စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်ရှိ ဒေသကာကွယ်ရေးအဖွဲ့ M7 ၏ စခန်း ယနေ့ (ဧပြီ ၅) နံနက်ပိုင်းတွင် စီးနင်းခံရပြီးနောက် လက်နက်အချို့ ဆုံးရှုံးကာ အဖွဲ့ဝင်အချို့နှင့်လည်း အဆက်အသွယ်ပြတ်နေကြောင်း ထိုအဖွဲ့ခေါင်းဆောင်က ပြောသည်။
ပုလဲနှင့် မြိုင်နယ်အစပ်တွင် အခြေစိုက်လှုပ်ရှားသည့် ထိုအဖွဲ့၏ စခန်းကို နံနက် ၉ နာရီခွဲ ဝန်းကျင်တွင် ရဟတ်ယာဉ် ၃ စင်းဖြင့် လာရောက်ပစ်ခတ်ခြင်းဖြစ်သည်ဟု ဆိုသည်။
“၄၅ မိနစ်လောက် ကြာတယ်။ တပ်ခွဲ ၁ နေရာကို အဓိက ဦးတည်ပစ်တာ။ ကျန်တဲ့ ၂ စီးက လူချပြီးတော့ သူတို့ အထဲဝင်နိုင်လောက်အောင်ကို အချိန်ဆွဲပြီး ကာပစ်ပေးသွားတာ” ဟု M7 အဖွဲ့ခေါင်းဆောင် ဗိုလ်မင်းရောင်က ပြောသည်။
စခန်းစီးနင်းခံရပြီးနောက် ဒဏ်ရာရရှိသည့် ကာကွယ်ရေးအဖွဲ့ဝင်များအပါအဝင် အဖွဲ့ဝင် ၆ ဦးခန့်နှင့် အဆက်အသွယ်ပြတ်တောက်နေကြောင်း ၎င်းက ဆက်ပြောသည်။
အဆောက်အအုံ ၅ လုံးကိုလည်း စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့သည်၊ သေနတ်၊ စိန်ပြောင်း၊ မိုင်း စသည့် လက်လုပ် လက်နက်ခဲယမ်းတချို့ကိုလည်း သိမ်းဆည်းသွားသည်ဟု ထိုအဖွဲ့ထံမှ သိရသည်။
စခန်းကို Mi 35 ရဟတ်ယာဉ်က ပစ်ခတ်နေချိန်တွင် Mi 17 ရဟတ်ယာဉ် ၂ စီးက စစ်သည်အင်အား ၁၀၀ ခန့်ကို ၂ ကြိမ် လာရောက် ပို့ဆောင်သွားကြောင်း ဗိုလ်မင်းရောင်က ပြောသည်။
လေကြောင်းမှ ရုတ်တရက် လာရောက်ပစ်ခတ်စဉ်က စခန်းတွင် လူအင်အား၊ လက်နက်အင်အား နည်းပါးနေချိန် ဖြစ်သည့်အတွက် ပြန်လည်ခုခံနိုင်ခဲ့ခြင်းမရှိကြောင်း သိရသည်။
စခန်းရှိသည့်နေရာကို တိုက်ရိုက် လာရောက်သွားခြင်းဖြစ်သည်ဟု ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ခေါင်းဆောင် ဦးဇော်ထက်က ပြောသည်။
“ဒီအတိုင်းကတော့ တိတိကျကျ သတင်းမရရင် စခန်းကို တိတိကျကျ လာမပစ်နိုင်ဘူး။ တစ်ခါတည်း စခန်းကို တည့်ဝင်ပစ်တာဆိုတော့ တည်နေရာတိတိကျကျ သတင်းပေးနိုင်လို့ ဒီလိုဖြစ်တာပေါ့” ဟု သုံးသပ်သည်။
တိုက်ခိုက်သည့်နေရာအနီး စစ်ကောင်စီလက်နက်ကိုင်များ ရှိနေဆဲဖြစ်ပြီး မည်သည့်ဘက်သို့ ဦးတည်လှုပ်ရှားမည်ကို မသိရသေးကြောင်း ဒေသခံကာကွယ်ရေးအဖွဲ့များက မွန်းလွဲပိုင်းတွင် ပြောသည်။
ဧပြီလ ၁ ရက်နေ့က ဆားလင်းကြီးနယ်မှတစ်ဆင့် ဝင်လာသည့် အင်အား ၁၀၀ နီးပါး ပါဝင်သည့် စစ်ကောင်စီတပ်ဖွဲ့ကလည်း ပုလဲမြို့အနောက်ပိုင်း ကျေးရွာများကို စစ်ကြောင်းထိုးနေသည်။
ထိုစစ်ကြောင်း ဧပြီ ၂ ရက်နေ့က မင်းတိုင်ပင်ရွာအနီး ရောက်ရှိလာစဉ် တိုက်ပွဲဖြစ်ပွားရာ အနည်းငယ် အထိနာသွားသည်ဟု ဆိုသည်၊ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦး သေဆုံးပြီး ၎င်းတို့ထံမှ MA 3 ၂ လက်၊ ဖုန်း ၂ လုံး၊ အိုင်ကွန် ၂ လုံး သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
ဧပြီ ၃ တွင် အင်မထီးရွာတွင် အခြေပြုတပ်စွဲထားသည့် စစ်ကောင်စီတပ်သားများ၊ ပြည်သူ့စစ် ခေါ် ပျူစောထီးများက အနီးရှိ ကျောက်ဖျာကန်နှင့် အင်းကန်ရွာကို ဝင်စီးသဖြင့် တိုက်ပွဲဖြစ်ပွားခဲ့သည်။
ထိုတိုက်ပွဲကြောင့် မင်းတိုင်ပင်ရွာတွင် ရောက်ရှိနေသည့် စစ်ကောင်စီတပ်ဖွဲ့များ ရှေ့ဆက်မတိုးသာဘဲ နောက်တစ်ရက် ဧပြီ ၄ ရက်နေ့ ညနေပိုင်းတွင်မှ စစ်တပ်နှင့် ပြည်သူ့စစ်များ အခြေပြုတပ်စွဲရာ ဇီးဖြူကုန်းရွာသို့ ဆက်လက်ထွက်ခွာသွားကြောင်း ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ခေါင်းဆောင် ဦးဇော်ထက်က ပြောသည်။
ထိုစစ်ကြောင်းသည် ယနေ့ နံနက်ပိုင်း ဇီးဖြူကုန်းရွာအနီး စစ်ဘေးရှောင်တဲများကို မီးရှို့နေကြောင်း ဒေသခံများက ပြောသည်။ သို့သော် မီးလောင်ပျက်စီးသည့် အခြေအနေအသေးစိတ်ကို Myanmar Now က စုံစမ်း၍ မရသေးပါ။
လတ်တလော ပုလဲနယ်တွင် စစ်ကြောင်း ၂ ကြောင်းထိုးနေသည့်အတွက် ပန်းရွာ၊ နှောကန်ရွာ၊ သရက်၊ မြေနီကုန်း၊ ထန်းတောတိုက်၊ အုံးနှောက်အပါအဝင် ကျေးရွာ ၁၀ ရွာခန့်မှ ဒေသခံများ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရသည်။
မကွေးတိုင်း၊ ယောနယ်နှင့် နယ်နိမိတ်ချင်း ထိစပ်နေပြီး အချက်အချာကျသည့် ပုလဲမြို့နယ်တွင် ဒေသခံကာကွယ်ရေးအဖွဲ့များ နယ်မြေစိုးမိုးမှုအားကောင်းသလို စစ်ကောင်စီတပ်ဖွဲ့ဝင်များကလည်း အင်မထီးရွာ၊ ဇီးဖြူကုန်းရွာနှင့် ပုလဲ-ဂန့်ဂေါလမ်းပေါ်ရှိ အင်ဒေါင့်နယ်မြေရဲစခန်းတို့တွင် နေရာယူထားသည်။
စစ်ကောင်စီတပ်က ကျေးရွာများကို ဝင်ရောက်စီးနင်းပြီး ရိက္ခာများ လုယက်ယူဆောင်လေ့ရှိကြောင်းလည်း ဒေသခံများက ပြောသည်။
အာဏာသိမ်းပြီးနောက် မြို့နယ်ပေါင်း ၃၃၀ ကျော်အနက် ထက်ဝက်ခန့်ကိုသာ နယ်မြေစိုးမိုးထားနိုင်သည်ဟု ဝန်ခံထားသည့် စစ်ကောင်စီက လက်နက်ကိုင်ခုခံမှုအားကောင်းရာ မြို့နယ် ၄၀ ကို စစ်အုပ်ချုပ်ရေးသတ်မှတ်ခဲ့ရာ ပုလဲမြို့နယ်လည်း ပါဝင်သည်။
၂၀၂၁ တွင် အာဏာသိမ်းလိုက်သည့် စစ်တပ်က လမ်းပေါ်ထွက် ကန့်ကွက်ဆန့်ကျင်သူများကို ပစ်သတ်ရာမှ လက်နက်ကိုင် ခုခံမှု နေရာအနှံ့တွင် ဖြစ်ပေါ်နေသည်။
စစ်ကောင်စီကမူ ၎င်းတို့က ပြည်သူလူထုကို အကာအကွယ်ပေးနေသည်ဟု ပြောသည်။ ပုလဲမြို့နယ်တိုက်ခိုက်မှုများအပါအဝင် တိုက်ပွဲသတင်းအများစုကို စစ်ကောင်စီက သတင်းအမှောင်ချထားသည်။