သတင်း

ဗကသဟောင်း ကိုရဲရင့်ကျော်ကို ထောင် ၃ လချ

ပြည်တွင်းငြိမ်းချမ်းရေးအတွက် မန္တလေးကျုံးဘေးတွင် ဖယောင်းတိုင်ထွန်း ဆုတောင်းဆန္ဒပြခဲ့သော ကိုရဲရင့်ကျော်ကို ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေ ပုဒ်မ ၁၉ ဖြင့် အောင်မြေသာစံမြို့နယ် တရားရုံးက ထောင်ဒဏ် ၃ လ ကျခံစေရန် ယနေ့အမိန့်ချလိုက်သည်။

” နိုင်ငံရေးအမှုဆိုတာ တရားလိုက အမြဲမှန်ပါတယ်။ ဒါပါပဲ။ ဦးဆောင်သူဆိုပြီး ဘာသက်သေမှမပြဘဲ သူတို့ယူဆတဲ့သူကို တရားစွဲတာတော့မဖြစ်သင့်ဘူးပေါ့”ဟု အမိန့်ချအပြီး ကိုရဲရင့်ကျော်ကဆိုသည်။

၂၀၁၈ မေလတွင် ပြုလုပ်ခဲ့သော ယင်းဆန္ဒပြမှုအတွက် အောင်မြေသာစံမြို့နယ် ရဲတပ်ဖွဲ့မှူးက ငြိမ်းစုစီ ပုဒ်မ ၁၉ ဖြင့် ကိုသန်းထိုက်(ဗကသ-ဗဟို ကော်မတီဝင်ဟောင်း)၊ ကိုနှင်းအောင်(ဗကသအဖွဲ့ချုပ်) နှင့် ကိုရဲရင့်ကျော်(ဗကသ – ဗဟိုလုပ်ငန်းကော်မတီဝင်ဟောင်း)တို့ကို တရားစွဲခဲ့ကာ ကိုသန်းထိုက်နှင့် ကိုနှင်းအောင် တို့ကို ၂၀၁၈ ခုနှစ် ဇူလိုင်လ ၅ ရက်နေ့တွင် အောင်မြေ သာစံမြို့နယ်တရားရုံးက ထောင်ဒဏ်သုံးလ အမိန့်ချခဲ့သည်။

ကိုရဲရင့်ကျော်ကိုမူ တစ်နှစ်ခွဲခန့်အကြာ ၂၀၁၉ ခုနှစ် နိုဝင်ဘာ ၁၉ ရက်နေ့တွင် မဟာအောင်မြေရှိ လက်ဖက်ရည်ဆိုင်တစ်ဆိုင်၌ ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ခြင်း ဖြစ်ပြီး ယနေ့တွင် တရားရုံးက ထောင်ဒဏ် ၃ လ ချမှတ်လိုက်ပြီး ချုပ်ရက်ကို ထုတ်နုတ်ခံစားခွင့်ပြုခဲ့သည်။

Show More

Related Articles

Back to top button