Covid19 ကြောင့် တရုတ်နိုင်ငံတွင် စက်ရုံအများစုပိတ်လိုက်သဖြင့် နေစရာ၊စားစရာ မရှိသော မြန်မာအလုပ်သမား ထောင်နှင့်ချီရှိနေပြီး မြန်မာနိုင်ငံပြန်ပို့နိုင်ရန် စီစဉ်နေကြောင်း အရပ်ဘက်အဖွဲ့အစည်းများနှင့် မြန်မာသံရုံးတို့ထံမှ သိရသည်။
အလုပ်ရုံများ ပိတ်သိမ်းလိုက်သဖြင့် အလုပ်ရှင်က လက်မခံတော့သလို တည်းခိုခန်းများ၊ ရဲစခန်းများကလည်း များပြားလှသည့် လူဦးရေအတွက် လက်ခံထားစရာ နေရာမရှိသဖြင့် နေစရာ အခက်အခဲဖြစ်နေသည်ဟု တရုတ်ရောက် မြန်မာအလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေသည့် ရွှေလီမြို့အခြေစိုက် မိုးမခ ဖောင်ဒေးရှင်းမှ ဒေါ်မိုးမခက ပြောသည်။
“တောထဲမှာ သွားနေတော့လည်း တရုတ်ရဲတွေက လာမောင်းတယ်… တချို့က လမ်းပေါ်မှာ နေတာ ရှိတယ်။ ကားဂိတ်ကမှာ ခိုလှုံနေတာရှိတယ်။ ကားဂိတ်ကလည်း သုံးရက်ကျော်သွားရင် လက်မခံတော့ဘူး”ဟု ၎င်းက ဆိုသည်။
ယင်းအပြင် တရုတ်အစိုးရက အစားအစာများကို တရုတ်မှတ်ပုံတင် ရှိသူများကိုသာ အဓိကထား ရောင်းချနေသဖြင့် အလုပ်လက်မဲ့ ဖြစ်သွားသော မြန်မာအလုပ်သမားအများစုသည် တရားမဝင် အလုပ်လုပ်ကိုင်သူများ ဖြစ်နေ၍ အစားအသောက် ရရှိရန် ခက်ခဲနေကြောင်း ဒေါ်မိုးမခက ရှင်းပြသည်။
တရုတ်နိုင်ငံရှိ ပြည်နယ်အားလုံးနီးပါးမှ စက်ရုံများ တစ်ပြိုင်နက်တည်း အလုပ်ပိတ်သိမ်းလိုက်သဖြင့် နေစရာ မရှိတော့သည့် အလုပ်သမားများသည် မြန်မာနိုင်ငံ ပြန်လာရန်မှာလည်း တရုတ်အစိုးရက ကိုရိုနာဗိုင်းရပ်ပြန့်ပွားမှု ထိန်းချုပ်နိုင်ရန် ကားလမ်းများပိတ်ထား၍ ပြန်မရဖြစ်နေကြောင်း ၎င်းကဆိုသည်။
လက်ရှိအခြေအနေတွင် ဒုက္ခရောက်နေသည့် ပြည်နယ်အသီးသီးရှိ တရုတ်ရောက် မြန်မာအလုပ်သမားများကို အမည်၊ နေရပ်လိပ်စာ၊ ရောက်ရှိနေသည့် နေရာ စသဖြင့် အချက်အလက် အပြည့်အစုံရယူပြီး နေရပ်ပြန်ပို့နိုင်ရန် တရုတ်အစိုးရနှင့် ပူးပေါင်း၍ စီစဉ်နေကြောင်း ပေကျင်းအခြေစိုက် မြန်မာသံရုံးမှ အမည်မဖော်လိုသည့် တာဝန်ရှိသူတစ်ဦးက ပြောသည်။
လက်ရှိ သံရုံးက ကောက်ယူထားသော စာရင်းအရ မြန်မာနိုင်ငံသို့ ပြန်ပို့ရမည့် လုပ်သားဦးရေ တစ်ထောင်နီးပါး ရှိနေပြီး စာရင်း ဆက်လက်ကောက်ယူနေကြောင်း ၎င်းက ဆိုသည်။
“လမ်းပေါ်မှာ လျောက်သွားနေတာထက် စာရင် ကျွန်တော်တို့ဆီ ဆက်သွယ်ပါ။ ကျွန်တော်တို့ ရုံးဖုန်းရော လက်ကိုင်ဖုန်းရော အသိပေးကြေညာချက်မှာ ထည့်ထားပါတယ်။ ရအောင် ဆက်သွယ်ပေးပါ… ဖုန်းဆက်တာက များပါတယ်။ လိုင်းမမိတာ။ မအားတာ ဖြစ်ပါတယ်။ နည်းနည်းလေး စိတ်ရှည်ရှည်လေးနဲ့ ဒါလေးတော့ မေတ္တာရပ်ခံချင်ပါတယ်” ဟု ပေကျင်းရှိ မြန်မာသံရုံးမှ တာဝန်ရှိသူက ပြောသည်။
တရုတ်နိုင်ငံရောက် မြန်မာနိုင်ငံသားများကို ကူညီပေးနေသည့် မိုးမခဖောင်ဒေးရှင်းက လတ်တလော စားသောက်ရေး ခက်ခဲခြင်းကို အရေးပေါ်ဖြေရှင်းရန် ရန်ပုံငွေတည်ထောင်ရေး လုပ်နေပြီး ဒုက္ခရောက်သူများကို အွန်လိုင်းမှတစ်ဆင့် ငွေလွှဲခြင်း၊ တရုတ်မှတ်ပုံတင်မရှိသော်လည်း အစားအသောက်ရရှိရေး တရုတ်ရဲအရာရှိများထံ ဆက်သွယ်ဆောင်ရွက်နေကြောင်း ဒေါ်မိုးမခက ဆိုသည်။