ယခုလ ၂ ရက်က စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့အထွက် လမ်းမပေါ်ရှိ ဘန်ကာများကို ပူးပေါင်းတိုက်ခိုက်စဉ် စစ်ကောင်စီဘက်မှ ၆ ဦးနှင့် ၎င်းတို့ဘက်မှ တပ်ဖွဲ့ဝင် လူငယ်နှစ်ဦး သေဆုံးသည်ဟု ဒေသအခြေစိုက် တော်လှန်ရေးအဖွဲ့က ထုတ်ပြန်သည်။
ရွှေဘိုမြို့အထွက် တက္ကသိုလ်ရှေ့တည့်တည့် ရွှေဘို-ကျောက်မြောင်းလမ်းပေါ်ရှိ ဘန်ကာသုံးခုကို ယင်းနေ့ ညနေပိုင်းတွင် ဒေသကာကွယ်ရေးအဖွဲ့များက ကားနှစ်စီးဖြင့် ဝင်ရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။
အပြန်အလှန်ပစ်ခတ်စဉ် ၎င်းတို့ဘက်မှ အသက် ၂၂ နှစ်အရွယ် ဟိန်းသူစိုးနှင့် ပြည်သူ့တော်လှန်ရေးတပ်ဦး (PRF) အဖွဲ့မှ ဗကသကျောင်းသားတစ်ဦးဖြစ်သူ အသက် ၂၀ အရွယ် ရဲဘော်ဝဿန်တို့ သေဆုံးကြောင်း ထိုတိုက်ခိုက်မှုတွင် ပါဝင်ခဲ့သည့် Burma Ranger တပ်ဖွဲ့က ထုတ်ပြန်သည်။
ပထမကားတစ်စီးဖြင့် တက္ကသိုလ်ရှေ့ရှိ ဘန်ကာနှစ်ခုကို ပစ်ခတ်ခဲ့ခြင်းဖြစ်ကာ ကျန်ကားတစ်စီးဖြင့် သုံးခုမြောက် ဘန်ကာကို ဝင်ရောက်ပစ်ခတ်စဉ် စစ်သားများက ပြန်လည်ခုခံသည်ဟု ဆိုသည်။
“မြို့ထဲနေ ထွက်လာတဲ့ ကားက ဘန်ကာနှစ်ခုကို ပစ်ရတာပေါ့ဗျ။ ကျွန်တော်တို့က တတိယဘန်ကာကနေ မီတာ ၂၅၀ အကွာလောက်မှာ နေရာယူထားတာ။ မြို့ထဲက ကားက ထွက်ပြီးလာရင် သူတို့က ဆီးပစ်မှာစိုးလို့ အရှေ့ဘန်ကာကို ပစ်ဖို့ ကျွန်တော်တို့က တာဝန်ယူထားတာ” ဟု Burma Ranger အဖွဲ့ဝင်တစ်ဦးက ပြောသည်။
ထိုသို့ ပစ်ခတ်စဉ် တတိယဘန်ကာ၌ စစ်သားများက အသင့်နေရာယူပြီးသားဖြစ်သဖြင့် ထိခိုက်အောင် မပစ်နိုင်ခဲ့ဟု ဆိုသည်။
“အနောက်ဘက်ဆုံးနဲ့ အလယ်ဘန်ကာက ၅ ယောက် ကျသွားတယ်။ ကျောင်းပေါက်ဝက တစ်ယောက်လည်း ကျသွား တယ်။ အရှေ့ဘက်ဘန်ကာကကောင်က သတိထားမိသွားပြီး ဘန်ကာထဲ ပြေးဝင်သွားပြီး နေရာအသင့်ယူထားတာ” ဟု အထက်ပါကာကွယ်ရေးအဖွဲ့ဝင်က ပြောသည်။
စစ်သားများ ထိခိုက်သေဆုံးမှုနှင့် ပတ်သက်၍ သီးခြားအတည်မပြုနိုင်သည့်နည်းတူ စစ်ကောင်စီဘက်က တစ်စုံတစ်ရာထုတ်ပြန်ပြောဆိုခြင်း မရှိပေ။
လူငယ်နှစ်ဦးမှာ ကားပြန်ထွက်နိုင်ရေး ကာပစ်ပေးရန် အနီး၌ နေရာယူထားသူများဖြစ်ကာ ဘန်ကာအတွင်းမှ ပြန်ပစ်ခတ်သော စက်သေနတ်ကျည်ထိမှန်ကာ ပွဲချင်းပြီးသေဆုံးခဲ့သည်ဟု သိရသည်။
“ကျွန်တော်တို့လည်း ခံပစ်ပြီး မောင်းထွက်သွားတဲ့အချိန်မှာ လွတ်ပြီဆိုပြီး ပျော်သွားတာပေါ့ဗျာ။ ပျော်ပြီး ခေါင်းထောင်ကြည့်တဲ့အချိန် စက်သေနတ်က လာထိသွားတာ။ ကျွန်တော့လက်ပေါ်တင် နှစ်ယောက်စလုံး ဆုံးသွားတာ” ဟု Burma Ranger အဖွဲ့ဝင်က ပြောသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)