အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

မြစ်ကြီးနားတွင် ကချင်တော်လှန်ရေးနေ့ ဦးဆောင်ကျင်းပခဲ့သူများကို ရဲကစစ်မေးနေ

ပြီးခဲ့သည့် ဖေဖော်ဝါရီ ရက်က ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ ဂျော်ဘွမ်ဆုတောင်းတောင်တွင် ကျင်းပခဲ့သည့် အကြိမ် ၆၀ မြောက် ကချင်တော်လှန်ရေးနေ့ကို ဦးဆောင်ကျင်းပခဲ့သည့် ဘာသာရေးဆရာနှစ်ဦးအား မြစ်ကြီးနားရဲစခန်းက ယမန်နေ့ကတည်းက ခေါ်ယူစစ်ဆေးလျက်ရှိသည်။

အသက် ၃၀ အရွယ် ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် မြစ်ကြီးနားဇုန်နယ် လူငယ်ဌာနတာဝန်ခံ ဆရာတူးထန်နှင့် ဂျော်ဘွမ်ဆုတောင်းတောင် တာဝန်ခံ အသက် ၄၀ ကျော် ဆရာဒေါင်လွမ်းတို့အား ရဲတပ်ဖွဲ့က ကြာသပတေးနေ့ နေ့လယ်ပိုင်းတွင် မြစ်ကြီးနားမြို့ရှိ ၎င်းတို့၏နေအိမ်များမှ လာရောက်ခေါ်ဆောင်သွားကြောင်း မြစ်ကြီးနားမြို့ခံ ကချင်လူငယ် ကိုပေါလုက ယမန်နေ့က ပြောသည်။

၎င်းတို့နှစ်ဦးအား ကချင်တော်လှန်ရေးနေ့နှင့်ပတ်သက်ပြီး ရဲက မေးမြန်းနေသည်ဟု ကနဦးသိရှိထားသော်လည်း အသေးစိတ်အခြေအနေကို ရှင်းရှင်းလင်းလင်း မသိရသေးဟု ကိုပေါလုက ဆိုသည်။

၎င်းတို့နှစ်ဦးသည် ကချင်တော်လှန်ရေးနေ့ အခမ်းအနားတွင် ကပြခဲ့သည့် ပြဇာတ်တစ်ပုဒ်နှင့်ပတ်သက်ပြီး စစ်ဆေးခံရခြင်းဖြစ်နိုင်ကြောင်းလည်း ကိုပေါလုအပါအဝင် ၎င်းတို့အား ဝန်းရံသူများက ခန့်မှန်းကြသည်။ ကချင်စကားပြော အဆိုပါပြဇာတ်တွင် လက်မောင်းတံဆိပ်မပါဝင်သည့် လက်နက်ကိုင်စစ်သည်များနှင့် ဇာတ်ဝင်ခန်းများလည်း ပါဝင်ခဲ့သည်။

ကချင်လွတ်လပ်ရေးအဖွဲ့အစည်း (KIO) ကို တည်ထောင်ခဲ့သည့် ၁၉၆၁ ခုနှစ် ဖေဖော်ဝါရီလ ၅ ရက်နေ့ကို အစွဲပြုကာ ကချင်တော်လှန်ရေးနေ့ကို ကျင်းပလာခဲ့ကြခြင်းဖြစ်သည်။

၎င်းတို့နှစ်ဦးအား တပ်မတော်ဘက်က တိုင်ကြားထားသည့်အတွက် စစ်ဆေးနေခြင်းဖြစ်ကြောင်း မြို့နယ်ရဲမှူး မြင့်မိုးက Myanmar Now ကို ယမန်နေ့က အတည်ပြုပြောကြားခဲ့သော်လည်း အသေးစိတ်ကိုတော့ ဖြေကြားခဲ့ခြင်း မရှိပါ။

ကချင်ပြည်နယ်တွင် လူသိများသည့် ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်(KBC) ဥက္ကဋ္ဌ ဒေါက်တာခလမ်ဆမ်ဆွန်ကလည်း ရဲတပ်ဖွဲ့က ထိန်းသိမ်းထားသည့် ဘာသာရေးဆရာနှစ်ဦး ပြန်လွတ်မြောက်ရေးအတွက် သောကြာနေ့ ညနေပိုင်းတွင် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၏ တိုင်းမှူးနှင့် တွေ့ဆုံဆွေးနွေးမည်ဟု ပြောသည်။

ငြိမ်းချမ်းရေး ရောက်ခါနီးကာလမှာ လူထုနဲ့ တပ်မတော်ရော အစိုးရနဲ့ရော ယုံကြည်မှုတည်ဆောက်နေတဲ့ ကာလမှာ အခုလိုမျိုးတွေ မဖြစ်စေချင်ဘူး။ ဒီလိုဖြစ်ခြင်းအားဖြင့် ယုံကြည်မှုတွေ ပိုပြီး ပျက်ပြားလာနိုင်တယ် ဟု ဒေါက်တာခလမ်ဆမ်ဆွန်က ပြောသည်။

ကချင်‌‌တော်လှန်ရေးနေ့အခမ်းအနားကို နှစ်စဉ် ဖေဖော်ဝါရီလ ၅ ရက်တွင် KIA ဌာနချုပ် လိုင်ဇာအပါအဝင် ကချင်ပြည်နယ်နှင့် ကချင်လူမျိုးအများစုနေထိုင်ရာ မြို့ကြီးအချို့တွင် ကျင်းပလေ့ရှိသည်။

 

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button