကပြောသည်။
တရုတ်ဘက်မှ ကုန်တင်တွဲကားများဝင်ရောက်နေသော်လည်း မြန်မာဘက်မှ ကုန်တင်ကားများကို ကန်ပိုက်တီးနယ်စပ်ဂိတ်တွင်သာရပ်ခိုင်းပြီး တရုတ်ဘက်ခြမ်းသို့ ဝင်ရောက်ခွင့်မပြုသေးကြောင်း ယင်းကုန်သွယ်ရေး စခန်းထံမှသိရသည်။
လက်ရှိတွင် ကန်ပိုက်တီးနယ်စပ်ဂိတ်တွင် တရုတ်ငှက်ပျောတင်မည့်ကား အစီးရေ တစ်ထောင်ခန့် ရောက်ရှိနေသည်ဟု ဆန္ဒပြပွဲတွင်ပါဝင်သော ကန်ပိုက်တီးနယ်စပ်ကုန်သွယ်ရေး အသင်း အတွင်းရေးမှူး ကိုကျော်လွင်ဦး ကပြောသည်။
“သူတို့ တရုတ်လူမျိုးအချင်းချင်းတောင် ဒီရွာကနေ ဟိုရွာကို သွားလို့မရတဲ့ ကိစ္စကြီးကို ကျွန်တော်တို့ နိုင်ငံကိုကျ ဒီလို ဥဒဟိုသွားနေတယ် ဆိုတော့ ပိုစိုးရိမ်တာ။ ကျွန်တော်တို့ဆီက ကျန်းမာရေးအသိပညာလည်း နည်းတယ်လေ”ဟု ၎င်းကပြောသည်။
တရုတ်နိုင်ငံ ဝူဟန်မြို့မှ စတင်ပျံ့နှံ့ဖြစ်ပွားလာခဲ့သည့် ကိုရိုနာဗိုင်းရပ်ရောဂါ (COVID-19) ပိုးတွေ့ရှိသူပေါင်း ၇၇,၀၀၀ ကျော်သွားပြီဖြစ်ပြီး သေဆုံးသူစုစုပေါင်း ၂၆၀၀ နီးပါးရှိသွားပြီ ဖြစ်သည်။ တောင်ကိုရီးယားနိုင်ငံတွင်လည်း ရက်ပိုင်းအတွင်း ဗိုင်းရပ်ပိုးတွေ့ရှိသူဦးရေချက်ချင်းမြင့်တက်လာခဲ့ပြီး အရေးကြီးအဆင့် (၄) သတ်မှတ်ထားလိုက်ပြီဖြစ်သည်။