စစ်အာဏာရှင်စနစ်အောက် ကျရောက်ရသည့် နှစ်နှစ်ပြည့်တွင် ရောက်ရှိလာသည့် မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ် မဟာသင်္ကြန်ကာလတွင် ရန်ကုန်ဒေသခံတို့က စစ်အာဏာရှင်စနစ်ကို ခပ်အေးအေးပင် တုံ့ပြန်တွန်းလှန်နေသည်။
ဧပြီ ၁၃ ရက် သင်္ကြန်အကြိုနေ့တွင် ရန်ကုန်မြို့၏ လမ်းမများ၌ အိမ်စီးကားအချို့ကိုသာ တွေ့ရပြီး ရန်ကုန်မြို့လယ်၏ ဧရိယာအတော်များများမှာ တိတ်ဆိတ်ခြောက်ကပ်နေသည်။
ရန်ကုန်မြို့တော်ခန်းမ မဏ္ဍပ်၊ တာမွေမြို့နယ်ရှိ ရွှေထွဋ်တင်မဏ္ဍပ်၊ မဟာဗန္ဓုလလမ်းနှင့် ဗိုလ်ကလေးဈေးလမ်းထောင့်ရှိ မဏ္ဍပ်နှင့် မြို့နယ်အုပ်ချုပ်ရေးရုံးနှင့် ရဲစခန်းများရှေ့တွင် ပြုလုပ်ထားသည့် မဏ္ဍပ်အချို့ကို တွေ့ရသော်လည်း ရေကစားသူ မရှိကြပေ။
ရွှေတိဂုံဘုရားအနောက်ဘက်ရှိ ပြည်သူ့ရင်ပြင်တွင် စစ်တပ်နှင့် ရဲအများအပြား ရှိနေပြီး ဈေးဆိုင်ခန်းများဖွင့်လှစ်ထားကာ လူတချို့ရေကစားနေကြသည်ကို တွေ့ခဲ့ရသည်ဟု အသက် ၄၀ ခန့်အရွယ် ရန်ကုန်မြို့ခံ အငှားယာဉ်မောင်းအမျိုးသားတစ်ဦးက ပြောသည်။
“တခြားနေရာတွေတော့ (လူ) မရှိပါဘူး၊ ဒီနေရာလောက်၊ အဲဒါလည်း သူတို့လူတွေပဲဖြစ်မှာ။ မြို့တော်ခန်းမရှေ့ဆို ကားဝင်ခွင့်ပိတ်ထားတော့ ဝင်လို့တောင်မရဘူး။ သေနတ်တွေ တကားကားနဲ့ဆိုတော့ (ရေ) ကစားချင်တဲ့သူတောင် လာကစားမှာမဟုတ်ဘူး” ဟု အဆိုပါ အငှားယာဉ်မောင်းက ဆိုသည်။
ယခင်က သင်္ကြန်ကာလဆိုလျှင် ကန်တော်ကြီးပတ်လမ်း၊ ပြည်လမ်း၊ ကမ္ဘာအေးဘုရားလမ်း၊ ရန်ကုန်မြို့လယ်နှင့် ကမ်းနားလမ်းတစ်လျှောက် မရေတွက်နိုင်သည့် မဏ္ဍပ်များရှိခဲ့သော်လည်း ကိုဗစ်နိုင်တင်းအလွန် စစ်တပ် အာဏာသိမ်းပြီးသည့်နောက် ကျီးနှင့်ဖုတ်ဖုတ်ဖြစ်နေသည်။
ပြီးခဲ့သည့် ဧပြီ ၁၁ ရက်က ကန့်ဘလူမြို့နယ် ပဇီကြီးရွာကို စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်ရာ လူပေါင်း ၁၀၀ ကျော် သေဆုံးခဲ့ပြီး နောက်ဆက်တွဲ တိုက်ခိုက်မှုများကြောင့် အလောင်းပင် ပြီးဆုံးအောင် မကောက်နိုင်ကြသေးပေ။
နိုင်ငံအနှံ့ ကလေး၊ အမျိုးသမီး၊ သက်ကြီးရွယ်အိုနှင့် ရဟန်းသံဃာပါမချန် ပစ်ခတ်သတ်ဖြတ်နေသည့် စစ်ကောင်စီလက်အောက်၌ မြန်မာတို့အလေးအနက်ထားသည့် နှစ်သစ်ကူးသင်္ကြန်တွင် ပျော်ပါးကြရန် ပြည်သူအများစုက ယနေ့အထိ ငြင်းဆန်ထားကြသည်။
ရဲ၊ ထွေအုပ် မဏ္ဍပ်များ
သင်္ကြန်အကြိုနေ့တွင် ရန်ကုန်ဆင်ခြေဖုံးမြို့နယ်အချို့တွင် ကလေးငယ်အချို့ကလွဲ၍ ရေကစားသူ မရှိကြောင်း သာကေတ၊ ဒဂုံဆိပ်ကမ်း၊ မြောက်ဥက္ကလာပနှင့် တာမွေမြို့နယ်ရှိ ဒေသခံအချို့က ပြောသည်။
ယခုနှစ်သင်္ကြန်ပွဲတော်ကို စည်ကားစေရန် စစ်ကောင်စီက ဌာနဆိုင်ရာ ရုံးဝန်ထမ်းများကို ဌာနအလိုက် လူဦးရေသတ်မှတ်ချက်ဖြင့် ရေကစားကြရန် ညွှန်ကြားထားသည်ဟုလည်း သတင်းများထွက်ပေါ်နေသည်။
သာကေတမြို့နယ်တွင် ရဲစခန်း၊ မြို့နယ်အုပ်ချုပ်ရေးမှူးရုံး၊ မြကန်သာပန်းခြံတို့အနီး မဏ္ဍပ်တစ်ခုရှိကာ အခြားရပ်ကွက်များတွင် မဏ္ဍပ်များမတွေ့ရကြောင်း၊ ရပ်ကွက်အတွင်း၌လည်း ရေကစားသူ မရှိသလောက်နည်းပါးကြောင်း သာကေတမြို့ခံ ကိုချစ်မင်း (အမည်လွှဲ) က ပြောသည်။
“သာကေတ ရပ်ကွက်သင်္ကြန်ကတော့ အရက်သောက်ချင်တဲ့သူရယ် ကလေးတွေရယ်လောက်ပဲ ဆော့ကြတယ်ဗျ၊ ကျန်တဲ့သူ မဆော့ဘူး” ဟု ကိုချစ်မင်းက ပြောသည်။
အခြားမြို့နယ်များရှိ ရဲစခန်းနှင့် မြို့နယ်ထွေအုပ်ရုံးအချို့တွင်လည်း အလားတူ မဏ္ဍပ်များရှိပြီး စစ်ကောင်စီ၊ ရဲ၊ နှင့် ကြက်ခြေနီတပ်ဖွဲ့များ အင်အားအပြည့်ချထားကြသည်။
စမ်းချောင်းမြို့နယ် ဓမ္မစေတီလမ်းပေါ်ရှိ ရဲစခန်းရှေ့တွင်လည်း သင်္ကြန်မဏ္ဍပ်တစ်ခု ဆောက်ထားပြီး စင်အောက်မှ ကြည့်ရှုသူ သုံးလေးဦးကို စင်ပေါ်ရှိ လူတစ်စုက ပရိသတ်ကြီးဟု အော်ခေါ်နေသည်ကို တွေ့ရသည်။
ရန်ကုန်မြို့၏ အကြီးဆုံးသင်္ကြန်မဏ္ဍပ်ဖြစ်သည့် ရန်ကုန်မြို့တော်ခန်းမမဏ္ဍပ်ရှိရာသို့ လာရောက်နိုင်မည့် ဆူးလေဘုရားလမ်းကို အနော်ရထာလမ်းနှင့် ကုန်သည်လမ်းတို့မှ ပိတ်ထားပြီး မဟာဗန္ဓုလလမ်းကို ပန်းဆိုးတန်းလမ်းနှင့် ရွှေဘုံသာလမ်းဘလောက်တို့မှ ပိတ်ဆို့ထားသဖြင့် မော်တော်ကားများ ဖြတ်သန်းသွားလာနိုင်ခြင်း မရှိသည်ကို တွေ့ရသည်။
သို့သော် တူညီအင်္ကျီများ ဝတ်ဆင်ထားပြီး စစ်ကောင်စီထောက်ခံသူများဟု ယူဆရသူများကို တင်ဆောင်လာသည့် ရေပက်ခံကားအချို့က မဟာဗန္ဓုလလမ်းနှင့် ပန်းဆိုးတန်းလမ်းထိပ်ရှိ ဗဟိုမဏ္ဍပ်သို့ ဝင်ရောက်ပြီး ဆူးလေဘုရားလမ်း၊ ဗိုလ်ချုပ်လမ်းမနှင့် ပန်းဆိုးတန်းလမ်းအတိုင်း အကြိမ်ကြိမ်ရေပက်ခံကြသည်။
လမ်းပိတ်ထားသည့် လမ်းဆုံလမ်းခွများတွင် စစ်တပ်နှင့် ရဲ လုံခြုံရေးအပြည့်ချထားပြီး လမ်းလျှောက်ဝင်သည့် အရပ်သားများကို စစ်ဆေးနေကြသည်။
ပုဂ္ဂလိကမဏ္ဍပ်များ မရှိ
ယခင်ကမူ စိုင်းစိုင်းမဏ္ဍပ်၊ ရဲလေးမဏ္ဍပ် စသဖြင့် အနုပညာရှင်များ၏ မဏ္ဍပ်များတွင် လူကြိတ်ကြိတ်တိုး စည်ကားလေ့ရှိပြီး ကန်တော်ကြီးပတ်လမ်းတစ်လျှောက်ရှိ ပုဂ္ဂလိကမဏ္ဍပ်များတွင်လည်း လူပြည့်လျှံနေလေ့ရှိသည်။
အဆိုပါ ပုဂ္ဂလိကမဏ္ဍပ်များအတွက် လက်မှတ်များကို သင်္ကြန်မတိုင်မီ လအနည်းငယ်ခန့်မှ စတင်ရောင်းချလေ့ရှိပြီး နာမည်ကြီးမဏ္ဍပ်များမှာ သင်္ကြန်မတိုင်ခင် လက်မှတ်ရောင်းကုန်သွားလေ့ရှိသည်။
အဆိုပါ မဏ္ဍပ်များကို စီးပွားရေးလုပ်ငန်းရှင်များ၊ ကုမွဏီများက အပြိုင်အဆိုင် စပွန်စာပေးကြပြီး ၎င်းတို့ထုတ်ကုန်များကို ကြော်ငြာလေ့ရှိကြသောကြောင့် ပုဂ္ဂလိကမဏ္ဍပ်များမရှိသည့်အခါ ကုမ္ပဏီဆိုင်းဘုတ်များလည်း မတွေ့ရပေ။
အထက်ပါ အနုပညာရှင်များနှင့် ပုဂ္ဂလိကမဏ္ဍပ်များကို ရန်ကုန်မြို့၏ မည်သည့်နေရာတွင်မျှ မတွေ့ရပေ။
ထို့ပြင် သင်္ကြန်ကာလနှင့် ခွဲခြားမရသည့် အုန်းလက်မဏ္ဍပ်များကိုလည်း မတွေ့ရတော့ကြောင်း ရန်ကုန်မြို့ခံအချို့က ပြောသည်။
“မဏ္ဍပ်ကတော့ သူတို့ထိုးထားတဲ့ မဏ္ဍပ်တော့ရှိတယ်၊ ကျွန်တော်တို့အရင်လို အုန်းလက်မဏ္ဍပ်တွေ ဘာတွေ လမ်းထဲမှာ အရင်လို ဘယ်သူမှ မထိုးတော့ဘူးဗျ” ဟု သာကေတမြို့နယ်မှ ကိုချစ်မင်းက ပြောသည်။
“သင်္ကြန်အကြိုနေ့မို့လို့လည်း ဖြစ်နိုင်တယ်၊ ကျွန်တော် ပတ်ကြည့်နေတာ တစ်ခုမှကို မတွေ့သေးဘူး၊ အရင်နှစ်ကလည်း တော်တော်နည်းတယ်၊ တဖြည်းဖြည်း ရှားလာပြီ”
စတုဒီသာ
စစ်တပ်အုပ်ချုပ်မှုအောက်တွင် ပြည်သူတို့၏ ဘဝမှာ အစစအရာရာ ခက်ခဲနေကြပြီး ကမ္ဘာ့အရက်ရောဆုံးတိုင်းပြည်ဖြစ်ဖူးသည့် မြန်မာနိုင်ငံတွင် သင်္ကြန်လိုကာလမျိုးမှာပင် အလှူအတန်းနည်းလာသည်ဟု ရန်ကုန်ဒေသခံအချို့က ပြောသည်။
ရေပက်ခံမဏ္ဍပ်များနည်းတူ စတုဒီသာမဏ္ဍပ်များလည်း တစ်စထက်တစ်စ လျော့နည်းလာပြီး သင်္ကြန်၏ အငွေ့အသက်များ နည်းပါးလာသည်ဟု ဒဂုံဆိပ်ကမ်းမြို့နယ်သား ကိုမှုံကြီးက ပြောသည်။
“ဟိုတုန်းကဆိုရင်တော့ တော်တော်များများ ကျွေးကြပါတယ်၊ နေ့တိုင်းလိုလို လမ်းတိုင်းလိုလိုမှာ ရှိတယ်၊ အခု ဒီဘက်ခေတ်မှာ ကျွန်တော်တို့လမ်းထဲမှာဆိုရင် စတုဒီသာကျွေးတာ မရှိတော့ဘူး၊ နည်းသွားတယ်” ဟု ကိုမှုံကြီးက ပြောသည်။
အာဏာသိမ်းပြီးနောက် တရှိန်ထိုးမြင့်တက်လာသည့် ကုန်ဈေးနှုန်းအပြင် ခေတ်ပျက်ကြီးထဲတွင် အလှူအတန်းများထက် မိသားစုဝမ်းစာဖူလုံရေးကို ဦးစားပေးလာကြသည်ဟု ဆိုသည်။
ယခင်က ဆင်ခြေဖုံးရပ်ကွက်များတွင် မိသားစုလိုက် တစ်ယောက်လက် တစ်ယောက်ဆွဲ အင်္ကျီစဆွဲပြီး စတုဒီသာ လိုက်စားကြသူများလည်း မတွေ့ရတော့ပေ။
စစ်ကောင်စီ၏ အာဏာသိမ်းမှုအောက်တွင် နိုင်ငံရေးနှင့် စီးပွားရေးသာမက ယာဉ်ကျေးမှုနှင့် ထုံးတမ်းအစဉ်အလာအချို့ပါ ပျောက်ကွယ်လာနေသည်ဟု ရန်ကုန်မြို့ခံအချို့က ဆိုသည်။
“အများကြီးကွာတယ်၊ အလှူအတန်းကအစ၊ အစစအရာရာ ကွာတယ်။ သူတို့စပြီးတော့ အာဏာသိမ်းကတည်းက ဖြစ်တဲ့ သင်္ကြန်ကနေစပြီးတော့ စတုဒီသာလည်း အရင်လို ဖောဖောသီသီမရှိတော့ဘူး” ဟု အသက် ၃၀ ကျော်အရွယ် မြောက်ဥက္ကလာမြို့နယ်သား ကိုဂျက်က ပြောသည်။
သင်္ကြန်ကာလ ဖြတ်သန်းကြပုံ
ရန်ကုန်မြို့ခံအများစုမှာ သင်္ကြန်ကာလကို နေအိမ်အတွင်း၌ပင် နေထိုင်ရင်း နည်းအမျိုးမျိုးဖြင့် အပန်းဖြေကာ ဖြတ်သန်းနေကြသည်ဟု မြို့ခံအချို့က ပြောသည်။
အမျိုးသားအချို့က အရက်ပုလင်း၊ ဘီယာဘူးများ ကြိုတင် ဝယ်ထားကြပြီး အမျိုးသမီးများကမူ သင်္ကြန်တွင်း မုန့်လုပ်စားရန် ကောက်ညှင်းနှင့် အခြားကုန်ပစ္စည်းများ ဝယ်ယူသိမ်းဆည်းထားကြသည်ဟု အသက် ၃၀ ကျော်အရွယ် မြောက်ဥက္ကလာမြို့နယ်သား ကိုချက်ကြီးက ပြောသည်။
“အပြင်မထွက်တော့ဘူး၊ ပူတာလည်း ပါတယ်၊ (တော်လှန်ရေး) အဖွဲ့တွေကလည်း သင်္ကြန်မဏ္ဍပ်တွေနား မသွားဖို့ သင်္ကြန်မှာ ဝင်မနွှဲဖို့ ပြောထားတော့ (အရက်) ပုလင်း ဝယ်ထားတယ်၊ အိမ်ထဲမှာပဲ နေမယ်လေ” ဟု သူက ဆိုသည်။
သက်ကြီးရွယ်အိုအများအပြားက သီလယူ၊ ဥပုသ်စောင့်ကြသလို အိမ်ရှင်မအချို့ကတော့ နေအိမ်တွင်ပင် မုန့်လုပ်စားကြသည်က များသည်ဟု ဆိုသည်။
ကလေးအချို့ ရေထွက်ကစားကြသည်ကို တွေ့ရသော်လည်း အချို့ ပိုက်ဆံတတ်နိုင်သူများက လေထိုးကန်များ ဝယ်ပေးကာ နေအိမ်အတွင်း၌ ရေကစားခိုင်းကြသည်ဟု သိရသည်။
ယခင်က သင်္ကြန်တွင်း ငွေရှာကောင်းကြသည့် အငှားယာဉ်မောင်းအများစုမှာလည်း နေအိမ်တွင် မိသားစုနှင့် အချိန်ပေးဖြတ်သန်းနေကြသည်ဟု အသက် ၄၀ ခန့်အရွယ် အထက်ပါ အငှားယာဉ်မောင်းက ပြောသည်။
သင်္ကြန်ကာလနီးလာချိန်တွင် စက်သုံးဆီဈေးများ ထပ်မံမြင့်တက်ခဲ့သည့်အတွက် အငှားယာဉ်မောင်းအများစုမှာ သင်္ကြန်တွင်း ကားမဆွဲတော့ဘဲ ကားများကို အုံနာ (ပိုင်ရှင်များ) ထံ ပြန်လည်အပ်နှံထားကြသည်ဟု ဆိုသည်။
၂၀၂၀ ကိုဗစ်နိုင်တင်းကာလမှဆိုလျှင် မြန်မာ့ရိုးရာသင်္ကြန်ပွဲ မဆင်နွှဲနိုင်သည်မှာ သုံးနှစ်တိုင်ခဲ့ပြီဖြစ်သော်လည်း စစ်ကောင်စီလက်အောက်က သင်္ကြန်ကို ရန်ကုန်သူ၊ ရန်ကုန်သားတို့ ကြံ့ကြံ့ခံ တွန်းလှန်နေကြဆဲဖြစ်သည်။
သင်္ကြန်မတိုင်မီ ရက်ပိုင်းအလိုတွင် စစ်ကောင်စီက ကန့်ဘလူမြို့နယ် ပဇီကြီးရွာကို လေယာဉ်များ စေလွှတ်ပြီး ဗုံးကြဲသဖြင့် ကလေးများ အပါအဝင် လူ ၁၀၀ ကျော် သေဆုံး အလောင်းပျောက်သွားသည့် အခြေအနေကြောင့် သင်္ကြန်ပွဲကို နွှဲလိုခြင်း မရှိဟု ကိုချစ်မင်းက ပြောသည်။
“ကန့်ဘလူကိစ္စကိုပဲ တွေးကြည့်ပေါ့၊ လူသားမဆန်အောင် ရက်ရက်စက်စက်သတ်ထားတဲ့ ကိစ္စကြီးကို၊ ဒါကို သွားနွှဲရင် ကျွန်တော်တို့ အကုသိုလ်ဖြစ်မှာပေါ့၊ ကျွန်တော်တို့က ဘယ်လိုလုပ်နွှဲမလဲဗျ၊ ဒါမျိုးကို နွှဲစရာလည်း အကြောင်းမရှိဘူးဗျ” ဟု သူက ဆိုသည်။
“လွတ်လပ်ပြီး တရားမျှတတဲ့သူတွေ အုပ်ချုပ်တဲ့တစ်နေ့တော့ ကျွန်တော်တို့ အရင်လိုပြန်ဖြစ်မယ်လို့ ယုံကြည်တယ်ဗျ” ဟု ကိုချစ်မင်းက ပြောလိုက်သည်။