သတင်း

မန်း စားသောက်ဆိုင်ကိစ္စ အတွင်းရေးမှူးကိုပါ အရေးမယူလျှင် သပိတ်ပြန်စမည်ဟု ဆို

တင်ဒါစည်းမျဉ်းများ မလိုက်နာဘဲ မန္တလေးတက္ကသိုလ်အတွင်း စားသောက်ဆိုင် ဆောက်လုပ်စေခဲ့သည့် ပါမောက္ခချုပ်ကို တာဝန်မှအငြိမ်းစားပေးခဲ့ပြီးနောက် စီမံဘဏ္ဍာဌာန အတွင်းရေးမှူးကိုပါ အရေးမယူပါက ရုပ်သိမ်းထားသည့် သပိတ်ကို ပြန်စမည်ဟု ယင်းတက္ကသိုလ်ကျောင်းသားသပိတ်ကော်မတီက ပြောသည်။

တက္ကသိုလ်ဝင်းအတွင်း Oriental House စားသောက်ဆိုင်ကို ဆောက်လုပ်ခွင့်ပြုရာတွင် စည်းမျဉ်းဖောက်ဖျက်သည်ဟုဆိုကာ ကျောင်းသားများက သပိတ်မှောက်ဆန္ဒပြခဲ့ပြီးနောက် မန္တလေးတက္ကသိုလ်စီမံဘဏ္ဍာဌာနဥက္ကဋ္ဌ တက္ကသိုလ်ပါမောက္ခချုပ် ဒေါ်သီတာဝင်းအား တာဝန်မှရပ်နားကြောင်း ပညာရေးဝန်ကြီးဌာနက ဇန်နဝါရီ ၂၈ ရက်တွင် ထုတ်ပြန်ခဲ့ရာ သပိတ်ကို “ယာယီ” ရပ်နားခဲ့သည်။

သို့သော်လည်း၊ စီမံဘဏ္ဍာအတွင်းရေးမှူး ဒေါ်သန်းသန်းအေးကိုမူ အရေးမယူသေးသောကြောင့် သပိတ်ပြန်လည်စတင်ရန်ရှိကြောင်း ၎င်းတို့ကဆိုသည်။

တစ်ကျောင်းလုံးရဲ့စီမံခန့်ခွဲရေးတွေမှာ သူတို့ကတာဝန်ရှိခဲ့တယ်၊ သူတို့လက်ထက်မှာ ဒီကိစ္စ‌(food court)တွေဖြစ်တယ်။ အခု ပါချုပ်ကို အရေးယူပြီးပြီ၊ ဒေါ်သန်းသန်းအေးကို အရေးမယူရသေးဘူး” ဟု မန္တလေးတက္ကသိုလ် သပိတ်ကော်မတီဥက္ကဋ္ဌ မယမင်းသူကဆိုသည်။

စီမံဘဏ္ဍာအတွင်းရေးမှူးအား ယခုလ ၂၈ ရက်နေ့ နောက်ဆုံးထားကာ တရားဝင်အရေးယူပေးမည်ဟု လက်ရှိတွဲဖက်ပါမောက္ခချုပ် ဒေါက်တာသိန်းဝင်းက ဇန်နဝါရီ ၂၉ ရက်နေ့တွင် ကတိပေးထားကြောင်း၊ အရေးမယူပါက သပိတ်ကို ပြန်စသွားမည်ဖြစ်ကြောင်း ၎င်းကဆက်ပြောသည်။

ကျွန်တော်တို့လုပ်ဆောင်နေပါတယ်။ ချပြသွားမှာပါ” ဟု အဆင့်မြင့်ပညာဦးစီးဌာန ညွှန်ချုပ်လည်းဖြစ်သူ ဒေါက်တာသိန်းဝင်းကဆိုသည်။

လက်ရှိစုံစမ်းစစ်ဆေးနေသည့် ကာလအတွင်း ဒေါ်သန်းသန်းအေးကို တာဝန်မှ ယာယီရပ်နားထားသည်။

မန္တလေးတက္ကသိုလ်အတွင်း Oriental House စားသောက်ဆိုင် တည်ဆောက်ရာတွင် ပါမောက္ခချုပ် ဒေါက်တာသီတာဝင်းသည် တင်ဒါစည်းကမ်းများ ဖောက်ဖျက်ကြောင်းနှင့် ဆိုင်ခန်းများ ဆောက်လုပ်ခွင့်အတွက် ဆောက်လုပ်ရေးဝန်ကြီးဌာန၏ ခွင့်ပြုချက် မရရှိသေးကြောင်းလည်း ဆန္ဒပြကျောင်းသားများက စွပ်စွဲပြီး လွန်ခဲ့သည့် ငါးလကတည်းက သပိတ်မှောက်ခဲ့ကြသည်။

ကျောင်းသားများ၏သပိတ်အရှိန် မြင့်လာပြီးနောက် ပညာရေးဝန်ကြီးဌာနက တက္ကသိုလ်တာဝန်ရှိသူများကို စုံစမ်းစစ်ဆေးမည်ဟု ပြောကြားခဲ့သော်လည်း လေးလကြာသည်အထိ ဆောင်ရွက်မှုအခြေအနေများကို ပွင့်လင်းမြင်သာစွာ ချပြခြင်းမရှိသေးဆိုကာ ကျောင်းသားသမဂ္ဂအဖွဲ့ဝင်များက ဇန်နဝါရီ ရက် တွင် သပိတ် ပြန်လည်စတင်ခဲ့သည်။

ယင်းနေ့မှ စတင်ကာ ပညာရေးဝန်ကြီးဌာန၏ စုံစမ်းစစ်ဆေးမှု ရလဒ်ကို ထုတ်ပြန်ပေးရန် မန္တလေးတက္ကသိုလ် ပင်မဆောင်ရှေ့၌ ထိုင်သပိတ်ပြုလုပ်ကာ တောင်းဆိုနေခဲ့ရာ မန္တလေးတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာသီတာဝင်းကိုအငြိမ်းစားပေးလိုက်ကြောင်းပညာရေးဝန်ကြီးဌာနက ဇန်နဝါရီ ၂၈ ရက်နေ့တွင် အမိန့်ထုတ်ပြန်ခဲ့သည်။

သပိတ်မှောက်ကျောင်းသားတို့က အဆိုပါအမိန့်စာအရ သပိတ်ကို ယာယီရပ်နားထားခဲ့ပြီး စီမံဘဏ္ဍာအတွင်းရေးမှူး ဒေါ်သန်းသန်းအေးကို ဆက်လက်စစ်ဆေး အရေးယူပေးရန် တောင်းဆိုထားခြင်းဖြစ်သည်။

Show More

Related Articles

Back to top button