သတင်း

ဖိအားပေးမှုများရှိသော်လည်း MOGE ကို အမေရိကန် ပိတ်ဆို့အရေးယူဖွယ် မရှိသေး

အာဏာသိမ်းစစ်တပ်အတွက် ဝင်ငွေရပေါက်ရလမ်းကြီးတစ်ခုဖြစ်သည့် နိုင်ငံပိုင် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) ကို ပိတ်ဆို့အရေးယူရေး အပြင်းအထန် ဖိအားပေးမှုများ ရှိနေသော်လည်း အမေရိကန်အစိုးရက အရေးယူနိုင်ဖွယ်မရှိသေးကြောင်း နီးစပ်သူတို့က သုံးသပ်သည်။

စစ်ကောင်စီနှင့် အပေါင်းအပါများကို အမေရိကန်ဦးဆောင်သော အနောက်နိုင်ငံများက အကြိမ်ကြိမ် ပိတ်ဆို့အရေးယူခဲ့သော်လည်း နိုင်ငံခြားငွေ အကြီးအကျယ်ရှာဖွေပေးနေသည့် MOGE ကို ဥရောပသမဂ္ဂကတစ်ခုတည်းကသာ ဒဏ်ခတ်အရေးယူထားပြီး ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်း ပိတ်ဆို့ အရေးယူကြောင်း ကြေညာခဲ့သည်။ 

ပြီးခဲ့သည့်လအတွင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနမှ အကြံပေးပညာရှင် Derek Chollet ၏ အင်ဒိုနီးရှားခရီးစဉ်အတွင်း မြန်မာစစ်တပ်၏ ဝင်ငွေရပေါက်ရလမ်းများကို တားဆီးပိတ်ပင်မည်ဟု ထုတ်ဖော်ပြောဆိုခဲ့ရာ MOGE ကို အရေးယူတော့မည်လောဆိုသော ထင်မြင်ချက်များ ပေါ်ထွက်ခဲ့သည်။

သို့သော် နောက်နှစ်ရက်အကြာ မတ်လ ၂၄ ရက်တွင် စစ်ကောင်စီနှင့် ပတ်သက်ဆက်နွှယ်နေသည့် လက်နက်ပွဲစားများနှင့် လေယာဉ်ဆီ တင်သွင်းပေးနေသူများကို ပိတ်ဆို့အရေးယူကြောင်း အမေရိကန်အစိုးရက ကြေညာခဲ့ရာ၌ MOGE မပါဝင်ခဲ့ပေ။

ပိတ်ဆို့အရေးယူမည့်အစီအစဉ်ကို အိမ်နီးချင်း ထိုင်းနိုင်ငံက မလိုလားသည့်နည်းတူ မြန်မာစစ်တပ်က တရုတ်၊ ရုရှားတို့နှင့် ပို၍နီးစပ်သွားမည့် အလားအလာပေါ် အမေရိကန်ဘက်က တွက်ဆနေဟန်ရှိသည်ဟု ဗြိတိန်အခြေစိုက် Global Witness အဖွဲ့၏ မူဝါဒရေးရာအကြံပေး Keel Dietz က ဆိုသည်။

“ဥရောပသမဂ္ဂက MOGE ကို ဒဏ်ခတ်အရေးယူလိုက်တဲ့အချိန်မှာ စစ်ကောင်စီအနေနဲ့ ရေနံလုပ်ငန်းဝင်ငွေတွေ မရတော့တဲ့အခြေအနေထိ ထိရောက်မှုရှိခဲ့တယ်။ ဒါပေမဲ့ ထိုင်းအစိုးရက ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့လို့ အမေရိကန်က အဲလို သံတမန်ရေး ထိခိုက်မှာ မလိုလားဘူး” ဟု ပြီးခဲ့သည့်လအတွင်း Myanmar Now က ဆက်သွယ်မေးမြန်းရာတွင် Keel Dietz က ပြောဆိုသည်။

အမေရိကန်အစိုးရအနေဖြင့် MOGE ကို ပိတ်ဆို့အရေးယူခြင်းအားဖြင့် နောက်ဆက်တွဲဖြစ်ပေါ်လာမည့် အကျိုးဆက်များကို ထည့်သွင်းစဉ်းစားရာတွင် ထိုင်း-မြန်မာနယ်စပ်ရှိ မြန်မာဒုက္ခသည်များကို ကူညီရေးလုပ်ငန်းစဉ်များ ထိခိုက်နိုင်မည့်အခြေအနေ၊ တရုတ်နိုင်ငံနှင့် ပို၍ နီးကပ်သွားနိုင်မည့်အချက်လည်း ပါဝင်နိုင်သည်ဟု ၎င်းက ထောက်ပြသည်။

စစ်ကောင်စီကို နိုင်ငံခြားငွေအမြောက်အမြား ရှာဖွေပေးနေသည့် နိုင်ငံပိုင် ရေနံလုပ်ငန်းကို ပိတ်ဆို့အရေးယူရေး လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူများက အပြင်းအထန်ဖိအားပေးနေချိန် ယခုနှစ် ဖေဖော်ဝါရီ ၁ ရက် အာဏာသိမ်း နှစ်နှစ်ပြည့်အဖြစ် အမေရိကန်အစိုးရက ချမှတ်ခဲ့သော ပိတ်ဆို့ အရေးယူမှုစာရင်းတွင် MOGE မှ ဦးဆောင်ညွှန်ကြားရေးမှူး ဦးမျိုးမြင့်ဦးနှင့် လက်ထောက်ဒါရိုက်တာတစ်ဦးသာ ပါဝင်ခဲ့သည်။

နိုင်ငံတကာအနေဖြင့် မြန်မာစစ်တပ်၏ အဓိကကျသော လက်နက်ရောင်းဝယ်မှုများ၊ ဝင်ငွေလမ်းကြောင်းများကို အရေးယူရန် ပျက်ကွက်ခဲ့သည်ဟု Global Witness နှင့် EarthRight International တို့က ဖေဖော်ဝါရီ ၁ ရက်နေ့၌ပင် ထုတ်ပြန်ပြောဆိုခဲ့သည်။​ အမေရိကန်နှင့် ဗြိတိန်တို့အနေဖြင့် MOGE ကို ပိတ်ဆို့အရေးယူခြင်း မပြုရန် ထိုင်းအစိုးရက ပြင်းပြင်းထန်ထန် ကန့်ကွက်ထားသည်ဟုလည်း ထို့အဖွဲ့များက ဆိုသည်။

မြန်မာ့ရေနံလုပ်ငန်းကို ဒဏ်ခတ်အရေးယူ တောင်းဆိုနေသည့် သွေးစွန်းငွေလှုပ်ရှားမှုအဖွဲ့ (Blood Money Campaign) က မတ်လကုန်ပိုင်းတွင် သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ရာ အမေရိကန်အစိုးရ၏ ပျက်ကွက်မှုအပေါ် အံ့ဩမိကြောင်း ထုတ်ဖော်ပြောဆိုသည်။

အာဏာသိမ်းသည့် ၂၀၂၁ ခုနှစ်မှ ယခုနှစ်အထိ စစ်ကောင်စီသည် ရေနံနှင့် သဘာဝဓာတ်ငွေ့ရောင်းချမှုမှ အမေရိကန်ဒေါ်လာ ၂ ဒသမ ၂၅ ဘီလျံ ရရှိခဲ့ပြီး ထိုင်းနိုင်ငံပိုင် PTT ကုမ္ပဏီ၏ ရတနာကမ်းလွန်စီမံကိန်းတစ်ခုတည်းသည်ပင်လျှင် ဝင်ငွေ ဒေါ်လာ ၁ ဒသမ ၁ ဘီလျံ ရှာဖွေပေးခဲ့သည်ဟု ထိုအဖွဲ့က ဆိုသည်။ 

နိုင်ငံတကာအသိုင်းအဝိုင်းက ဖယ်ကြဉ်ထားသော်လည်း အိမ်နီးချင်း ထိုင်းနိုင်ငံသည် အာဏာသိမ်း မြန်မာစစ်တပ်နှင့် ပုံမှန်အတိုင်း အဆက်အဆံမပြတ်ရှိနေသည်။ အာဆီယံအဖွဲ့အတွင်း သဘောထားကွဲလွဲမှုများ မြင့်တက်နေချိန် ထိုင်းအစိုးရက နိုင်ငံခြားရေးဝန်ကြီး ဦးဆောင်သော စစ်ကောင်စီ၏ ဝန်ကြီးများကို ဘန်ကောက်မြို့သို့ တိတ်တဆိတ်ဖိတ်ခေါ်ကာ အာဆီယံအဖွဲ့ဝင်နိုင်ငံအချို့မှ နိုင်ငံခြားရေးဝန်ကြီးများနှင့် တွေ့ဆုံစေခဲ့သည်။ 

မြန်မာစစ်တပ်နှင့် ထိုင်းအစိုးရအကြား နှစ်ဖက်အပြန်အလှန် ကူးလူးဆက်ဆံမှုများ ရှိနေသည့်အပြင် ပြီးခဲ့သည့် ဇန်နဝါရီလအတွင်းက ရခိုင်ပြည်နယ်ရှိ ငပလီကမ်းခြေသို့ ထိုင်းစစ်ဦးစီးချုပ် ရောက်ရှိလာပြီး အာဏာသိမ်းခေါင်းဆောင်နှင့် သီးသန့်ဆွေးနွေးပွဲများ ပြုလုပ်ခဲ့သည်။​

မြန်မာနိုင်ငံ၏ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု အမြင့်ဆုံးနိုင်ငံများတွင် ထိုင်းနိုင်ငံလည်း ပါဝင်ပြီး အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံတကာရေနံကုမ္ပဏီကြီးများ ထွက်ခွာသွားချိန် ထိုင်းနိုင်ငံပိုင် PTT ကုမ္ပဏီအုပ်စုသည် ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းအချို့ကို ဦးဆောင်လုပ်ကိုင်ခွင့်ရရှိခဲ့သည်။

စစ်ကောင်စီပြုတ်ကျရေး ဦးဆောင်နေသည့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ပြီးခဲ့သည့် မတ်လအတွင်း သတင်းစာရှင်းလင်းပွဲတစ်ရပ် ပြုလုပ်ကာ ထိုင်းနိုင်ငံ ရေနံကုမ္ပဏီ PTT အနေဖြင့် ၎င်းတို့နှင့် ပူးပေါင်းဆောင်ရွက်ခြင်း မပြုပါက စင်ကာပူနိုင်ငံရှိ အနုညာတတရားရုံးတွင် တရားစွဲဆိုသွားမည်ဟု ထုတ်ပြန်ခဲ့သည်။ ထိုကိစ္စနှင့် ပတ်သက်၍ ထိုင်းအာဏာပိုင်များက သော်လည်းကောင်း၊ PTT ကုမ္ပဏီကသော်လည်းကောင်း တစ်စုံတစ်ရာ တုံ့ပြန်ပြောဆိုခြင်း မရှိပေ။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button