ရခိုင်ပြည်နယ်အတွင်း ရက္ခိုင့်တပ်တော် (AA) နှင့် အပစ်ရပ်ထားသော်လည်း စစ်ကောင်စီက ယခုရက်ပိုင်းအတွင်း ပြည်နယ်မြောက်ပိုင်းသို့ စစ်သားရာနှင့်ချီ ပို့ဆောင်နေကြောင်း ဒေသခံများထံမှ သိရသည်။
ယမန်နေ့ (မတ် ၂၉) တွင် မောင်တောမြို့နယ်မှ ရသေ့တောင်မြို့နယ် အငူမော်ဆိပ်ကမ်းသို့ မိသားစုဝင်များအပါအဝင် အင်အား ၃၀၀ ခန့်ရှိ နယ်ခြားစောင့်တပ်ဖွဲ့ဝင်များ ရောက်ရှိလာသည့်နည်းတူ စစ်တွေမှလည်း ရာနှင့်ချီသော စစ်သားများ ရောက်ရှိလာသည်ဟု မျက်မြင်တွေ့ရှိသူ ဒေသခံတို့က ပြောသည်။
“နယ်ခြားစောင့်ဝတ်စုံတွေ ဝတ်ပြီး ကားကြီးတွေနဲ့ အငူမော်ဘက်ကို လာတာ တွေ့ရတယ်။ မိသားစုတွေနဲ့ဆိုရင် အားလုံး အင်အား ၃၀၀ ဝန်းကျင်လောက် ပါမယ်” ဟု ရသေ့တောင်မြို့နယ်မှ ဒေသခံ အမျိုးသားတစ်ဦးက ဆိုသည်။
တစ်နေ့တည်းမှာပင် စစ်တွေမြို့နယ် ရေချမ်းပြင်ဆိပ်ကမ်းဘက်မှ ရာဂဏန်းရှိ စစ်သားများ သင်္ဘောများဖြင့် အငူမော်ရှိ အေးရှားဝေါဆိပ်ကမ်းသို့ ရောက်ရှိလာသည်ဟု သိရသည်။
“မောင်တောဘက်ကို သွားတဲ့လူတွေက အဲဒီဘက်ကလာတဲ့ ကားမှာ မဆန့်လို့ ထက်ဝက်လောက် အဲဒီအေးရှားဝေါဆိပ်ကမ်းဘက်မှာ ကျန်ခဲ့တာကို တွေ့ရတယ်” ဟု အထက်ပါဒေသခံက ပြောသည်။
ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ မောင်တောနှင့် ဘူးသီးတောင်မြို့နယ်တို့တွင် စစ်ကောင်စီက ရိက္ခာနှင့် လူသူလက်နက်အင်အား ဖြည့်တင်းနေသည့်နည်းတူ AA ဘက်ကလည်း အလားတူပြင်ဆင်မှုများ ရှိသည်ဟု သိရသည်။
ယခုလဆန်းပိုင်းကပင် စစ်တွေမြို့မှ လာသည့် အင်အား ၁၅၀ ခန့်ရှိ စစ်သားများ ရသေ့တောင်မြို့ရှိ အငူမော်ဆိပ်ကမ်းသို့ ရောက်လာသည်ဟု နောက်ထပ် ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။
“အဲဒီတုန်းကလည်း အထုပ်တွေအပိုးတွေနဲ့ ဇက်ပေါ် တက်ပြီးတော့ သွားကြတာ တွေ့ရတယ်။ လူတွေကတော့ အချိန်းအပြောင်းလုပ်တာလို့ ပြောကြတယ်။ တချို့က အင်အားတိုးတာလို့လည်း ပြောကြတယ်။ အတိအကျတော့ မပြောနိုင်ဘူး”
စစ်ကောင်စီက စစ်သည်အင်အား ဖြည့်တင်းနေသည့်နည်းတူ မောင်တောမြို့ရှိ အမှတ် (၁) နယ်ခြားစောင့်ရဲ ကွပ်ကဲမှုဌာနချုပ် စစ်ဆေးရေးဂိတ်က ဆန်သယ်ယူခွင့် ပိတ်ပင်ထားသည်ဟု သိရသည်။
ယခုလ ၂၅ ရက်က မောင်တောမှ ပြည်နယ်မြောက်ပိုင်းသို့ ပြေးဆွဲနေသော လိုင်းကားများတွင် ဆန်အိတ်တင်ဆောင်ခြင်းကို စစ်ကောင်စီစစ်ဆေးရေးဂိတ်က တားဆီးခဲ့သည်ဟု အခြားဒေသခံတစ်ဦးက ပြောသည်။
“အဲဒီနေ့က တင်လာတဲ့ ဆန်အိတ်တွေကို ဂိတ်က သယ်ယူခွင့် မပေးဘူးလို့ ပြောတယ်။ ဒါပေမဲ့ အဲဒီနေ့ကတော့ တင်လာတဲ့ ဆန်အိတ်တွေကို သယ်ခွင့်ပေးလိုက်ပြီးတော့ နောက်နေ့တွေမှာ သယ်ခွင့်မရတော့ဘူး။ ဘာကြောင့် သယ်ခွင့်မပေးတာလဲဆိုတာကိုတော့ မသိဘူး”
မောင်တောမြောက်ပိုင်းသို့ ပြေးဆွဲနေကြသော လိုင်းကားများကို ယနေ့အချိန်ထိ ဆန်အိတ်သယ်ယူခွင့် ဆက်လက် ကန့်သတ်ထားဆဲဖြစ်သည်ဟု သိရသည်။
လိုင်းကားဖြင့် တင်ဆောင်လာသည့် ဆန်အိတ်များကို ကျီးကန်းပြင်စစ်ဆေးရေးဂိတ်က သယ်ယူခွင့်မပေးခြင်းမှာ AA ၏ ရိက္ခာဆန်အိတ်များ ဖြစ်နေသောကြောင့်ဖြစ်သည်ဟု နီးစပ်သူတို့က ဆိုသည်။
“ဆန်အိတ်က ဘယ်လောက်ပါတယ်ဆိုတာကို မသိရဘူး။ ဒါပေမဲ့ AA က ရိက္ခာဆန်ဖြစ်တဲ့အတွက် စစ်တပ် စစ်ဆေးရေးဂိတ်က သယ်ယူခွင့်မပေးတာလို့ သိရတယ်။ နောက်ပိုင်း အထက်လူကြီးအချင်းချင်း အဆက်အသွယ် စကားပြောပြီးမှ သယ်ခွင့်ပေးလိုက်တာလို့ သိရတယ်။ ကားသမားတွေက AA က ဆန်အိတ်ဆိုလည်း တင်ရတယ်။ စစ်တပ်က ဆန်အိတ်ဆိုလည်း တင်ရတယ်။ မတင်ရင် ပြဿနာအရှာခံရမှာကိုလည်း ကြောက်ရတယ်လေ” ဟု နီးစပ်သူတစ်ဦးက ပြောသည်။
ရခိုင်ပြည်နယ်အတွင်း ယာယီအပစ်ရပ်ပြီးနောက် နိုင်ငံအနှံ့တွင် နေ့စဉ်ရက်ဆက် တိုက်ပွဲများ ရင်ဆိုင်နေရသည့် စစ်ကောင်စီအနေဖြင့် AA နှင့်လည်း စစ်ရေးတင်းမာနေသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)